နိုင်ငံဦးဆောင်မှုတွင် ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်စေချင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား

နိုင်ငံဦးဆောင်မှုတွင် ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်စေချင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 29 April 2015

နိုင်ငံဦးဆောင်မှုတွင် ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်စေချင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားသတင်းဌာန Yonhap က ဖော်ပြခဲ့သည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတလောင်း ရွေးချယ်ရာတွင် ပါဝင်ခွင့်ရရန် စဉ်းစားသင့်ကြောင်း၊ ထိုသို့စဉ်းစားရာတွင် အမျိုးသားအကျိုးစီးပွားရှုထောင့်မှ စဉ်းစားသင့်ကြောင်း Yonhap သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။“ကျွန်တော်တို့အနေနဲ့ ဒီပြဿနာကို တစ်ဦးတစ်ယောက်ရဲ့ အမြင်ကနေ မကြည့်သင့်ပါဘူး။ နိုင်ငံတစ်ခုလုံးရဲ့ အမျိုးသား အကျိုးစီးပွား ရှုထောင့်ကနေ ကြည့်သင့်ပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ တစ်နိုင်ငံလုံးရဲ့ ကံကြမ္မာကို ဆုံးဖြတ်တဲ့ လုပ်ငန်းစဉ်အပေါ်မှာ တစ်ဦးတစ်ယောက် ဒါမှမဟုတ် တခြားတစ်ယောက်ယောက်အပေါ် အာရုံထားပြီး မဆုံးဖြတ်သင့်ပါဘူး” ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် တောင်ကိုရီးယားနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Chaung Eui-hwa အပါအဝင် တာဝန်ရှိသူများနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးရန် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲတွင် ပါဝင်သူတစ်ဦးဖြစ်ကာ မြန်မာနိုင်ငံတွင် ၂၀၁၅ ရွေးကောက်ပွဲကို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။“ကျွန်တော့်အမြင် ပြောရရင်တော့ လူတိုင်းက နိုင်ငံရေးဦးဆောင်မှုမှာ ပါဝင်သင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပညာတတ် လူတော်တစ်ယောက် ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာလည်း နိုင်ငံရေးပုံရိပ်ကောင်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ သူ့ကို နိုင်ငံဦးဆောင်မှုမှာလည်း ပါဝင်စေချင်ပါတယ်” ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။“လာမယ့်ရွေးကောက်ပွဲဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်အတွက် အလွန်အရေးကြီးပါတယ်။ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲလွန် ကာလတွေဟာ တည်တည်ငြိမ်ငြိမ်နဲ့ တရားမျှတဖို့အတွက် အရေးကြီးပါတယ်” ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။နောင်တက်လာမည့် သမ္မတသည် မည်သူပင်ဖြစ်စေကာမူ တိုင်းပြည်ပိုမိုကောင်းမွန်စေရန်အတွက် စိတ်ရင်းစေတနာမှန်ဖြင့် လူတိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးခင်အောင်မြင့်က ပြောကြားသည်။

Most Read

Most Recent