၂၀၁၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီတည်ထောင်လိုသူများ နောက်ဆုံးသတ်မှတ်ရက်ကျော်လွန်ပြီဖြစ်၍ ပါတီတည်ထောင်ခွင့်ရရှိတော့မည်မဟုတ်

၂၀၁၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီတည်ထောင်လိုသူများ နောက်ဆုံးသတ်မှတ်ရက်ကျော်လွန်ပြီဖြစ်၍ ပါတီတည်ထောင်ခွင့်ရရှိတော့မည်မဟုတ်
Published 1 May 2015
ကျော်ဇင်ဝင်း

၂၀၁၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီတည်ထောင်လိုသူများသည် ပါတီတည်ထောင်ခွင့် နောက်ဆုံးသတ်မှတ်ရက်ကျော်လွန်ပြီဖြစ်သဖြင့် ပါတီတည်ထောင်ခွင့်ရရှိတော့မည်မဟုတ်ကြောင်း သတင်းရရှိသည်။နိုင်ငံရေးပါတီတည်ထောင်လိုသူများသည် ပါတီတည်ထောင်ခွင့်ကို ဧပြီ ၃၀ ရက် နောက်ဆုံးလျှောက်ထားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။လက်ရှိတွင် တရားဝင်မှတ်ပုံတင်ရရှိထားသည့် နိုင်ငံရေးပါတီများမှာ ယခင် ၇၁ ပါတီနှင့် ယခုရက်ပိုင်းအတွင်း မှတ်ပုံတင်ရရှိသည့်နှစ်ပါတီ စုစုပေါင်း ၇၃ ပါတီရှိပြီး တည်ထောင်ခွင့်လျှောက်ထားသဖြင့် စိစစ်နေဆဲနိုင်ငံရေးပါတီ ၁၄ ပါတီရှိကြောင်းနှင့် ထပ်မံလျှောက်ထားလာမှု ရှိ မရှိကို မပြောနိုင်သေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ဧပြီ ၃၀ ရက် မွန်းလွဲပိုင်းက The Daily Eleven သတင်းစာ၏ဆက်သွယ်မေးမြန်းမှုအား ဖြေကြားသည်။"ပြောလို့မရသေးဘူး။ ဒီနေ့ညနေထိစောင့်ပေးရမှာ ကျွန်တော်တို့တာဝန်ရှိပါတယ်" ဟု ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောကြားသည်။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများကို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပတော့မည်ဖြစ်ရာ အချိန်ကာလ ခုနစ်လကျော်သာ (လက်ရှိတွင် ခြောက်လခန့်) ကျန်ရှိတော့ကြောင်း၊ နိုင်ငံရေးပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများအား ရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ရန်နှင့် ပါတီများအနေဖြင့်  ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း/မဲဆွယ်စည်းရုံးခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အချိန်ရရှိစေရန်အလို့ငှာ နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားလိုသူများသည် ၂၀၁၅ ခုနှစ် ဧပြီ ၃၀ ရက်နောက်ဆုံးထား၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားကြရန် မတ် ၁၁ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။နိုင်ငံရေးပါတီတစ်ခုအနေဖြင့် တရားဝင်မှတ်ပုံတင်ရရှိပြီးနောက် ကျင်းပသည့်ရွေးကောက်ပွဲတွင် အနည်းဆုံးမဲဆန္ဒနယ်သုံးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။၁၉၉၀ အထွေထွေရွေးကောက်ပွဲ၌ ၉၃ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆိုပါ ၉၃ ပါတီအနက် အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအထိ ရွေးကောက်တင်မြှောက်ခံရသော ပါတီအပါအဝင် ၂၇ ပါတီ ရွေးကောက်ခံခဲ့ရသည်။၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ပြန်လည်ရယူထားသည့် နိုင်ငံရေးပါတီ ၃၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တို့အတွက် လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံးတစ်ဦးအထိ ရွေးကောက်ခံရသော ပါတီအပါအဝင် စုစုပေါင်း ၂၂ ပါတီ ရွေးကောက်တင်မြှောက်ခံရသည်။

Most Read

Most Recent