အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရာတွင် မသေချာမရေရာမှုများရှိနေပြီး စစ်ပွဲများမရပ်နိုင်သေးသမျှ အပစ်ရပ်စဲရေးစာချုပ်သည် စက္ကူပေါ်ကစာသားများသာဖြစ်နေမည်ဟု UWSA ခေါင်းဆောင်ပြောကြား

အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရာတွင် မသေချာမရေရာမှုများရှိနေပြီး စစ်ပွဲများမရပ်နိုင်သေးသမျှ အပစ်ရပ်စဲရေးစာချုပ်သည် စက္ကူပေါ်ကစာသားများသာဖြစ်နေမည်ဟု UWSA ခေါင်းဆောင်ပြောကြား
Published 1 May 2015
မင်းသီဟဇော်၊ အောင်ဇော်ထွန်း

အပစ်အခတ်ရပ်စဲရေးအကောင်အထည်ဖော်မှုတွင် မသေချာမရေရာမှုများရှိနေပြီး စစ်ပွဲများမရပ်နိုင်သေးသမျှ အပစ်ရပ်စဲရေးစာချုပ်သည် စက္ကူပေါ်ကစာသားများသာဖြစ်နေမည်ဟု UWSA ခေါင်းဆောင် ဦးပေါက်ယိုချမ်းက မေ ၁ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်း(ပန်ခမ်း) မြို့၌ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များ ပန်ခမ်းထိပ်သီးအစည်းအဝေးတွင် ကြိုဆိုနှုတ်ဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ကြိုဆိုနှုတ်ဆက်စကားအား "ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA စစ်သေနာပတိချုပ်၏ကိုယ်စား UWSP/UWSA ဗဟိုရုံးအတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံတွင် နှစ်ကာလရှည်ကြာစွာ လူနည်းစုတိုင်းရင်းသားများ၏ သိက္ခာနှင့်ဂုဏ်သရေသည် ခေတ်အဆက်ဆက်အစိုးရ၏ အလေးထားခြင်းမရှိ၊ နိုင်ငံတော်တရားဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုမရှိခဲ့ကြောင်း၊ ကာလရှည်ကြာစွာ နှိမ်နင်းခြင်း၊ ခွဲခြားဆက်ဆံခြင်းအနေအထားတွင်ရှိနေခဲ့ကြောင်း "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ခေါင်းဆောင်ကဆိုသည်။ယခုအစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းရင်းသားများ၏ ရှေးလူကြီးများသည် အမျိုးသားချင်းတန်းတူရေး၊ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေး၊ အမျိုးသားဂုဏ်သိက္ခာရှိရေး၊ အမျိုးသားဖိနှိပ်ခြင်းကိုဆန့်ကျင်ရေး၊ အမျိုးသားခွဲခြားခြင်းကိုဆန့်ကျင်ရေး၊ အမျိုးသားဝါးမျိုခြင်းကိုဆန့်ကျင်ရေး စသည်များကို ခုခံတိုက်ခိုက်ခဲ့သည်မှာ ဆယ်စုနှစ်အချို့ရှိခဲ့ပြီဖြစ်ကြောင်း "ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ခေါင်းဆောင်က ထည့်သွင်းပြောကြားသည်။ထို့ပြင် တိုင်းရင်းသားလူနည်းစုများ၏ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် ယခုကဲ့သို့ ခုခံတိုက်ခိုက်မှုမှပေါက်ဖွားလာခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသားများသည် စစ်ကိုဆန့်ကျင်ပြီး ငြိမ်းချမ်းရေးကိုလိုလားကြပြီး မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုမရှိခွဲခြားမှုမရှိသော တိုင်းရင်းသားပေါင်းစုံ သင့်မြတ်ပေါင်းသင်းနေထိုင်သော အပြန်အလှန်ရိုသေလေးစားကာ သာယာဝပြောသော နိုင်ငံတော်ကြီးကိုတည်ဆောက်ရန်လည်း လိုလာကြောင်း ပြောကြားသည်။ထိုသို့ တိုင်းရင်းသားများဘက်မှလိုလားသော်လည်း ရာစုနှစ်တစ်ဝက်ကျော်ကာလအတွင်း တိုင်းရင်းသားများ၏ပြဿနာများကို တစ်လျှောက်လုံးကောင်းမွန်စွာ မဖြေရှင်းနိုင်ဘဲ ပြည်တွင်းစစ်မီးသည် အဆက်မပြတ်လောင်ကျွမ်းဆဲဖြစ်ကာ လူနည်းစုတိုင်းရင်းသားဒေသပြည်သူများသည် စစ်ပွဲမှပေးသောနာကျင်မှုနှင့် ဘေးဒုက္ခများကို ခံစားနေရကြောင်း၊ မတ် ၃၁ ရက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် လူနည်းစုတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများသည် တစ်နိုင်ငံလုံးဆိုင်ရာ စစ်ရပ်စဲရေးစာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်သော်လည်း တစ်နိုင်ငံလုံးစစ်ရပ်စဲရေး အကောင်အထည်ဖော်ရာတွင် များပြားလှသော မသေချာမရေရာမှုနှင့် တိုက်ပွဲများရှိနေဆဲဖြစ်ပြီး စစ်ပွဲများမရပ်နိုင်သေးသမျှကာလတွင် တစ်နိုင်ငံလုံးစစ်ရပ်စဲရေးစာချုပ်သည် စက္ကူပေါ်ကစာသားများသာဖြစ်နေမည်ဖြစ်ကြောင်း "ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA စစ်သေနာပတိချုပ်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များ ပန်ခမ်းထိပ်သီးအစည်းအဝေးကြိုဆိုနှုတ်ဆက်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။ပန်ခမ်းထိပ်သီးအစည်းအဝေးအား လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးကို ဆောလျင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရန်၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များနှင့် အတူတကွ စိတ်ပါဝင်စားသည့် တစ်နိုင်ငံလုံး၏ ငြိမ်းချမ်းရေးကိစ္စပြဿနာများကို အတွေးအမြင်ချင်း ညှိနှိုင်းဖလှယ်ကြကာ တူသည်များကိုရှေ့ထား၊ မတူသည်များကိုထိန်းသိမ်းကာ အတူညှိနှိုင်းဆွေးနွေးပြီး အမြင်သဘောာထားတစ်ခုရရှိရန်နှင့် ပြည်ထောင်စုအစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပကာ နောက်ဆုံးတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးစာချုပ်တစ်ခုရေးထိုးနိုင်ရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ယခုထိပ်သီးအစည်းအဝေးတွင် "ဝ"  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ်သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရထံ တင်ပြထားမှုအပေါ် တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆောင်များ၏ စာနာမှု၊ နားလည်မှုနှင့် ထောက်ခံမှုများရရှိရန်လည်းမျှော်လင့်ကြောင်း UWSA ခေါင်းဆောင်က ထည့်သွင်းပြောကြားသည်။ယခုထိပ်သီးဆွေးနွေးပွဲသို့ အိမ်ရှင် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) အပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/ KIA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)၊ ရက္ခိုင့်တပ်ဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA) တို့မှကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent