မြင်းခြံဒီဂရီကောလိပ်မှ နိုင်ငံတော်အလံဖြုတ်ချမှုနှင့်ပတ်သက်၍ ကိုဇင်ကိုသန့်အား ဖမ်းဆီးခြင်းမှာ မှားယွင်းဖမ်းဆီးခြင်းဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင်များရှင်းလင်း

မြင်းခြံဒီဂရီကောလိပ်မှ နိုင်ငံတော်အလံဖြုတ်ချမှုနှင့်ပတ်သက်၍ ကိုဇင်ကိုသန့်အား ဖမ်းဆီးခြင်းမှာ မှားယွင်းဖမ်းဆီးခြင်းဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင်များရှင်းလင်း
Published 28 April 2015
ဌေးလှအောင်

ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုဇင်ကိုသန့်အား မြင်းခြံဒီဂရီကောလိပ်အတွင်းရှိ နိုင်ငံတော်အလံဖြုတ်ချခဲ့မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဧပြီ ၂၇ ရက်က ဖမ်းဆီးသွားခဲ့ရာ အလံကိစ္စတွင် ၎င်းမှာ လုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိဘဲ မှားယွင်းကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့မှ ကျောင်းသားခေါင်းဆောင်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ရှင်းလင်းပြောကြားခဲ့သည်။ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုဇင်ကိုသန့်အား မြင်းခြံအလံကိစ္စဖြင့် ဖမ်းဆီးခံရမှုအပေါ် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့မှ ဧပြီ ၂၈ ရက် ညနေ ၃ နာရီအချိန်ခန့်က မန္တလေးမြို့ရှိ တောင်ခွင်မင်းကြီးကျောင်းတိုက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။"ကိုဇင်ကိုသန့်ကို မနေ့က (ဧပြီ ၂၇ ရက်) ပုသိမ်ကြီးမြို့နယ် အုန်းချောရဲစခန်းက ခဏလိုက်ခဲ့ပါဆိုပြီးတော့ နေ့လယ် ၁ နာရီ လောက်မှာခေါ်သွားတယ်။ နောက်တော့ သူ့ကို မြင်းခြံမှာ နိုင်ငံတော်အလံဖြုတ်ချတယ်ဆိုပြီး ဖမ်းဝရမ်းနဲ့ မြင်းခြံကိုခေါ်သွားတယ်။ ဒီနေ့ မြင်းခြံမြို့မရဲစခန်းကနေပြီး မြင်းခြံအကျဉ်းထောင်ကိုပို့မယ်လို့သိရတယ်။ ကျွန်တော်တို့ပြောချင်တာက ကိုဇင်ကိုသန့်ဟာ ကျောင်းသားသပိတ်စစ်ကြောင်း မန္တလေးမြို့ကနေ စတင်ထွက်ခွာကတည်းက လုံးဝပါဝင်ခဲ့တဲ့သူမဟုတ်ပါဘူး။ စစ်ကြောင်းတစ်လျှောက်လုံး လုံးဝမပါခဲ့ပါဘူး။ ဒါကို မြင်းခြံမှာ အလံချတယ်ဆိုပြီးတော့ မနေ့ကအဖမ်းခံလိုက်ရတယ်။ မှားယွင်းဖမ်းဆီးခံခဲ့ရတာပါ။ ဒါဟာ အစိုးရက ကျွန်တော်တို့ကျောင်းသားတွေနဲ့ ဗကသအဖွဲ့ချုပ်ကို အပြတ်ချေမှုန်းနေတယ်လို့ပဲမြင်တယ်။ ဒါကိုလည်း လုံးဝကန့်ကွက်ရှုတ်ချပါတယ်" ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနိုင်ရဲဝေက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ဧပြီ ၂၇ ရက်က ဖမ်းဆီးခံခဲ့ရသည့် ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုဇင်ကိုသန့်အား ပုသိမ်ကြီးမြို့နယ် အုန်းချောရဲစခန်းမှ ခဏမေးမြန်းရန်ဟု ခေါ်ဆောင်သွားပြီးနောက် မြင်းခြံမြို့သို့ ဖမ်းဝရမ်းဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဧပြီ ၂၈ ရက် ညနေ ၃ နာရီကျော်ခန့်မှသာ မြင်းခြံမြို့မရဲစခန်းသို့ရောက်ရှိကြောင်း အဆက်အသွယ်ရရှိခဲ့သည်ဟု ကျောင်းသားများက ပြောဆိုခဲ့သည်။ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုဇင်ကိုသန့်မှာ မြန်မာစာအဓိကဖြင့် စတုတ္ထနှစ်တက်ရောက်ပညာသင်ကြားနေသူဖြစ်ပြီး ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကာ အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက်လမ်းလျှောက်ချီတက်ရာတွင် လိုက်ပါခဲ့ခြင်းမရှိကြောင်း ကျောင်းသားများက အတည်ပြုပြောကြားခဲ့သည်။လက်ရှိအချိန်တွင် မြင်းခြံဒီဂရီကောလိပ်အတွင်းရှိ နိုင်ငံတော်အလံဖြုတ်ချခဲ့မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဖမ်းဝရမ်းထုတ်ပြန်ထားသူ လေးဦးရှိကြောင်းသိရပြီး အဆိုပါလေးဦးမှာ သာယာဝတီအကျဉ်းထောင်တွင် လက်ရှိဖမ်းဆီးခံကျောင်းသားများနှင့်အတူ အမှုရင်ဆိုင်နေရဆဲဖြစ်သည့် ကျောင်းသားကိုမင်းမင်းဇော်၊ ကိုမြတ်မင်းသူ၊ လက်ရှိအလံကိစ္စဖြင့် ဖမ်းဆီးခံထားရသည့် မုံရွာနည်းပညာတက္ကသိုလ်မှ ကျောင်းသား ကိုစိုးလှိုင်နှင့် ဧပြီ ၂၇ ရက်ကဖမ်းဆီးခဲ့သည့် ကိုဇင်ကိုသန့်တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent