ဒီမိုကရေစီလှုပ်ရှားမှု ဆုံးခန်းတိုင်မရောက်သေး၍ ဒီမိုကရေစီအင်အားစုများအနေဖြင့် မိမိဆန္ဒကိုရှေ့တန်းမတင်ဘဲ နိုင်ငံအတွက် ကောင်းရာကောင်းကြောင်း စဉ်းစားလုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဒီမိုကရေစီလှုပ်ရှားမှု ဆုံးခန်းတိုင်မရောက်သေး၍ ဒီမိုကရေစီအင်အားစုများအနေဖြင့် မိမိဆန္ဒကိုရှေ့တန်းမတင်ဘဲ နိုင်ငံအတွက် ကောင်းရာကောင်းကြောင်း စဉ်းစားလုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Published 21 April 2015
ဇာလီမြင့်ဦး

ဒီမိုကရေစီလှုပ်ရှားမှု ဆုံးခန်းတိုင်မရောက်သေး၍ ဒီမိုကရေစီအင်အားစုများအနေဖြင့် မိမိဆန္ဒကိုရှေ့တန်းမတင်ဘဲ နိုင်ငံအတွက် ကောင်းရာကောင်းကြောင်း စဉ်းစားလုပ်ဆောင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၁ ရက်ကပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်းတစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဧပြီ ၂၁ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်၍ အမှတ်တရစကားပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထဲမှာရော အခြားဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေမှာရော ကျွန်မတို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးဟာ ဆုံးခန်းတိုင်မရောက်သေးဘူး။ ကျွန်မတို့လုပ်ဖို့ဟာတွေ အများကြီးရှိသေးတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ကျွန်မတို့အားလုံးဟာ ကိုယ့်ရဲ့ဆန္ဒတွေကို ကိုယ့်ရဲ့မကျေနပ်မှုတွေ၊ ဒေါသ၊ လောဘ၊ မောဟပေါ့။ ကိုယ့်ဆန္ဒကိုရှေ့တန်းမတင်ဘဲနဲ့ နိုင်ငံအတွက် ကောင်းရာကောင်းကြောင်းကိုစဉ်းစားပြီးတော့ ဒီမိုကရေစီရဲဘော်များပီပီ ဆက်ပြီးတော့သွားနိုင်ပါစေလို့ ကျွန်မအနေနဲ့ဆန္ဒပြုပါတယ်။ ဆရာကြီးဦးဝင်းတင်ဆိုရင်လည်း ဒီအတိုင်းပဲဆန္ဒရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်" ဟုပြောကြားသည်။ထို့ပြင် ရဲဘော်မရှိဘဲ ခေါင်းဆောင်တစ်ယောက်ရှိလာမည်မဟုတ်ကြောင်း၊ ဆရာကြီးဦးဝင်းတင်သည် မိမိတို့၏ ဒီမိုကရေစီခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သလို အားကိုးရသည့်၊ အင်အားပြည့်ဝသည့် ဒီမိုကရေစီရဲဘော်တစ်ယောက်ဖြစ်ခဲ့ကြောင်းနှင့် မိမိတို့အနေဖြင့်  ထိုကဲ့သို့ရဲဘော်များစွာလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။"ဆရာကြီးဦးဝင်းတင်ဟာ ကျွန်မတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သလို တကယ့်ကိုအားကိုးရတဲ့၊ တကယ့်ကိုအင်အားပြည့်ဝတဲ့ ဒီမိုကရေစီ ရဲဘော်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အဲဒီလိုရဲဘော်တွေ ကျွန်မတို့အများကြီးလိုပါတယ်။ အခုခေတ်တင်မဟုတ်ပါဘူး။ ဘယ်ခေတ်မှာမဆို ခေါင်းဆောင်လုပ်ချင်တဲ့သူတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ရဲဘော်တာဝန်တွေကို တကယ်ပီပီပြင်ပြင် ထမ်းဆောင်ချင်တဲ့စိတ်က ဘယ်လောက်ရှိလဲဆိုတာ ပိုပြီးတော့အရေးကြီးပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။လူတိုင်းသည် သတင်းစာဆရာကြီးဖြစ်နိုင်မှာမဟုတ်သလို လူတိုင်း ဆရာကြီးဦးဝင်းတင်ကဲ့သို့ စာရေးဆရာကြီးဖြစ်လာမည်မဟုတ်ကြောင်းနှင့် လူတိုင်းသည် ဦးဝင်းတင်ကဲ့သို့ အနစ်နာခံနိုင်မည်မဟုတ်ကြောင်း၊ သို့သော်လည်း ဆရာကြီးဦးဝင်းတင်၏ စံနမူနာများကိုကြည့်၍ ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးဖြစ်အောင်၊ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ဒီမိုကရေစီရဲဘော်တစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်မယ်လို့ မိမိအနေဖြင့်ထင်ပါကြောင်းဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။"ဒီမိုကရေစီလိုချင်တယ်။ ဒီမိုကရေစီအတွက် လှုပ်ရှားချင်တယ်ဆိုပြီးတော့ ပြောတဲ့ပုဂ္ဂိုလ်တော်တော်များများဟာ နိုင်ငံရေးပါတီတော်တော်များများရဲ့အရေးပါပုံ၊ နိုင်ငံရေးပါတီများ ဘယ်လိုဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုတာကို သိပ်ပြီးတော့မလေ့လာကြပါဘူး။ တချို့ဟာဆိုရင် ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးဆိုပြီးတော့တောင်မှ ခွဲခြားပြီးတော့ ပြောချင်တဲ့ပုဂ္ဂိုလ်တွေရှိပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီထူထောင်ချင်လို့ရှိရင် အခုခေတ်အခုအခါမှာ ဒီမိုကရေစီထူထောင်ချင်လို့ရှိရင် နိုင်ငံရေးပါတီမရှိလို့မဖြစ်ပါဘူး။ အဆင့်မီတဲ့နိုင်ငံရေးပါတီတွေ၊ တကယ့်ကို နိုင်ငံ့အတွက်အကျိုးပြုမယ့် နိုင်ငံရေးပါတီတွေရှိဖို့ဆိုတာ အင်မတန်မှအရေးကြီးပါတယ်။ တိုက်ရိုက်ဒီမိုကရေစီဆိုတာ ဒီခေတ်ဒီအချိန်မှာ လုပ်လို့ရတော့တာမဟုတ်ပါဘူး။ ဒီတော့ နိုင်ငံရေးပါတီအတွင်းမှာ ထမ်းဆောင်တဲ့၊ တာဝန်ထမ်းဆောင်တဲ့ပုဂ္ဂိုလ်များရဲ့အရည်အချင်း အင်မတန်မှအရေးကြီးပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။ထို့နောက် ဒီမိုကရေစီကိုယုံကြည်ပါသည်ဆိုသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပြင် အခြားနိုင်ငံရေးအင်အားစုများအနေဖြင့် ညှိနှိုင်း၍ တစ်ထပ်တည်းစိတ်ဓာတ်မဟုတ်သော်မှ အများအတွက်ကောင်းမည့် အဖြေတစ်ခုရှာနိုင်မည့် အရည်အချင်းကိုဖြင့် ပြုစုပျိုးထောင်ရပါလိမ့်မည်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ အရည်အချင်းပြုစုခြင်းအားဖြင့်လည်း ဆရာကြီးဦးဝင်းတင်ကို ဂုဏ်ပြုရာရောက်မည်ဟု မိမိအနေဖြင့်ထင်မြင်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။  ဒေါ်အောင်ဆန်းစုကြည်က ဆရာကြီးဦးဝင်းတင်လို လူတစ်ယောက်တည်းရှိရင်တောင်မှ ဒီမိုကရေစီအရေးအတွက် လုပ်ရကျိုးနပ်သည်ဟူ၍ မိမိစိတ်ထဲထားခဲ့ကြောင်းနှင့် ထို့အတွက် ပြည်သူပြည်သားများ၊ နိုင်ငံသူနိုင်ငံသားများကလည်း မိမိတို့၏ တန်ဖိုးထားသင့်သည့် ပုဂ္ဂိုလ်များနှင့်ပတ်သက်၍ ဂုဏ်ယူစေချင်ကြောင်း၊ အားယူစေချင်ကြောင်း ဆက်လက်ပြောကြားသည်။အဆိုပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်းတစ်နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ ၊နိုင်ငံရေးအင်အားစုအသီးသီးမှ ပုဂ္ဂိုလ်များနှင့် လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent