ဇမ္ဗူတလူ စွန်လွှတ်သူများ

ဇမ္ဗူတလူ စွန်လွှတ်သူများ
Published 1 May 2015
တက္ကသိုလ်မိုးဝါ

မြန်မာနိုင်ငံ ရိုးရာအားကစားတစ်ခုဖြစ်သော စွန်အလှနှင့် စွန်လွှတ်ပြိုင်ပွဲကို နိုင်ငံတကာအထိ ထိုးဖောက်စေရန် ရည်ရွယ်၍ ကျင်းပခဲ့သည်ဆိုသော သတင်းတစ်ပုဒ် ဖတ်ရသည်။  ရိုးရာတစ်ရပ်အား အစဉ်အလာမပျက် ထိန်းသိမ်းခြင်းမှာ ကြိုဆိုအားပေးရမည့် ကိစ္စတစ်ခုဖြစ်ပေသည်။
 
စွန်လွှတ်ခြင်းဆို၍ စာရေးသူ၏ ဦးနှောက်ထဲ၌ အတွေးမျိုးစုံဝင်လာသည်။  ငယ်ရွယ်စဉ်က လေးထပ်တိုက်ခေါင်မိုးပေါ်တက်ကာ ကိုယ်တိုင်မဟုတ်သော်လည်း အချစ်ဆုံးသူငယ်ချင်း စွန်လွှတ်သည်ကို ဘေးမှရပ်၍ ကြည့်ရှုအားပေးခဲ့သည်ကို အမှတ်ရနေမိသည်။  
သူငယ်ချင်းက ချမ်းသာကြွယ်ဝသော မိသားစုမှ ဆင်းသက်လာသူဖြစ်ရာ သူ၏ ကိုယ်ပိုင်တိုက်ခေါင်မိုးပေါ်တွင်ဖြစ်သဖြင့် အနှောင့်အယှက်မရှိဘဲ အေးအေးလူလူ စိတ်တိုင်းကျ စွန်လွှတ်တမ်း၊ အများနှင့် စွန်ဖြတ်တမ်း ကစားနိုင်ခဲ့ကြသည်။
 
ထိုစဉ်က စွန်များတွင် စတုရန်းအရွယ်ခန့် စက္ကူပါးတစ်ရွက်၊ ဝါးတုတ်ချောင်းလေး နှစ်ချောင်းကို တွဲမိစေရန် အလယ်ကျောရိုးက တစ်ချောင်း၊ တောင်ပံနှစ်ဖက်အတွက် တစ်ချောင်းကို အလိုက်သင့်ကွေးလျက် ကော်ဖြင့် လိုအပ်သလိုတွဲလိုက်လျှင် လေထဲပျံဝဲနိုင်သည့် စွန်တစ်ကောင် ဖြစ်သွားသည်။  အပ်ချည်ကြိုးရစ်ထားသော ရစ်လုံးတစ်လုံးဖြင့် စွန်ကိုချည်နှောင်ကာ ကြိုက်သလောက်အဝေးသို့ လွှတ်တင်နိုင်သည်။  စွန်၏သမိုင်းကိုကြည့်လျှင် ငါးရာစုနှစ်ခန့်ကတည်းက တရုတ်တို့က စတင်တီထွင်ခဲ့သည်ဆိုသည်။  ပြီးနောက် အခြားနိုင်ငံအများအပြားသို့ အလှအပစွန်၊ စွန်အကြီးအသေးစသည့် စွန်ယဉ်ကျေးမှု ပျံ့နှံ့သွားခဲ့သည်။
 
ယနေ့ လောကဇာတ်ခုံပေါ်တွင် လူတိုင်း သူ့နေရာနှင့် သူ ပြဇာတ်အမျိုးမျိုး ခင်းကျင်းကပြနေကြသည်။  လူတန်းစားအလွှာအသီးသီး၊ လူမှုကဏ္ဍအစုံစုံတို့၌ ကိုယ်နိုင်နင်းသော ကိုယ်တိုင်ရေးဇာတ်လမ်းများဖြင့် အသုံးတော်ခံနေကြသည်။ ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ဝီလျံရှိတ်စပီးယားသည်ပင် All the World's ကမ္ဘာကြီးတစ်ခုလုံးသည် ဇာတ်ခုံတစ်ခုဖြစ်သည်ဟူ၍ ကဗျာရှည်တစ်ပုဒ် ရေးခဲ့သည် မဟုတ်ပါလား။
 
သဘောတရားအရဆိုလျှင် လောကဇာတ်ခုံကို ကဏ္ဍအလိုက် ခွဲနိုင်သေးသည်။  လူမှုဘဝဇာတ်ခုံ၊ ပညာရေးကျန်းမာရေး၊ စီးပွားရေးဇာတ်ခုံ၊ နိုင်ငံရေးဇာတ်ခုံဟူ၍…..။  ဇာတ်ခုံအမျိုးအစား များပြားလှသည်ဆိုသော်လည်း လက်တွေ့၌ တစ်ခုနှင့် တစ်ခု တိတိပြတ်ပြတ် ခွဲခြားပိုင်းဖြတ်ကာ ပါဝင်သူများအား က ခိုင်း၍ မရပါ။  ဇာတ်အခင်းအကျင်း၊ ဇာတ်သွားဇာတ်လာတစ်ခုနှင့် တစ်ခု ကူးလူးယှက် နွှယ်နေသည်ဟု ဆိုရပါမည်။ သို့ရာတွင် တစ်ခုတော့ တူနေသည်။  ဇာတ်ခုံ၏ မည်သည့်ကဏ္ဍမှ ပါဝင်နေသည်ဖြစ်စေ၊ အခြား ဇာတ်ကသည်၊ မကသည်တော့မသိ၊ စွန်လွှတ်သူအချို့ ရှိနေသည်ကတော့ သေချာသည်။  နိုင်ငံရေးဇာတ်ခုံပေါ်၌ ပို၍ထင်ရှားသည်။  
 
သူငယ်ချင်းနှင့် စာရေးသူတို့နှစ်ယောက် တိုက်ခေါင်မိုးပေါ်တွင် စွန်လွှတ်ခဲ့ကြစဉ်က အောက်သို့ကျွံမကျစေရန် ခြေထောက်ကို တစ်နေရာတည်း၌ မြဲမြံစွာ ရပ်ခဲ့ကြရခြင်းကို အမှတ်ရနေသည်။  စွန်ကို လိုရာသို့ ရောက်စေရန် ထိန်းချုပ်လိုဇောဖြင့် မိမိတို့ အောက်သို့ ပြုတ်ကျမည့်အန္တရာယ်ကိုတော့ သတိရှိရှိနေခဲ့ကြသောကြောင့် ယခုထိ သက်ဆိုးရှည်နေကြခြင်းဖြစ်၏။
 
ပြီးတော့ စွန်လွှတ်သူသည် ရစ်လုံးနှင့် အပ်ချည်ကြိုးကို ကြိုးကိုင်ရသူဖြစ်သဖြင့် သူသည် စွန်အားလိုသလို ထိန်းချုပ်သည့် အခွင့်အရေးရသူ ဖြစ်သည်။  ဝေးဝေးသို့ ကြိုးရှည်ရှည်နှင့် လွှတ်ထားမလား၊ ကောင်းကင် အမြင့်ကြီးသို့ လွှတ်တင်လိုက်မလား၊ အချိန်ယူပြန်ရစ်ပြီး ကြိုးကို တင်းအောင်ဆွဲမလား၊ လေဟုန်င့်အတူ ကြိုးကိုလျှော့ပြီး အချိန်ကြန့်ကြာအောင် အေးအေးလူလူ ကစားနေဦးမလား၊ စွန်သည် စွန်လွှတ်သူ၏ လက်ထဲတွင်ရှိသည်။  တကယ်တော့ လက်ထဲတွင်ရှိသည်ဟုဆိုခြင်းကား ယေဘုယျအားဖြင့်သာ ဆိုခြင်းဖြစ်သည်။  
ပကတိအမှန်တရားမဟုတ်၍ တစ်ထစ်ချ ယူဆ၍မရ။  စွန်ကိုမိမိလိုရာ၊ မိမိ၏ စိတ်တိုင်းကျ ထိန်းကိုင်နေသည့် အခိုက်အတန့် ဇောစိတ်ဖြင့် ရှေ့တိုးနောက်ငင် လုပ်စဉ် မိမိ၏ ခြေထောက်သည် မြေကြီးရှိ ကြွက်တွင်းထဲသို့ ကျွံဝင်လျှင်လည်း ကျွံသွားနိုင်သည်။ သို့ မဟုတ် သစ်ငုတ်တိုကလေးအား ခလုတ်တိုက်ပြီး မှောက်ခုံလည်း လဲကျသွားနိုင်သေးသည်။  အပေါ်သို့ မော့ရင်းမြေကြီးပေါ်ရှိ ငိုက်မြည်းနေသော ခွေးတိရစ္ဆာန် တစ်ကောင်ကို ကန်မိ၍ အကိုက်ခံရမည်ဆိုလျှင်လည်း အကိုက်ခံရနိုင်သည်။ မိတ်ဆွေတစ်ယောက်၏ ပြောပြချက်အရ ရွာတွင် စွန်လွှတ်ရသည်မှာ အန္တရာယ်များလှသည်ဟု ဆိုပါသည်။  
 
လေအဟုန်ခိုစီး၍ စွန်ကိုအမြင့်သို့ တက်စေချင်ကာမှ ချုံများ၊ သစ်ပင်ဆူးကိုင်းများနှင့် ငြိမည်ကို စိုးရိမ်ကြောင့်ကြခြင်းဖြစ်ရပြန်သည် ဆိုသည်။  သာမန်အားဖြင့် စဉ်းစားပါ က မိမိသာလျှင် အရှင်သခင်၊ စေတစ်လုံးပိုင်ရှင်၊ တစ်လောကလုံးအား ကြိုးဖြင့် ထိန်းကိုင်နိုင်သော မိမိအတွက် စွန်လွှတ်ရသည်မှာ ပျော်စရာအတိပြီးသော ကစားနည်းတစ်မျိုးဟု တွေးထင်ကောင်း တွေးထင်မည်ဆိုသော်လည်း တကယ်တမ်းတော့ စိုးရိမ်ကြောင့်ကြမှု၊ သောကပွေမှု၊ စိတ်အေးချမ်းသာမရှိမှု စသည်တို့နှင့် ပြည့်လျှံနေသည်။
 
စွန်လွှတ်အတတ်ပညာ၊ တစ်နည်း စွန်လွှတ်သည့်အနုပညာ ကျွမ်းကျွမ်းကျင်ကျင်ရှိပါက ကိစ္စမရှိ။  မကျွမ်းကျင်ပါက မိမိကဲ့သို့ပင် စွန်တစ်ကောင်ကို ရစ်လုံးကြိုးဖြင့် ထိန်းကိုင်သော အခြားသူတစ်ယောက်က သူ၏စွန်ဖြင့် လာ၍ဖြတ်လျှင် မိမိထိန်းကိုင်ထားသော စွန် ပြတ်ကျသွားနိုင်သေးသည်။ ကိုယ့်ထက် ကျွမ်းကျင်သူ၊ အရာရောက်သူ၏ လက်ချက်ဖြင့် မိမိ မထင်မှတ်ဘဲ ဆုံးရှုံးသွားနိုင်သေးသည်။  ပြီးတော့ အချိန်ကြာမြင့်စွာ အချိန်ယူ လွှတ်တင်ရင်း နေ့သည် ရပ်တန့်မနေ၊ ညနေဆည်းဆာလည်း ရပ်တန့်စောင့်ဆိုင်းမနေဘဲ အမှု မဲ့အမှတ်မဲ့ ကုန်လွန်သွားသောအခါ ညအမှောင်ထု စိုးမိုးကျရောက်လာလေတော့သည်။  ထိုအခါ ညအမှောင်၏ သားကောင်ဖြစ်မှန်းမသိ ဖြစ်သွားခဲ့သည်။  ညအမှောင်၏ သားကောင်ဆိုသည်မှာ စမ်းတဝါးဝါးနှင့် ဘာလုပ်ရ ဘာကိုင်ရမှန်း မသိတော့သည့်အဖြစ်ကို ပြောခြင်းဖြစ်ကြောင်း မိတ်ဆွေက စိတ်ဝင်တစား ပြောပြခဲ့ဖူးသည်။ နိုင်ငံရေးဇာတ်ခုံပေါ်မှ စွန်လွှတ်သူလူတစ်စုကရော ပြည်သူ့အကျိုးစီးပွားအတွက် စွန့်လွှတ်သူများ ဖြစ်နိုင်ကြပါမည်လော။  စွန်ဟူသော စာလုံးကို အောက်မြစ်ထည့်ကာ “စွန့်” ဟုပြောင်းလိုက်သည့်  “စွန့်လွှတ်သူ” ၊ သို့မဟုတ် အနစ်နာခံသူ၊ ပေးဆပ်သူတစ်ယောက်ဖြစ်ရန် လွယ်ကူပါမည်လော။
 
စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ သူတစ်ပါးအကျိုးစီးပွားအတွက် လုပ်ဆောင်ခြင်းတို့ မှာ လူသားတစ်ယောက်၏ မွေးရာပါ ရင်တွင်းနှလုံးသား၌ တွဲဖက်ပါလာပြီးသားဖြစ်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု ဆိုချင်သည်။  ယင်းအင်္ဂါအစိတ်အပိုင်းကို ဆုပ်ကိုင်ပြပါဟုဆိုပါက ပြနိုင်မည် မဟုတ်သော်လည်း ထိုအင်္ဂါအစိတ်အပိုင်းကတော့ တည်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။  သို့သော်၊ စွန်တစ်ကောင်အား ဆိုင်းကြိုးဖြင့် ချည်တုပ်၍ ရစ်လုံးကို လက်ထဲအပိုင်ဆုပ်ကိုင်ကာ အဝေးအမြင့်သို့ ကြိုးကိုလျှော့ပြီး လွှတ်တင်လိုက် လွှတ်တင်၊ ကြိုးကိုတင်းပြီး ဆွဲချလိုက ဆွဲချ စသဖြင့် လိုသလိုထိန်းချုပ်ခွင့်ရသူ တစ်ယောက်ဖြစ်လာပြီဆိုမှတော့ စွန့်လွှတ်ခြင်းဟူသော ကိုယ်အင်္ဂ ါအစိတ်အပိုင်းသည် ခန္ဓာထဲတွင် တည်ရှိမည် မထင်တော့။ အငွေ့ ပြန်သွားပြီ။
 
လောကဇာတ်ခုံပေါ်မှာ စွန်လွှတ်သူများအကြောင်းကို စာရေးသူတို့ စိတ်ဝင်စားနေမိသည်မှာ နှစ်ပရိစ္ဆေဒကြာပြီ ဖြစ်သည်။ စွန်ကြိုးကို ထိန်းကိုင်၍ စိတ်ကူးပေါက်သလိုလျှော့ပြီး အချိန်ယူအချိန်ဆွဲကစားလိုက်၊ မလိုပြန်လျှင် အမြန်တင်းရစ်လိုက်နှင့် အချိန်များစွာ အလဟဿဆုံးရှုံးခဲ့ကြပြီ။  ရွာမှာ စွန်လွှတ်ကျွမ်းကျင်သူ မိတ်ဆွေ၏ ပြောပြချက်အရ အချိန်များစွာ လင့်သွားပြီးသည့်နောက်ပိုင်း ခြေလှမ်းစိပ်စိပ်ဖြင့် ချဉ်းနင်းဝင်ရောက်လာသည့် အမှောင်ထုကိုအန်တုရန် အလွန်တရာ ခက်ခဲမည်ဖြစ်ကြောင်း ပြောသွားသည်။

Most Read

Most Recent