လွှတ်တော် တစ်လခန့် ရပ်နားထားချိန်တွင် မဲဆန္ဒနယ်မြေဆင်းသည့်ကိစ္စများ ဆောင်ရွက်ရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မှာကြား

လွှတ်တော် တစ်လခန့် ရပ်နားထားချိန်တွင် မဲဆန္ဒနယ်မြေဆင်းသည့်ကိစ္စများ ဆောင်ရွက်ရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မှာကြား
Published 9 April 2015
စိုးမင်းထိုက်

(၁၂) ကြိမ်မြောက်လွှတ်တော် အစည်းအဝေးများ တစ်လခန့် ရပ်နားထားချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဥက္ကဋ္ဌမှာကြားထားသည့် ဥပဓိရုပ်မကောင်းသော ကျောင်းများကိစ္စ၊ မဲဆန္ဒနယ်မြေဆင်းသည့် ကိစ္စများ ဆောင်ရွက်ရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဧပြီ ၉ ရက်တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “နိုင်ငံတော်ရဲ့ နှစ်သစ်ကူး ရုံးပိတ်ရက် ၁၀ ရက် ဆိုတော့ ၂၁ ရက်အထိဖြစ်တယ်။ အဲဒီတော့ လွှတ်တော်ကို (၁၂) ကြိမ်မြောက်ကို ရပ်နားမှာလား။ ဒါမှမဟုတ် (၁၂) ကြိမ်မြောက်ထဲမှာပဲ ခေတ္တရပ်နားမှာလား။ ဘယ်နေ့အထိ ရပ်နားမှာလဲဆိုတာ ပြည်ထောင်စုလွှတ်တော်က ဒီနေ့အထိ ညှိနှိုင်းခြင်း မရှိသေးပါဘူး။ သာမန်အားဖြင့်တော့ တစ်လလောက် (၁၂) ကြိမ်ကို ရပ်နားမယ်။ ပြန်ခေါ်လည်း (၁၂) ကြိမ်ပဲလို့ အကြမ်းဖျင်း သိပါတယ်။ အဲဒီတော့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မခေါ်မချင်း အမျိုးသားလွှတ်တော် အစည်းအဝေးကို မခေါ်ပါဘူး” ဟု ပြောကြားသည်။
“အဲဒီတော့ ဒီကြားထဲမှာ နှစ်သစ်ကူး အလှူဒါနပြုတဲ့ ကိစ္စတွေ၊ နောက်တစ်ခုက လွှတ်တော်ဥက္ကဋ္ဌက မှာကြားထားတဲ့ ဥပဓိရုပ်မကောင်းတဲ့ ကျောင်းများကိစ္စတွေ၊ ပါတီတွင်း စည်းရုံးရေးကိစ္စတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နယ်မြေဆင်းတဲ့ ကိစ္စတွေ၊ ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်” ဟု ဦးခင်အောင်မြင့်က ပြောကြားသည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများအား ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော် ၄၄ ရက်မြောက်နေ့တွင် ခေတ္တရပ်နားခဲ့ခြင်းဖြစ်သည်။
 

Most Read

Most Recent