သူတို့က သုံးယောက်ဘတ်စ်ကားပေါ်မှ ဒရိုင်ဘာနဲ့ ယာဉ်နောက်လိုက် နှစ်ယောက်။ စုစုပေါင်း သူတို့က သုံးယောက်။ တကယ့်ကို သူတို့က သုံးယောက်တည်းပါ။ကားပေါ်ရောက်တိုင်း လွယ်အိတ်တစ်လုံး လွယ်ထားတဲ့ စပယ်ယာလို့ ခေါ်သူက လက်မှတ်လို့ခေါ်တဲ့ စက္ကူဖြတ်ပိုင်းလေး တစ်ခုကို ဖြတ်ပြီး ပိုက်ဆံအကြွေ ငါးပြားစေ့ကို လာသိမ်းယူပါတယ်။ နောက် အကြွေငါးပြားစေ့ကနေ ဘယ်နေရာစီးစီး ကျပ် ၂၀၊ နောက် ကျပ် ၅၀၊ နောက် ကျပ် ၂၀၀ ဖြစ်သွားပါတယ်။ ပိုက်ဆံလာကောက်သူက ဘာမှ ပြောင်းလဲမသွားပါဘူး။ ဒါပေမဲ့ ပြောင်းလဲသွားတာက အပြောကြမ်းလာတာ။ ယဉ်ကျေးမှု ခေါင်းပါးလာတာ၊ ဒရိုင်ဘာ အများစု၊ နောက်လိုက် အများစု ကွမ်းကို ပါးစပ်အပြည့်စားပြီး ကားပေါ်မှ လမ်းပေါ်သို့ ကွမ်းတံတွေး တဗျစ်ဗျစ် ထွေးလာတာတွေပါ။သူတို့အချင်းချင်း နောက်တာပြောင်တာတွေမှာ မောင်နှမသားချင်း နားထောင်ရမကောင်းတဲ့ ရုန့်ရင်း ကြမ်းတမ်းတဲ့စကားတွေ ပြောချင်တိုင်းပြောကြတာ၊ ခရီးသည်တွေကို မိုက်ရိုင်းတာ၊ ကားကို သူတို့ထင်သလို မောင်းချင်မောင်း၊ ရပ်ချင်ရပ်၊ နှေးချင်နှေး၊ မြန်ချင်မြန်၊ မှတ်တိုင်ကျော်မောင်းချင်မောင်း၊ ဆက်မထွက်တော့ဘူး။ ကားပျက်သွားပြီ။ ဆင်းကြပါဆိုပြီး ခရီးသည်တွေကို နှင်ချချင်နှင်ချ။ ဂိတ်အထိ မမောင်းဘဲ လမ်းတစ်ဝက်မှာတင် ရပ်ချင်ရပ်။ဒီလို ကားတစ်စီးကို သူတို့ သုံးယောက်ပေါင်းပြီး လုပ်ချင်တာ လုပ်နေကြတာ။ ကြာခဲ့ပြီ။သူတို့ သုံးယောက်က စီးပွားရေးအတွက် အတူတကွတွဲ လုပ်နေကြရာက နိစ္စဓူ၀ ပူးတွဲနေထိုင်ရင်း မိတ်ဆွေတွေ ဖြစ်လာပါတယ်။ စီးပွားတူ ဘဝတူ ဖြစ်လေတော့ ခံစားချက် တူလာပါတယ်။ စိတ်ဓာတ်ချင်း တူလာပါတယ်။ ဒီလိုနဲ့ သူတို့သုံးယောက် ပူးပေါင်းမိသွားပါတယ်။ ညီညွတ်သွားပါတယ်။ သူတို့ကိုယ်သူတို့ သာမန်လူတွေနဲ့ မတူတော့တဲ့ လူတန်းစား အသစ်တစ်ရပ်အဖြစ် အထင်ရောက်သွားကြပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက် သိနေတာမို့ ဘယ်သူကမှ ဖော်ကောင်မလုပ်ရဲဘူး။ သူလည်းမကောင်းတာ လုပ်ထားတာ။ ကိုယ်လည်းမကောင်းတာ လုပ်ထားတာ။ နှုတ်ပိတ်စရာ မလိုလောက်အောင် နှုတ်ကလုံပြီးသား။ ဒီလို ညီညွတ်နေကြတဲ့ အဖွဲ့အစည်းတွေ ဒီနိုင်ငံမှာ ရှိနေတယ်။ ဗိုလ်ချုပ်က ပြောခဲ့တယ်။ စားဖားတွေ ညီညွတ်တာ မလိုချင်ဘူးတဲ့။ ဒီနိုင်ငံမှာတော့ စားဖားတွေ ညီညွတ်တာမှ ကြိုးချင်းလိမ်ကျစ်ထားသလိုပဲ။
ခရီးသည် ၅၀ကားတစ်စီးမှာ ခရီးသည် အနည်းဆုံး ၅၀ လောက် ဝင်ဆံ့ပါတယ်။ ပူးကပ်စီး၊ တွယ်ခိုစီး၊ ခေါင်မိုးပေါ် တက်စီးတာ ထည့်တွက်ရရင် ခရီးသည် ရာကျော်သွားမလားပဲ။ အဲဒီ ကားကြီးကို စီးရဖို့ ခရီးသည်တွေ ဘယ်လိုစောင့်ကြရသလဲ။ ကြည့်ကြရအောင်။မော်တင်မှတ်တိုင်မှာ ကားမလာသေးဘူး။ ကိုင်းတန်းဘက်က ကျောင်းသားတစ်ယောက် မော်တင်မှတ်တိုင်ကို ရောက်လာတယ်။ ဒီနေ့ ကျူရှင်မှာ ဓာတုဗေဒ စာမေးပွဲ ဖြေရမယ်။ မီသိန်းထုတ်ဖော်ပုံနဲ့ သူ့ရဲ့ ဂုဏ်သတ္တိတွေ မေးမယ်လို့ ဆရာမက ပြောထားတယ်။ စာကောင်းကောင်း မရသေးဘူး။ ကျောင်းရောက်မှ သူငယ်ချင်းကို ထပ်မေးရမယ်။ ခုတော့ ကားမလာမီ ရသလောက် ကျက်လိုက်ဦးမယ်။(၈)လမ်းက အသားဖြူဖြူ ချောချော ကောင်မလေးတစ်ယောက်။ သူမလည်း မော်တင်မှတ်တိုင်ကို ရောက်လာတယ်။ သူမက ပုစွန်တောင်မှာ ဖွင့်ထားတဲ့ အလှပြင်ဆိုင်က အလှဖန်တီးရှင် ကောင်မလေး။ ဆိုင်မှာ ဆံပင်ဖျန်းဖို့ ဂျယ်နဲ့စပရေး၊ လက်သည်းပုံဖော်တဲ့ဆေး၊ အသားအလှဆီတွေဝယ်ဖို့ မနေ့က ဆိုင်ပိုင်ရှင် မမက မှာလိုက်တာ ပြန်စဉ်းစားနေရင်း ဘတ်စ်ကားအလာကို မျှော်နေပါတယ်။(၁၀) လမ်းထိပ်က ၀၀ဖိုင့်ဖိုင့် လူကြီးတစ်ယောက်ကလည်း ခန္ဓာကိုယ်ကြီး ဖြည်းဖြည်းချင်းလှိမ့်ရင်း မော်တင်မှတ်တိုင်နား ရောက်လာတယ်။ ဘတ်စ်ကားတစ်စီးမှ မရှိသေးတာနဲ့ လမ်းဘေးမှာ ချရောင်းနေတဲ့ ဂျာနယ်ဆိုင်သွားပြီး ကြိုက်တဲ့ဂျာနယ်ကို ရွေးပြီး ဝယ်ဖတ်နေတယ်။ ဂျာနယ်ထဲမှာ ပြည်သူတွေညီညွတ်ကြ၊ စည်းရုံးကြမှ နိုင်ငံတော်တိုးတက်မယ်ဆိုတဲ့ ခေါင်းစဉ်ကို ဖတ်နေမိတယ်။ဟုတ်တယ်။ ပြည်သူတွေ ညီညွတ်ကြရမယ်။ဒီအချိန်မှာ ဘတ်စ်ကားက ဝူးခနဲ ရောက်လာတယ်။ ခုနကား မှတ်တိုင်မှာစောင့်နေတဲ့ ကျောင်းသား၊ ကောင်မလေးနဲ့ လူဝကြီး သုံးဦးတို့အပြင် အခြားငါးဦးက ကားပေါ်ကို အပေါက်တစ်ပေါက်ထဲက တိုးဝှေ့ပြီး ရောက်သွားကြတယ်။ နေရာလွတ်တွေ များနေသေးတော့ ကောင်းနိုးရာရာနေရာကို ကြည့်နေတုန်း ကားက ဝူးခနဲ ဆောင့်ထွက်လိုက်တယ်။ လူတွေ ဒယီးဒယိုင် ဖြစ်ကုန်တယ်။ ဒါပေမဲ့ ကားကို ဆောင့်မောင်းရသလားလို့ ဘယ်သူကမှ မမေးဘူး။ ကိုယ့်စိတ်ကူးနဲ့ကိုယ် အလုပ် (စိတ်) ရှုပ်နေကြတာ။လသာလမ်း မှတ်တိုင်မှာလည်း ခရီးသည် ငါးယောက် ဘတ်စ်ကားအလာကို စောင့်နေတယ်။တစ်ယောက်က မိုးရေကာ ဖျင်လိပ်ကို လက်တစ်ဖက်က ကိုင်ထားတယ်။ သူ့အိမ်ရဲ့ခေါင်မိုးက နာဂစ်ပြီးကတည်းက ပေါက်ပြဲသွားတာ။ ခုထိ မဖာရသေးဘူး။ ဆောင်းရောက်တော့မှာပဲပေါ့။ ဒါပေမဲ့ မိုးက ဆောင်းရဲ့ကာလ နယ်နိမိတ်ထဲထိ ဝင်ရောက်ပြီး အားရပါးရ ရွာနေပြန်ပါတယ်။ ဒါနဲ့ မရှိမဲ့ရှိမဲ့ ပိုက်ဆံလေးနဲ့ ခေါင်မိုးအုပ်ဖို့ မိုးရေကာဖျင် ဝယ်တာ။ အိမ်ရောက်ရင် လက်သမားရှာရမယ်။နောက်တစ်ယောက်က (၁၉)လမ်း ကွန်ပျူတာသင်တန်းက လာတာ။ လသာမှတ်တိုင်က ကားစီးပြီး အိမ်ပြန်မှာ။ အိမ်ရောက်ရင် သင်တန်းကပို့ချလိုက်တဲ့ သင်ခန်းစာတွေ ပြန်လေ့ကျင့်ရဦးမယ်။ ဒါပေမဲ့ (လျှပ်စစ်)မီး လာပါ့မလား။ မီးမလာရင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။ ကားမှတ်တိုင်မှာသာ ရပ်နေပေမယ့် စိတ်က အိမ်မှာ။ မီးလာမလာ စိတ်စောနေရတာ။ကားရောက်လာပါတယ်။ လသာလမ်းက ခရီးသည်တွေ တိုးဝှေ့တက်ကြပြန်ပါတယ်။ စပယ်ယာက နောက်ထဲ ဝင်စီးပါ။ နောက်မှာ အချောင်ကြီး။ ချောင်ချောင်ချိချိ စီးချင်ရင် တက္ကစီ ငှားစီး။ ကိုယ်ပိုင်ကား ဝယ်ထား။ ပါးစပ်က အဆက်မပြတ်ပြော။ ကွမ်းတံတွေးလည်း အဆက်မပြတ်ထွေး။ဒီကားပေါ်မှာ သူ့သဘော၊ သူရပ်ဆိုရင်ရပ်၊ မောင်းဆိုရင်မောင်း၊ ခရီးသည် လက်တန်းကိုင်ထားဆို ကိုင်ထား။ ဘေးကပ်ရပ်ဆိုရပ်၊ အလယ်လမ်းကြောင်း ရှင်းထားဆို ရှင်းထား။ အောက်ဘက်ဆင်းမောင်းဆို မောင်း။ ဘယ်ဘက်က ကျော်တက်ဆို တက်။ ရပ်ထားဆို ရပ်သာထား။ ခရီးသည်တွေ ဘာဖြစ်နေသလဲ။ ဒါ သူတို့ စိတ်မဝင်စားဘူး။ သူတို့ စိတ်ဝင်စားတာက သူတို့ သုံးယောက်ပေါင်းနဲ့ ဒီဘတ်စ်ကားပဲ စိတ်ဝင်စားတယ်။ ဒီဘတ်စ်ကားက သူတို့ရဲ့ လုပ်ကွက်ကြီးလေ။
ဇာတ်ပေါင်းသော်ဇာတ်ပေါင်းသော် ဘတ်စ်ကားက မြန်မာပြည်။ စပယ်ယာ + ဒရိုင်ဘာက အုပ်ချုပ်သူ။ ခရီးသည်များက ပြည်သူများ။ဒီနည်းနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်၊ ငါးဆယ်က မြန်မာပြည် ဖွံ့ဖြိုးတိုးတက်မှု ထိပ်တန်းရှိနေရာမှ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးနိုင်ငံ (LDC) ဖြစ်သွားတယ်။ ဒါဟာ ဗုဒ္ဓဝင်နိပါတ်တော်လာ ဇာတ်ပေါင်းခန်းများအတိုင်း ဆိုရရင် မြန်မာပြည်ရဲ့ ဇာတ်ပေါင်းခန်းက နိဗ္ဗာန်လည်း မရောက်နိုင်ကြဘူး။ သံသရာလည်း မကောင်းနိုင်ကြဘူး။ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းတဲ့နိုင်ငံ ဖြစ်မလာနိုင်ဘူး။ ပြည်သူတွေလည်း ဆင်းရဲတွင်းက ထွက်မလာနိုင်သေးဘူးဆိုတာ ပြနေတာပါပဲ။ ဒါဆို ဘယ်လို ဇာတ်ပေါင်းကြမလဲ။မိမိတစ်ဦးချင်း ရည်ရွယ်ချက်ကိုယ်စီနဲ့ တစ်နေရာမှ တစ်နေရာကို သွားနေကြတဲ့ ဘတ်စ်ကားစီး ခရီးသည်တွေ (ပြည်သူတွေ) ကားပေါ်မှာ ညီညွတ်ကြဖို့ လိုပါတယ်။သူလည်း ဒီကားစီးတယ်။ ကိုယ်လည်း ဒီကားစီးတယ်။ ကားမကောင်းတာပြောရမယ်။ ခေါင်က မိုးယိုတာ၊ ထိုင်ခုံတွေ အဆင်မပြေတာ စတဲ့ လိုအပ်ချက်တွေကို ပြင်အောင် ညီညီညွတ်ညွတ် ဝိုင်းပြောရမယ်။ သန့်ရှင်းတဲ့ ကားဖြစ်ဖို့၊ ကောင်းမွန်တဲ့ ကားဖြစ်ဖို့ ခရီးသည်တိုင်းမှာလည်း တာဝန်ရှိကြတယ်။ မောင်းသူ၊ ရောင်းသူ လုပ်ချင်သလိုလုပ်၊ မောင်းချင်သလို မောင်းနေတာကို တာဝန်သိ ပြည်သူတွေ အနေနဲ့ ပြုပြင်ပေးရမယ်။ တားမြစ်ပေးရမယ်။ ခရီးသည်အချင်းချင်း ညီညွတ်။ သူတို့နဲ့ ခရီးသည်တို့နဲ့ တစ်သားတည်း ခံစားနားလည်ကြ။မောင်းသူ ရောင်းသူတွေကလည်း မောင်းချင်သလိုမောင်း၊ ရပ်ချင်သလိုရပ် ခရီးသည်တွေရဲ့ လိုအင်ဆန္ဒကို လျစ်လျူမရှုသင့်ဘုူး။ ခရီးသည်၊ မောင်းသူ ရောင်းသူတို့ ညီညီညွတ်ညွတ် ဖေးဖေးမမ ခရီးသွားကြပါမှ ဘတ်စ်ကားကြီးရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ဖြောင့်ဖြောင့်ဖြူးဖြူး ရောက်ကြမှာပါ။ဇာတ်ပေါင်းခန်းလှလှလေးနဲ့ အသုံးတော်ခံချင်ကြရင် ပြည်သူအချင်းချင်း ညီညွတ်ရပါမယ်။ ပြည်သူအချင်းချင်း မညီညွတ်ခြင်းဟာ တိုင်းပြည်ကို အောက်တန်းနောက်တန်း ကျစေပါတယ်။အဓိကအကျဆုံး ခရီးအတူသွားတဲ့ ဘတ်စ်ကားတစ်စီးတည်းစီးတဲ့ ခရီးသည် (ပြည်သူ) အချင်းချင်း ညီညွတ်ရုံသာမက အချင်းချင်းဖေးမ ကူညီရပါမယ်။ လက်တွဲတန် လက်တွဲရပါမယ်။ နေရာဖယ်ပေးတန် ဖယ်ပေးရပါမယ်။ ကိုယ်ရကိုယ်ယူ၊ ကိုယ့်အခွင့်အရေးရပြီးရော စိတ်တွေ ဖျောက်ဖျက်ရပါမယ်။ပြည်သူအချင်းချင်း ညီညွတ်ပြီဆိုရင် မောင်းသူရောင်းသူ (အုပ်ချုပ်သူ)တွေကို စည်းရုံးလို့ရပါတယ်။ စည်းရုံးရ လွယ်ပါတယ်။ သူတို့ကိုယ်နှိုက်ကလည်း ပြည်သူတွေ သွားလိုတဲ့ခရီးကို အတူလိုက်ပါရတာပါ။ သူတို့လည်း ပြည်သူနဲ့ ကွဲပြားတဲ့ အခြားရည်ရွယ်ချက် မရှိကြပါဘူး။သူတို့နဲ့ပြည်သူ သွားနေတဲ့လမ်းက တစ်လမ်းတည်းပါ။ တစ်ခုတော့ ရှိပါတယ်။ သူတို့က ဒီခရီးဆုံးရင် ပိုက်ဆံရကြမှာ။ တစ်နည်းပြောရရင် ငါးနှစ်သက်တမ်းပြည့်ရင် သူတို့က နေရာမှ ဆင်းပေးကြမှာ။ ပြည်သူနဲ့ မတူတာက သူတု့ိရဲ့ အခွင့်အရေးက ဂိတ်ဆုံးမှာ စောင့်နေတယ်။ ပြည်သူက ဂိတ်မဆုံးသေးဘူး။ရှိစေတော့။ပြည်သူအချင်းချင်း ညီညွတ်မယ်။ ပြည်သူနဲ့အုပ်ချုပ်သူ ညီညွတ်မယ်ဆိုရင် မြန်မာပြည် (ဘတ်စ်ကား) ကြီးဟာလည်း အရှိန်မြန်မြန်၊ အချိန်မှန်မှန်နဲ့ လိုရာပန်းတိုင်ကို ပျော်ပျော်ကြီး ဆိုက်ရောက် ပန်းဝင်နိုင်မှာ ဖြစ်ကြောင်းပါ။