၂၀၁၅ ရွေးကောက်ပွဲ၌ ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်သူများသည် ရောက်ရှိနေသည့် ဒေသတွင် မဲပေးလိုပါက ရောက်ရှိဒေသ၌ နေထိုင်ရက် ၁၈၀ ရှိကြောင်း အထောက်အထားပြရန် ဧည့်စာရင်းတိုင် နေထိုင်ရန် လိုအပ်

၂၀၁၅ ရွေးကောက်ပွဲ၌ ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်သူများသည် ရောက်ရှိနေသည့် ဒေသတွင် မဲပေးလိုပါက ရောက်ရှိဒေသ၌ နေထိုင်ရက် ၁၈၀ ရှိကြောင်း အထောက်အထားပြရန် ဧည့်စာရင်းတိုင် နေထိုင်ရန် လိုအပ်
Published 30 April 2015
ကျော်ဇင်ဝင်း

ရွှေ့ပြောင်းနေထိုင်သူများသည် ရွေးကောက်ပွဲကျင်းပသည့်ရက်၌ မိမိရောက်ရှိနေသည့် ဒေသရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးလိုပါက ရောက်ရှိဒေသ၌ နေထိုင်ရက် ၁၈၀ ပြည့်ရန် ဧည့်စာရင်းတိုင်ကာ နေရာအတည်တကျ အခြေချနေထိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။အဆိုပါ ရွေးကောက်ပွဲကျင်းပမည့်ရက်အား ခန့်မှန်းကြေညာထားချက်အရ မေ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်ထိ ရက်ပေါင်း ၁၈၄ ရက်ရှိသဖြင့် အိမ်ထောင်စုစာရင်း တစ်နည်းအားဖြင့် မဲစာရင်း အမည်ပေါက်ရှိသည့် မဲဆန္ဒနယ်ပြင်ပသို့ အနည်းဆုံးရက်ပေါင်း ၁၈၀ ရောက်ရှိနေထိုင်သူများသည် မိမိအမြဲတမ်းနေရပ်သို့ မဲသွားမပေးလိုဘဲ ရောက်ရှိဒေသတွင် မဲပေးခွင့်ရရေး လျှောက်ထားရန်အတွက် အနည်းဆုံးရက်ပေါင်း ၁၈၀ နေထိုင်ထားကြောင်းကို အထောက်အထားပြနိုင်ရန် ဧည့်စာရင်း တိုင်ကြားထားရန် လိုအပ်မည် ဖြစ်သည်။“ရောက်နေတဲ့နေရာမှာ ဧည့်စာရင်းတိုင်ထားဖို့ လိုပါမယ်။ အဲဒီကျမှ ရပ်ကွက်အုပ်ချုပ်ရေးရုံးက နေထိုင်ကြောင်း မှန်ကန်ကြောင်းကို ပေးမှာပေါ့။ ဧည့်စာရင်း မတိုင်ထားရင်တော့ ကျွန်တော်တို့ မတတ်နိုင်ဘူး။ ပြီးရင် သူတင်တဲ့အချိန်မှာ သူ့ရဲ့အလုပ်ရှင်ရယ် နောက်တစ်ခါ ရပ်/ကျေးထောက်ကူပြု အဖွဲ့နဲ့ တူတယ်။ အဲဒီလို အဖွဲ့တစ်ဖွဲ့ထောက်ခံမှ ကျွန်တော်တို့က မဲစာရင်းမှာ ထည့်မှာ” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောကြားသည်။ဥပမာအားဖြင့် ဧရာဝတီတိုင်းဒေသကြီး မြို့နယ်တစ်ခုတွင် အိမ်ထောင်စုစာရင်း အမည်ပေါက်ဖြင့် နေထိုင်သူသည် ကချင်ပြည်နယ် မြို့နယ်တစ်ခုတွင် အလုပ်ကိစ္စဖြစ်စေ၊ အခြားကိစ္စတစ်ခုခုဖြင့်ဖြစ်စေ ရက်ရှည်သွားရောက်နေထိုင်ပြီး အဆိုပါ ကချင်ပြည်နယ်၌သာ မဲပေးလိုပါက ရက်ပေါင်း ၁၈၀ အခြေချ နေထိုင်ထားကြောင်း အထောက်အထား ပြသနိုင်ရန် လိုအပ်မည်ဖြစ်ပြီး အထောက်အထား မပြသနိုင်ပါက မိမိမူရင်းဒေသသို့ သွားရောက်မဲပေးရမည်ဖြစ်ကာ ထိုသို့သွားရောက်ခြင်း မပြုနိုင်ပါက မိမိ၏မဲပေးခွင့် ဆုံးရှုံးမည်ဖြစ်သည်။ထို့အတူ မိမိမူရင်းဒေသတွင်ဖြစ်စေ၊ ရောက်ရှိဒေသတွင်ဖြစ်စေ မဲပေးရန်အတွက် အဓိကကျသည့် မဲစာရင်းတွင် မိမိအမည်စာရင်း ပါဝင်ရေးမှာ အရေးကြီးသဖြင့် လက်ရှိတွင် မိမိ၏ အိမ်ထောင်စုစာရင်း အမည်ပေါက်ထားသည့် မြို့နယ်တွင် အခြေခံမဲစာရင်း ကြေညာပါက မဖြစ်မနေ သွားရောက်ကြည့်ရှုပြီး မိမိအမည်စာရင်းပါခြင်း၊ ကိုယ်ရေးအချက်အလက်များ မှားယွင်းနေခြင်း စသည်တို့ကို တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်တောင်းဆိုမှုများ ဦးစွာလုပ်ဆောင်ထားရမည်ဖြစ်သည်။ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများတွင် ပြဋ္ဌာန်းချက်အရ ရက်ပေါင်း ၁၈၀ မဲဆန္ဒနယ်ပြင်ပ ရောက်နေသူများသည် ရောက်ရှိဒေသတွင် မဲပေးလိုပါက ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာနယ်မြေရှိ လုပ်ငန်းတာဝန်ခံ၏ ထောက်ခံချက်ကို လည်းကောင်း၊ အလုပ်သမား ဖြစ်ပါက သက်ဆိုင်ရာ လုပ်ငန်းရှင် သို့မဟုတ် လုပ်ငန်းရှင် ကိုယ်စားလှယ်၏ ထောက်ခံချက်ကို လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဖြစ်ပါက ကိုယ်တိုင်ဝန်ခံချက်ကို လည်းကောင်း ဖော်ပြ၍ သက်ဆိုင်ရာ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး” ၏ ထပ်ဆင့်ထောက်ခံချက်ဖြင့် မဲစာရင်း၌ မိမိတို့၏ အမည်ကို ထည့်သွင်းပေးပါရန် ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ ရက်ပေါင်း ၃၀ ထက် နောက်မကျစေဘဲ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(၃-က) ဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။   

Most Read

Most Recent