ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန် အကြိုညီလာခံတစ်ရပ်ကျင်းပရေးအတွက် KUPC အစည်းအဝေး ပဲခူးမြို့၌ပြုလုပ်လျက်ရှိ

ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန် အကြိုညီလာခံတစ်ရပ်ကျင်းပရေးအတွက် KUPC အစည်းအဝေး ပဲခူးမြို့၌ပြုလုပ်လျက်ရှိ
Published 1 May 2015

ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန် အကြိုညီလာခံတစ်ရပ်ကျင်းပရေးအတွက် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို ပဲခူးမြို့၌ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။အဆိုပါအစည်းအဝေးကို မေ ၁ ရက်မှ ၂ ရက်ထိ နှစ်ရက်ကြာ ပဲခူးမြို့ ၁၀ မိုင်ရှိ Shwe Pyi Resort ၌ပြုလုပ်နေခြင်းဖြစ်ပြီး ကရင်အမျိုးသားညီလာခံကျင်းပရေးကိုသာ အဓိကထားဆွေးနွေးလျက်ရှိကြောင်း ကော်မတီအဖွဲ့ဝင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးကပြောကြားသည်။"ကရင်အမျိုးသားညီလာခံကျင်းပဖို့ ဆွေးနွေးတယ်။ ညီလာခံကြီးတော့ မဖြစ်နိုင်သေးဘူး။ အကြိုညီလာခံလောက်တော့ ဆွေးနွေးတယ်။ ကရင်အနေနဲ့လုပ်လို့ရှိရင်တော့ ပိုပြီးတော့ကျယ်ကျယ်ပြန့်ပြန့်ပေါ့။ တစ်ယောက်စ၊ နှစ်ယောက်စမဟုတ်ဘဲ ပါတီဆိုရင်လည်း အားလုံးပါမယ်။ လက်နက်ကိုင်အဖွဲ့အစည်းဆိုလည်း အားလုံးပါမယ်။ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဆိုလည်း နိုင်သလောက် များသလောက် ပါရင်ပါမှာပေါ့။ အဲဒီလို ကရင်အဖွဲ့အစည်းတွေအားလုံးပါတဲ့ ညီလာခံကိုပဲ တို့ကလုပ်ချင်တယ်။ အဲဒါကြောင့် တတ်နိုင်သလောက်ခေါ်မယ်။ အကြိုညီလာခံကျင်းပရေးကိစ္စက အခုအစည်းအဝေးလုပ်မယ့်အပေါ် မူတည်တယ်" ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီကို ကရင်တိုင်းရင်းသားများအကြား စုစည်းညီညွတ်စွာရှိစေရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ ကရင်လွှတ်တော် ကိုယ်စားလှယ်အချို့အပါအဝင် ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်းများ၊  ကရင်လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် စုစုပေါင်း ၃၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းတွင် အဖွဲ့ဝင်များတိုးလာရာ လက်ရှိအချိန်တွင် အဖွဲ့ဝင် ၅၀ ကျော်ရှိကြောင်း သိရသည်။ကော်မတီအနေဖြင့် လူထုတွေ့ဆုံပွဲများကို ကရင်တိုင်းရင်းသားများ အများစုနေထိုင်ရာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင်ပြုလုပ်ခဲ့ပြီး အထက်မြန်မာပြည် ကရင်လူထုနှင့်တွေ့ဆုံပွဲကို ပြင်ဦးလွင်မြို့တွင် ပြုလုပ်ထားသည်။

Most Read

Most Recent