မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်သလားဟူသော ဆောင်းပါးနှင့်ပတ်သက်၍ သမ္မတ၏ စီးပွားရေးအကြံပေး ဦးမြင့်မှ ပေးပို့သော အိတ်ဖွင့်ပေးစာ

မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်သလားဟူသော ဆောင်းပါးနှင့်ပတ်သက်၍ သမ္မတ၏ စီးပွားရေးအကြံပေး ဦးမြင့်မှ ပေးပို့သော အိတ်ဖွင့်ပေးစာ
Published 7 April 2015

သို့
ဦးနေထွန်းနိုင်
အကြောင်းအရာ။            ။ Eleven Newsmedia Myanmar တွင် ဖော်ပြခဲ့သော “မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်သလား” ဟူသော ဆောင်းပါးနှင့်ပတ်သက်၍ သမ္မတ၏ စီးပွားရေးအကြံပေး ဦးမြင့်မှ ပေးပို့သော အိတ်ဖွင့်ပေးစာ (နေ့စွဲ။   ။ ဧပြီ ၁ရက် ၂၀၁၅)
 
ခင်ဗျားရေးသားခဲ့တဲ့ အထက်ပါဖော်ပြပါ ဆောင်းပါးကို ရည်ညွှန်းလိုပါတယ်။ စုံစမ်းထောက်လှမ်းမှုဆိုင်ရာ မီဒီယာတစ်ခုအနေနဲ့ အစိုးရရဲ့ မူဝါဒတွေနဲ့ စီမံကိန်းတွေကို ချမှတ် အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီး အားနည်းချက်တွေ ချို့ယွင်းချက်တွေကို ထောက်ပြဖို့နဲ့ သုံးသပ်၊ စောင့်ကြည့်၊ လေ့လာဖို့ဟာ  မြန်မာနိုင်ငံအနေနဲ့ ခေတ်မီ စက်မှုတိုးတက်ပြီး ဒီမိုကရေစီနည်းကျတဲ့ နိုင်ငံဖြစ်လာဖို့အတွက် အလွန်အရေးပါတယ်လို့ ယုံကြည်ပါတယ်။
အစိုးရရဲ့မှားယွင်းတဲ့ ဆောင်ရွက်မှုကို ဖော်ပြဖို့အပြင် အစိုးရအနေနဲ့ သူ့ရဲ့ အလုပ်ကို လုပ်ပြီး အပြည့်အဝ အကောင်အထည်ဖော်ရဲ့လား ဆိုတာနဲ့ သူ့ရဲ့ ပြည်သူတွေကို ပေးထားတဲ့ ကတိတွေ ပြည့်ဝရဲ့လား ဆိုတာ သေချာစေရေးအတွက် စောင့်ကြည့်သူအဖြစ်နဲ့ ဆောင်ရွက်တဲ့နေရာမှာ တာဝန်ယူမှုရှိပြီး စုံစမ်းထောက်လှမ်းမှု ပြုလုပ်တဲ့ မီဒီယာတစ်ခုဟာ ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံနှစ်မျိုးစလုံးပါဝင်တဲ့ နိုင်ငံပေါင်းများစွာမှာ အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်ပါတယ်။ မီဒီယာဟာ အမြဲတမ်းတာဝန်သိတတ်တဲ့ ပုံစံမျိုးနဲ့ ဆောင်ရွက်နေတာမျိုးတော့ မဟုတ်ပါဘူး။ ကမ္ဘာပေါ်က တခြားအရာရာတိုင်းလိုပါပဲ၊ မီဒီယာဟာလည်း ပြီးပြည့်စုံမှုမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ပြည်သူရဲ့ အပိုင်းနဲ့ ပုဂ္ဂလိက အရာထမ်းတွေနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ ဆောင်ရွက်ချက်နဲ့ မသင့်လျော်တဲ့ အမူအကျင့်တွေကို ကန့်သတ်ရာမှာ သူ့ရဲ့ စွမ်းအားကို အထင်မသေးသင့်ပါဘူး။
ဖော်ပြပါဆောင်းပါးကိုလည်း အဲဒီစိတ်ထားမျိုးနဲ့ပဲ  ပြန်လည်သုံးသပ်ခဲ့ပါတယ်။ ခင်ဗျားအနေနဲ့  ဒီဆောင်းပါးကိုပြင်ဆင်ဖို့ အချိန်နဲ့ လုံ့လစိုက်ထုတ်မှု အမြောက်အမြားပေးဆပ်ခဲ့ကြောင်း ကျွန်တော် တွေ့ရှိရပါတယ်။ အဲဒီဆောင်းပါးကို ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ရေးသားထားပြီး အင်္ဂလိပ်ဘာသာပြန်ဆိုမှုမှာ ဖော်ပြထားသလို ‘deeper recession’ (သို့) မြန်မာဘာသာမှာ ရေးသားထားသလို ‘စီးပွားရေးပြိုလဲမှု’ ရဲ့ ပြင်းထန်တဲ့အကျိုးဆက်တွေကနေ မြန်မာပြည်သူတွေကို ရိုးရိုးသားသား အကာအကွယ်ပေးလိုတာပဲဆိုတာ  ကျွန်တော် သံသယမရှိပါဘူး။
သမ္မတဦးသိန်းစိန်၊ သူရဲ့အစိုးရ၊ သူ့ရဲ့အကြံပေးတွေ၊ လွှတ်တော်နဲ့ အတိုက်အခံတွေအပေါ် jihad (ဘာသာရေးစစ်ကြေညာမှု) ပြုလုပ်လိုက်တာကိုလည်း ကျွန်တော် အထိုက်အလျောက် သတိပြုမိပါတယ်။ အဲဒါတွေထဲမှာ သမ္မတဦးသိန်းစိန်နဲ့ အကြံပေးတွေကို အလေးပေးပြောဆိုထားတာရှိပါတယ်။ ဥပမာအားဖြင့် အဲဒီဆောင်းပါးမှာ “၂ဝ၁၅ ခုနှစ်မှာ မြန်မာ့စီးပွားရေးစနစ် ယိုင်လဲပြိုကျခဲ့မယ်ဆိုရင် ပထမဆုံး အပြစ်တင်ရမှာက သမ္မတဦးသိန်းစိန်နဲ့ သူရဲ့အစိုးရအဖွဲ့ ဖြစ်ပါတယ်။ ဒုတိယတာဝန်အရှိဆုံး သူတွေကတော့ သမ္မတ အကြံပေးပုဂ္ဂိုလ်တွေဖြစ်ပါတယ်။” လို့ထောက်ပြထားပါတယ်။
ဒီဆောင်းပါးကိုသေချာဖတ်ကြည့်ရင်း မြန်မာနိုင်ငံအနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ သူရဲ့အကြံပေးတွေကို ဖယ်ရှားလိုက်ရင် ပိုကောင်းလိမ့်မယ်လို့ ခင်ဗျားထင်နေတာကို ကျွန်တော် ခံစားမိပါတယ်။ ကျွန်တော်ကိုယ်တိုင် အပါအဝင် တခြားသမ္မတရဲ့ စီးပွားရေး အကြံပေး လေးဦးကိုယ်စား ပြောချင်တာကတော့ ကျွန်တော်တို့ဟာ ထိရောက်မှုမရှိဘူး၊ တာဝန်ကဖယ်ရှားပေးသင့်တယ်ထင်ရင် အထူးသဖြင့် နောက်အဖွဲ့သစ်ဖွဲ့စည်းဖို့အတွက် တွေးဆထားတယ်ဆိုရင် စီးပွားရေးအကြံပေးတွေအဖြစ် သင့်လျော်တယ်လို့ ခင်ဗျားထင်တဲ့၊ ခင်ဗျားမျှော်လင့်ထားတာနဲ့ ကိုက်ညီတဲ့သူ ငါးဦးရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုနိုင်မယ်ဆိုရင် ကျွန်တော့်အနေနဲ့ စိတ်ဝင်စားမိပါလိမ့်မယ်။
နောက်ဆုံးတော့ ဒီဆောင်းပါးမှာ အစိတ်အပိုင်းနှစ်ခုပါဝင်နေကြောင်း သတိထားမိပါတယ်။ ပထမပိုင်းမှာ တိုင်းပြည်စီးပွားရေး ပြိုလဲလုအနေအထားရောက်ရှိနေကြောင်းနဲ့ သမ္မတနဲ့ သူရဲ့အကြံပေးတွေ ဒီအတိုင်း ထိုင်ကြည့်နေပြီး ပြန်လည်ကုစားတဲ့ လုပ်ရပ်တွေ မဆောင်ရွက်ဘူးဆိုရင် မကြာမီ စီးပွားရေး ပြိုလဲသွားမှာ ဖြစ်တဲ့အကြောင်း ထောက်ပြဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရဝန်ကြီးဌာနတွေက အစီရင်ခံစာတွေနဲ့ အစိုးရကထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်တွေကနေ အချက်အလက်တွေ ပြန်ယူလို့ လေ့လာချက်တွေ ပြုလုပ်ထားပါတယ်။
ဒုတိယပိုင်းမှာတော့ ခင်ဗျားက လေ့လာမှုတွေ ပြုလုပ်ပြီး တိုင်းပြည်ရဲ့စီးပွားရေး မပြိုလဲအောင် ကယ်တင်ဖို့ ပြန်လည်ကုစားနိုင်ရေး နည်းလမ်းတွေ အတွဲလိုက် တင်ပြထားပါတယ်။ ဆောင်းပါးမှာပါတဲ့ နှစ်ပိုင်းစလုံးကို အသေအချာ သတိပြုပါတယ်။ ခင်ဗျားအနေနဲ့ အရေးကြီးတဲ့ကိစ္စရပ်တွေကို ဖော်ထုတ်ပြီး ကောင်းမွန်တဲ့ထောက်ပြချက်တွေ လုပ်ဆောင်ထားတယ်လို့ယူဆပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ ခင်ဗျားပြုလုပ်ခဲ့တဲ့ ကောင်းမွန်တဲ့ ထောက်ပြချက်တွေက ထိုက်တန်တဲ့ ရိုက်ခတ်ချက်တွေ လိုချင်သလို ဖြစ်လာပုံ မရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဂျာနယ်လစ်ဇင် တန်ဖိုးအရ ခင်ဗျားဆောင်းပါးရဲ့ အရည်အသွေး၊ အင်္ဂလိပ်စာလုံး အသုံးအနှုန်းနဲ့ စီးပွားရေးပညာ အကြောင်းအရာဗဟုသုတတွေဟာ ပြည်တွင်း စံသတ်မှတ်ချက်တွေရဲ့ အောက်တောင်မှ အများကြီး လျော့ကျနေလို့ပါပဲ။
ဒါကြောင့် ကျွန်တော်က ခင်ဗျားဆောင်းပါးမှာ ပါဝင်တဲ့ နှစ်ပိုင်းစလုံးကို ပြန်လည်သုံးသပ်ပြီး နောက်အဖွဲ့မှာ ပါဝင်သူတွေနဲ့ ကျွန်တော်တို့ကို အစားထိုးဖို့ ခင်ဗျားအကြံပြုတဲ့ စီးပွားရေးအကြံပေး ငါးဦးရဲ့ အကျိုးအတွက် ခင်ဗျားရဲ့ တင်ပြပုံနဲ့ စီးပွားရေးသုံးသပ်မှုဆိုင်ရာ အရည်အသွေး တိုးတက်လာစေဖို့ စေတနာနဲ့ တိကျတဲ့အကြံပြုချက်တွေ ပေးလိုက်ရပါတယ်။
ပြန်လည်ကုစားရေးနဲ့ ပတ်သက်တဲ့ ခင်ဗျားရဲ့ နည်းလမ်းတွေနဲ့အပေါ် ကျွန်တော့်ရဲ့ မှတ်ချက်တွေကို အောက်မှာဖော်ပြလိုက်ပါတယ်။ မှတ်ချက် ၁၈ ခုပါဝင်ပြီး [u1] မှ [u18] အထိ နံပါတ်စဉ်တပ်ထားပါတယ်။ ဆောင်းပါးအတွင်း အသုံးပြုခဲ့တဲ့ စကားလုံးအတိအကျကို စာလုံးစောင်းနဲ့ပြပြီး မျဉ်းတားထားပါတယ်။ အဲဒီစာသားတွေ နောက်မှာ ကျွန်တော့်မှတ်ချက်တွေကို ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံစီးပွားရေးရဲ့  လက်ရှိအနေအထား(ခင်ဗျား အဆိုအရကတော့ ပြိုလဲလုနီးပါး) နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ စာရင်းဇယားတွေ၊ စိတ်ကူးတွေနဲ့ အစီရင်ခံမှုတွေ ပါဝင်တဲ့ ခင်ဗျားရဲ့ဆောင်းပါး ပထမပိုင်းနဲ့ပတ်သက်တဲ့ ကျွန်တော့်မှတ်ချက်တွေကို သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်း ခင်ဗျားဆီကို အိတ်ဖွင့်ပေးစာတစ်စောင် အနေနဲ့ ပေးပို့သွားပါမယ်။
ဦးနေထွန်းနိုင်၏ လေ့လာမှုသုံးသပ်ချက်များနှင့် အကြံပြုထားသည့် ပြန်လည်ကုစားရေး လုပ်ဆောင်ချက်အပေါ် မှတ်ချက်များ
၁။ မှတ်ချက် [u1]. အတိုက်အခံအနေနဲ့ အစိုးရကို သတိပေးဖို့တာဝန်ရှိပါတယ်။
ကျွန်တော်ယုံကြည်တာကတော့ အတိုက်အခံရဲ့ အဓိက ရည်ရွယ်ချက်က လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေကနေတစ်ဆင့် လက်ရှိ အာဏာရအစိုးရကို အနိုင်ယူဖို့ဆိုတာပါပဲ။ ‘အတိုက်အခံအနေနဲ့ အစိုးရကိုသတိပေးဖို့’ ဆိုတာ ဘာကိုဆိုလိုလဲဆိုတာ နားလည်ရခက်နေပါတယ်။ အတိုက်အခံအနေနဲ့ အကြမ်းဖက်မှုတွေ၊ ပြည်သူ့အုံကြွမှုတွေနဲ့ လူမှုရေးမငြိမ်မသက်မှုတွေ ဖန်တီးပြီး အစိုးရကိုဖြုတ်ချဖို့ ဆိုလိုတာမဟုတ်ဘူးလို့ပဲ မျှော်လင့်ပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ မြန်မာပြည်သူတွေအတွက် ဝမ်းနည်းဖွယ်အကျိုးဆက်တွေပဲ ဖြစ်ပေါ်လာစေမှာပါ။
၂။ မှတ်ချက် [u2]. နိုင်ငံရဲ့ပြဿနာတွေကို ဖြေရှင်းဖို့ အစိုးရရဲ့အမှားတွေကို ထိုင်ပြီးစောင့်ကြည့်နေရုံနဲ့ မလုံလောက်ပါဘူး။
ကျွန်တော်တို့အားလုံး သိထားတဲ့အတိုင်း အမှားတွေကို ထိုင်ပြီးစောင့်ကြည့်နေရုံနဲ့ ဘယ်အရာကိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာ အသိသာကြီးပါ။ ဒါကြောင့် ဆွပေးတဲ့ ပါးနပ်တဲ့ ပြောင်မြောက်တဲ့ ထင်မြင်ချက်တစ်ရပ်ကို ဖန်တီးဖို့ သိသာထင်ရှားပြီးသား တစ်စုံတစ်ရာကို ကွဲပြားခြားနားတဲ့ စကားလုံးတွေနဲ့ ပြောတာဟာ အဆိုပြုချက်တစ်ရပ်ထဲကို ဘာအချက်မှ ထပ်ပြီး ပေါင်းထည့်မပေးနိုင်ပါဘူး။ ဒါမျိုးကို “မလိုအပ်ဘဲ စကားပရိယာယ်ကြွယ်ခြင်း” (tautology) လို့ခေါ်ပါတယ်။
၃။ မှတ်ချက် [u3]. If the National League for Democracy (NLD) ruled the power ‘ruled the power’ ရဲ့ ဆိုလိုရင်းအဓိပ္ပာယ်ဟာ မရှင်းလင်းပါဘူး။ ဒီအချက်ကို ပြန်လည်ပြုပြင်သင့်ပါတယ်။ ဒါကို ခင်ဗျားရဲ့ အယ်ဒီတာတွေကို ပြင်ခိုင်းပါ။
၄။ မှတ်ချက် [u4]. လွှတ်တော်မှာ NLD ကိုယ်စားလှယ် အရေအတွက်နည်းတာမှန်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ နည်းသည်ဖြစ်စေ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေမှာပဲ အချိန်ကုန်နေတာမဖြစ်သင့်ပါဘူး။ NLD ကိုယ်စားလှယ်တွေဟာ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေမှာပဲ ‘အချိန်ကုန်နေတယ်’ လို့ ကျွန်တော် မယုံကြည်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ လူထုမီဒီယာတွေကို ပြန်လည်စစ်ဆေးကြည့်ဖို့ အကြံပြုလိုပါတယ်။
၅။ မှတ်ချက် [u5]. အစိုးရနဲ့လွှတ်တော်က နိုင်ငံ့ဝန်ထမ်းတွေကို လစာတိုးပေးခဲ့ပေမယ့် ဝန်ထမ်းငယ်တွေအဖို့ သက်ရောက်မှုမရရှိဘဲ အောက်ခြေဝန်ထမ်းတွေ ပိုမိုကျပ်တည်းလာပါတယ်။ တစ်ဖက်မှာ နိုင်ငံ့ဝန်ထမ်းလစာတိုးမှုကြောင့် တက်လာတဲ့ကုန်ဈေးနှုန်းက ပုဂ္ဂလိကဝန်ထမ်းတွေကို ရိုက်ခတ်လာပါတယ်။
ဧပြီလ ၁ ရက်မှာ ပြည်သူ့ဝန်ထမ်းတွေရဲ့လစာကို တိုးမြှင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဧပြီလကုန်မှာ ဒီပြည်သူ့ဝန်ထမ်းတွေ တိုးမြှင့်ထားတဲ့လစာကို စတင်ခံစားရမှာပါ။ ဒါကြောင့် ဒီလိုကိစ္စရပ်ကိုသုံးသပ်ဖို့ဆိုတာ စောလွန်းပါသေးတယ်။ ပိုမိုခိုင်လုံတဲ့ အချက်အလက်နဲ့ နောက်ဆုံးရအချက်အလက်တွေအတွက် ရက်သတ္တပတ်အနည်းငယ် ဘာလို့ မစောင့်တာလဲ။
၆။ မှတ်ချက် [u6]. ဒီကြားထဲမှာပဲ {ကျပ်} ငွေတန်ဖိုးကျဆင်းမှုနဲ့အတူ သွင်းကုန်ဈေးနှုန်းတွေ မြင့်မားနေတယ်။ ပုဂ္ဂလိက ကုန်သွယ်ရေးမှာ ထိခိုက်မှုတွေရှိလာပါတယ်။
ကျပ်ငွေတန်ဖိုးကျဆင်းတာဟာ သွင်းကုန်ဈေးနှုန်းမြင့်မားစေပြီး ပို့ကုန်ဈေးနှုန်း သက်သာစေပါတယ်။ သွင်းကုန်ဈေးမြင့်တဲ့အတွက် ကုန်ပစ္စည်းတင်သွင်းမှုလျော့ကျပြီး တင်ပို့မှုပိုမိုများပြားလာစေပါတယ်။ သွင်းကုန်လျော့ကျပြီး ပို့ကုန်များပြားလာတာဟာ နိုင်ငံတစ်ခုရဲ့ နိုင်ငံခြားကုန်သွယ်ကုန်မှုကို ထိခိုက်တယ်လို့ မဆိုနိုင်ပါဘူး။
၇။ မှတ်ချက် [u7]. အခုလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြိုကျစပြုနေပါပြီ။ ဆောက်လုပ်ရေးလုပ်ငန်းအတွက် အသုံးစရိတ်၊ ငွေကြေးစိုက်ထုတ်သူတွေ အထိနာဖို့ရှိပါတယ်။
ဒါလည်း “မလိုအပ်ဘဲ စကားပရိယာယ်ကြွယ်ခြင်း” (tautology) ပါပဲ။ ဆောက်လုပ်ရေးလုပ်ငန်းတွေပြိုကျရင် ငွေကြေးစိုက်ထုတ်သူတွေ အထိနာမှာပါပဲ။ ငွေကြေးစိုက်ထုတ်သူတွေတင်မကဘူး၊ တခြားသူတွေပါ အများကြီးထိခိုက်မှာပါ။ ဒီထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်တဲ့ မကျွမ်းကျင်တဲ့လုပ်သားတွေ၊ လက်သမားတွေနဲ့ အုတ်စီသူတွေအပါအဝင် ဘိလပ်မြေ၊ သစ်၊ အုတ် စတဲ့ဆောက်လုပ်ရေး ပစ္စည်းထုတ်လုပ်သူတွေ၊ ဆောက်လုပ်ရေးပစ္စည်းရောင်းချတဲ့ဆိုင်တွေ၊ အုတ်၊ သဲ၊ ကျောက်။ ဘိလပ်မြေနဲ့ အခြားဆောက်လုပ်ရေးပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့လုပ်ငန်းတွေပါ ပါဝင်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းပြိုလဲတာဟာ ငွေကြေးစိုက်ထုတ်သူတွေနဲ့ မြေပိုင်ရှင်တွေတင်မကပဲ တစ်နိုင်ငံလုံးအတွက် အဓိက ဘေးဒုက္ခကြီးဆိုတာကို သက်သေပြနိုင်ပါတယ်။
၈။ မှတ်ချက် [u8]. တစ်ဖက်မှာလည်း အလုပ်သမားတွေရဲ့ လက်ငင်းအခြေခံလိုအပ်ချက်တွေ များနေပါတယ်။
ဘာပဲဖြစ်ဖြစ်၊ ကျွန်တော့်အနေနဲ့ အလုပ်သမားတွေက အခြေခံလိုအပ်ချက်တွေ အများကြီးကို တင်ပြတယ်လို့မထင်ပါဘူး။ အလုပ်သမားတွေ အထူးသဖြင့် ဆင်းရဲတဲ့အလုပ်သမားတွေမှာ ရှင်သန်ဖို့အတွက် အခြေခံလိုအပ်ချက်တွေရှိနေပါတယ် (အစားအစာ၊ အဝတ်အထည်နဲ့ နေစရာ)။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ဆင်းရဲသားပြည်သူတွေအတွက် အခြေခံလိုအပ်ချက်တွေသာမကဘဲ ပိုမိုကောင်းမွန်တဲ့ ပညာရေး၊ ကျန်းမာရေး၊ သက်သောင့်သက်သာရှိပြီး တန်ဖိုးလည်း သက်သာတဲ့ နေထိုင်မှု၊ စိတ်အေးချမ်းပြီး လုံခြုံတဲ့အသိုက်အဝန်း၊ အဆင်ပြေချောမွေ့တဲ့ သယ်ယူပို့ဆောင်မှု၊ အားထားလို့ရတဲ့ လျှပ်စစ်မီး၊ လုံလောက်ပြီး စိတ်ချရတဲ့ ရေအရင်းအမြစ်၊ ထိရောက်တဲ့ ဆက်သွယ်မှုစနစ် (အထူးသဖြင့် လက်ကိုင်ဖုန်း အသုံးပြုမှု) နဲ့ အပန်းဖြေမှု၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေး လုပ်ငန်းစဉ်တွေအတွက် အားလပ်ချိန် သမရိုးကျ လိုအပ်ချက်တွေလည်း ရှိနေပါတယ်။ ဒါကြောင့် ‘အလုပ်သမားတွေက အခြေခံ လိုအပ်ချက်များ တင်ပြလာနေ’ ဆိုတဲ့ အသုံးအနှုန်းက ဘာကို ဆိုလိုလဲဆိုတာ ပြန်လည်ရှင်းလင်းပြပါ။
၉။ မှတ်ချက် [u9]. လုပ်ငန်းရှင်တွေက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ပြန်ရနိုင်ဖို့ လုပ်ခအပေါ် လျှော့ချခြင်းကိုပဲ ပြုလုပ်လာပါတယ်။ လုပ်ခ၊ လစာ ခေါင်းပုံဖြတ်ခံရတာတွေ ရှိလာပါတယ်။
လုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှု ပြန်ရဖို့ လုပ်ခလျှော့ချရာက ခေါင်းပုံဖြတ်မှုတွေရှိလာတယ်ဆိုရင် လုပ်ခမလျှော့ချရင် သူတို့ ရင်းနှီးမှုပြန်မရဘဲ လုပ်ငန်းတွေကို ပိတ်ပစ်ရဖို့ ရှိနိုင်ပါတယ်။ (ဆောင်းပါးရေးသားချက်အရဆိုရင်) လုပ်ငန်းတွေပိတ်ရင် ခေါင်းပုံဖြတ်မှုတွေ မရှိတော့ပါဘူး။ ဒါပေမဲ့ အလုပ်အကိုင်နဲ့ အလုပ်အကိုင်အခွင့်အရေးတွေလည်း ရှိမှာမဟုတ်တော့ပါဘူး။ ဒီတော့ ဆိုလိုတာက အလုပ်သမားတွေအနေနဲ့ ခေါင်းပုံဖြတ်ခံမလား၊ အလုပ်အကိုင်ဆုံးရှုံးခံမလား ရွေးစရာဖြစ်နေပါတယ်။ ဒီလို သုံးသပ်ချက်မျိုး ဘယ်လိုရလာသလဲ ရှင်းပြပါဦး။ အထောက်အထားတွေ ပြပါဦး။ လက်ရှိ မြန်မာနိုင်ငံမှာ ဒီလိုအခြေအနေမျိုးဖြစ်နေတယ်လို့ မယုံကြည်ပါဘူး။
၁၀။ မှတ်ချက် [u10]. The basic wage is yet to be termed. ‘wages to be termed’ ဆိုတဲ့ အသုံးက အဓိပ္ပာယ်မရှိပါဘူး။ ပြန်လည်ရှင်းလင်းပေးပါ။
၁၁။ မှတ်ချက် [u11]. အလုပ်သမားတွေက တစ်ရက်လုပ်ခ ကျပ်တစ်ထောင်နှုန်းနဲ့ တစ်လကျပ်သုံးသောင်း တိုးတောင်း
 မြန်မာနိုင်ငံမှာ အလုပ်သမားတွေဟာ တစ်ရက်လုပ်ခ ကျပ်တစ်ထောင်နှုန်းရဖို့ ဆန္ဒပြတယ်ဆိုတဲ့အပေါ် သံသယဝင်မိပါတယ်။ လွန်ခဲ့တဲ့အပတ်က ထိုင်းနယ်စပ် မွန်ပြည်နယ်အတွင်းက ပေါင်လို့ ခေါ်တဲ့ ရွာက စပါးစိုက် လယ်သမားတစ်ယောက်နဲ့ ပြောဖြစ်ပါတယ်။ သူ့ပြောစကားအရ မနှစ်က အလုပ်သမားခ တစ်ရက်ကို ကျပ် ၃ ၀၀၀ ပေးရတယ်။ အခုကို ၅ ၀၀၀ ဖြစ်နေပါပြီ။ ဒီနှုန်းနဲ့တောင်မှ သူ့လယ်အတွက် အလုပ်သမားရှာဖို့ ခက်ခဲပါတယ် ဘာလို့လဲ ဆိုတော့ သူ့ရွာနဲ့ အနီးအနားရွာတွေက မိသားစုလိုက် နယ်စပ်ဖြတ်ကျော်ပြီး အလုပ်လုပ်နေကြလို့ပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာ အလုပ်သမားတွေက တစ်ရက်လုပ်ခ တစ်ထောင်ရဖို့ ဆန္ဒပြနေကြသလဲ ပြောပြပေးပါ။
၁၂။ မှတ်ချက် [u12]. မြန်မာငွေတန်ဖိုး ကျဆင်းချိန်မှာ သွင်းကုန်လျှော့ချဖို့ ဖြစ်ပါတယ်။ အပေါ်က မှတ်ချက် [u6] မှာ ပြောခဲ့သလိုပါပဲ ကျပ်ငွေတန်ဖိုး ကျဆင်းချိန်မှာ သွင်းကုန်လျော့ကျလာမှာပါပဲ။ အကြံပြုပြောဆိုထားသလို သွင်းကုန် လျှော့ချစရာ မလိုပါဘူး။
၁၃။ မှတ်ချက် [u13]. အထူးသဖြင့် ဇိမ်ခံကား တင်သွင်းမှုတွေကို ကန့်သတ်ရမှာ ဖြစ်သလို ဇိမ်ခံပစ္စည်း တင်သွင်းမှုတွေအတွက် အခွန်တိုးကောက်တာတွေ လုပ်ရပါလိမ့်မယ်။
ဒီအကြံပြုချက်ဟာ ရှေ့နောက်ဆီလျော်မှု မရှိသလို ကိုယ့်အချက်နဲ့ကိုယ် မကိုက်ညီပါဘူး။ ဇိမ်ခံကားတင်သွင်းမှု လျှော့ချပြီး တစ်ချိန်တည်းမှာပဲ ဇိမ်ခံပစ္စည်းတင်သွင်းမှုကို အခွန်တိုးကောက်တာဟာ သိပ်ပြီး အထောက်အကူမဖြစ်နိုင်ပါဘူး။ အခွန်နှုန်းတိုးမြှင့်ပြီး အခွန်ကောက်စရာ ပစ္စည်းလျော့ကျသွားရင် အခွန်ရရှိမှုကို မြင့်တက်စေမှာ မဟုတ်ပါဘူး။
၁၄။ မှတ်ချက် [u14]. The situation will worsen if the running private enterprises fall. ‘Running private enterprises fall’ ဆိုတဲ့ အင်္ဂလိပ်စကားလုံး အသုံးအနှုန်းဟာ ညံ့ဖျင်းတဲ့ အသုံးအနှုန်းပါ။ ပြန်လည်ပြင်ဆင်ဖို့ အကြံပြုပါတယ်။
၁၅။ မှတ်ချက် [u15]. မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းက လျော့ကျသွားခြင်း မရှိသေးပါဘူး။ နိုင်ငံလူဦးရေရဲ့ ၂၆ ရာခိုင်နှုန်းုဟာ စီးပွားရေးချို့တဲ့တဲ့ အနေအထားနဲ့ နေထိုင်နေရတုန်းပါပဲ။ ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းအရ နိုင်ငံ ၁၈၇ နိုင်ငံစာရင်းရဲ့ အဆင့် ၁၅ဝ မှာ မြန်မာနိုင်ငံ ရှိနေဆဲ ဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ မြန်မာ့လူဦးရေ ၂၆ ရာခိုင်နှုန်း ဆင်းရဲနွမ်းမှုအောက် ရှိနေတယ်ဆိုတာ Integrated Household Living Conditions Assessment (IHLCA) နိုင်ငံအနှံ့စစ်တမ်းရလဒ်ဖြစ်ပြီး UNDP လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းနှင့် သက်ဆိုင်မှုမရှိပါ။
၁၆။ မှတ်ချက် [u16]. စီးပွားရေး ပြိုလဲနိုင်ခြေ၊ လူမှုရေးမညီမျှမှုတွေက ပြည်သူလူထုအပေါ် ဖိစီးနေပါတယ်။ စီးပွားရေး ပြိုလဲမှုနဲ့ လူမှုရေးမညီမျှမှုတွေကြောင့် ကျွန်တော်တို့ အသက်ရှုတဲ့ လေထု ကုန်ခမ်းသွားမှသာ မြန်မာပြည်သူတွေ အသက်ရှုမွန်းကြပ်မှာပါ။ စိတ်မပူပါနဲ့။ ခန့်မှန်းလို့ရသလောက် အနာဂတ်မှာ ဒါဟာ ဖြစ်နိုင်ခြေ မရှိပါဘူး။
၁၇။ မှတ်ချက် [u17]. အစိုးရ၊ အတိုက်အခံ၊ လွှတ်တော်ရော၊ သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးတွေပါ နှုတ်ဆိတ်ကြည့်နေလို့ မရတော့ပါဘူး။
ကျွန်တော်သိရသလောက်တော့ သမ္မတဦးသိန်းစိန်၊ သူ့အကြံပေးတွေ၊ အစိုးရ၊ လွှတ်တော်နဲ့ အတိုက်အခံဟာ လက်ရှိအခြေအနေကို ထိုင်ပြီး ကျေနပ်မနေပါဘူး။ သေချာအောင် အသိပေးပါတယ်။ တိုင်းပြည်မှာရှိတဲ့ အဖွဲ့အစည်းတွေကို နှစ်ငါးဆယ်ကျော် စနစ်တကျ ဖျက်ဆီးပြီး ဦးဆောင်ခန့်ခွဲအမှားတွေအောက် နှစ်ငါးဆယ်နေပြီးတဲ့နောက် ပြန်လည်ထူထောင်တဲ့အချိန်မှာ သက်သောင့်သက်သာအခြေအနေဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ထဲက ဘယ်သူမှလည်း ထိုင်ပြီး ကျေနပ်မနေပါဘူး။
၁၈။ မှတ်ချက် [u18]. ၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံမှာ စီးပွားရေးယိုင်လဲ ပြိုကျမှုကတစ်ဆင့် ပေါက်ကွဲမှုတွေ ဖြစ်လာပါလိမ့်မယ်။
ဒီဆောင်းပါးထဲမှာ recession, depression, economic collapse နဲ့ economic failure တွေကို ဖလှယ်ပြီး အသုံးပြုထားတာတွေ့ရပါတယ်။ ဒီစကားလုံးတွေကို မြန်မာလို ဘယ်လို အဓိပ္ပာယ်ဖွင့်လဲဆိုတာ ကျွန်တော်တို့ကို ရှင်းပြမယ်ဆိုရင် အထောက်အကူဖြစ်ပါလိမ့်မယ်။
(သမ္မတ၏ စီးပွားရေးအကြံပေး ဦးမြင့်မှ ပေးပို့လာသော အိတ်ဖွင့်ပေးစာအား မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြထားခြင်းဖြစ်ပါသည်။)

Most Read

Most Recent