အမိမြေကို ကာကွယ်ပါ

အမိမြေကို ကာကွယ်ပါ
Published 6 April 2015
မောင်တင်ဦး (မြောင်းမြ)

မြေကဖွားတဲ့ လူသားအမိမြေရင်ခွင်က မွေးဖွားလာတဲ့ လူသားတွေ အမိမြေရင်ခွင်ကို ခြေစုံကန်ပြီလား။ လူသားအဖြစ် ပေါ်ပေါက်လာဖို့ အမိမြေသားဟာ နှစ်သန်းပေါင်းများစွာ လိုအပ်သလို ပြုပြင်ပြီးမှ လူသားကို မွေးထုတ်နိုင်ခဲ့တယ်။ အသက်ရှူဖို့ အောက်ဆီဂျင်ဓာတ်ငွေ့ ကမ္ဘာမြေအနှံ့ ဖြန့်ကြက်ပေးတယ်။ သောက်သုံးဖို့ရေ လိုသလောက် ခပ်ယူသုံးစွဲစေတယ်။ မွေးဖွားစ ကမ္ဘာဦးလူသားဟာ ကမ္ဘာမြေသားပေါ်က ကျွေးတဲ့ သလေးစပါး၊ သစ်သီးသစ်ဥ ရသမျှကို အသင့်စားကြတယ်။ အသား၊ ငါးကို အမဲလိုက်စားကြတယ်။ ဒီလို အဆင်သင့်စားနိုင်ဖို့ ကမ္ဘာကြီးက လိုလေသေးမရှိ ပြင်ဆင်ပေးတယ်။ စားဝတ်နေရေး ကမ္ဘာမြေပေါ်မှာ လူသားအပါအဝင် သက်ရှိသတ္တဝါ အားလုံးအတွက် လိုလေသေး မရှိစေရဘူး။ဒါပေမဲ့ လူတွေက တိရစ္ဆာန်တွေ မဟုတ်ဘူး။ တိရစ္ဆာန်လို မနေဘူး။ လူတွေမှာ အသိဉာဏ်ရှိတဲ့ ဦးနှောက်ပါလာသလို တစ်ကိုယ်ကောင်းဆန်တဲ့ အတ္တစိတ်လည်း ပါလာတယ်။ အသိဉာဏ်ရှိတဲ့ ဦးနှောက်က ဆင်ခြင်တုံတရားကို ဖြစ်စေသလို အတ္တစိတ်က ဆင်ခြင်တုံတရားကို ကင်းမဲ့စေတယ်။ ဉာဏ်ရှိတဲ့ ဦးနှောက်နဲ့ အတ္တစိတ်တို့ပေါင်းပြီး လူဟာ တိရစ္ဆာန်တွေနဲ့ ခြားနားလာတယ်။ လူတွေဟာ အဆင့်မြင့်လာတယ်။ အဲဒီ အဆင့်မြင့်မှုတွေက အမိမြေကို ခြိမ်းခြောက်တော့တာပဲ။ အတ္တဉာဏ် ကြီးလာလေလေ ကြောက်စရာကောင်းလာလေလေပဲ။ လူသားတွေရဲ့ အတ္တဉာဏ်က အမိမြေရဲ့ ကျေးဇူးကို မထောက်ထားနိုင်ကြတော့ဘူး။ အတ္တက အလွန်ကြီးစိုးလာပြီကော။ 
လူသားအသုံးချခံ အမိမြေစစချင်း မြေကို စိုက်ပျိုးဖို့ အပေါ်ယံမြေလွှာကိုပဲ သုံးတယ်။ နောက် မြေအပေါ်ယံကမြေကို အားမရလို့ ထွန်ယက်ပြီး မြေဆီလှန် စိုက်ပျိုးတယ်။ နောက်မြေပေါ်က ပြေးလွှားဆော့ကစားနေတဲ့ အပြစ်မဲ့ တိရစ္ဆာန်တွေ၊ သတ်ဖြတ်ဖမ်းယူ စားသောက်တယ်။ နောက်ခြံခတ်ပြီး မွေးမြူကာ လိုတဲ့အချိန် သတ်ဖြတ်စားသောက် လာကြတယ်။ မြေပေါ်မှ ရေထဲအထိ နယ်မြေစားကျက် ချဲ့ထွင်ကာ ငါးတွေ၊ ပုစွန်တွေ ဖမ်းယူစားသောက်ကြတယ်။တစ်ဖန် ဂူအောင်း လူသားအဖြစ်မှ ဂူအပြင်ထွက်ပြီး နေစရာအိမ်တွေ ဆောက်လာကြတယ်။ သဘာဝအရ အလေ့ကျပေါက်တဲ့ သစ်ပင်၊ ဝါးပင်တွေကို ခုတ်ကြတယ်။ ချက်ပြုတ်စရာ လောင်စာအဖြစ် နေထိုင်စရာ အိမ်အဖြစ် အသုံးချကြတယ်။ လက်နက်ကိရိယာ အသုံးအဆောင်အဖြစ် ကျောက်တွေ၊ သတ္တုတွေကို အသုံးပြုလာတယ်။ဒီလိုနဲ့ မြေကမ္ဘာပေါ်မှာ ရှိသမျှဟာ သက်ရှိ၊ သက်မဲ့ အရာအားလုံးဟာ လိုသလို အသုံးချလို့ ရတယ်လို့ သိလာကြတယ်။ အဲဒီအချိန်ကစပြီး လူသားတွေ အတ္တစိတ်ကို ဗဟိုပြုပြီး ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ပတ်ဝန်းကျင်အတွက်၊ ငါ့ရပ်ကွက်အတွက်၊ ငါ့မြို့အတွက်၊ ငါ့တိုင်းပြည်အတွက်၊ ငါ့လူမျိုးအတွက်ဆိုတဲ့ အတ္တစိတ်တွေ ကြီးထွားလာတယ်။ ကောင်းတဲ့စိတ်လည်း ဖြစ်သလို မကောင်းတဲ့စိတ်လည်း ဖြစ်တယ်။ဒီလိုစိတ်တွေနဲ့ လူသားဟာ မြေကမ္ဘာပေါ် နှစ်သန်းပေါင်းများစွာ ရပ်တည်နေထိုင်လာတာ ယနေ့ခေတ်အထိ တိုင်ခဲ့ပြီ။ကျောက်ခေတ်မှ ယနေ့အိုင်တီခေတ်အထိ လူတွေဟာ ရှေ့သို့လှမ်းချီဖို့ပဲ စဉ်းစားနေကြတယ်။ နယ်ချဲ့ဖို့၊ သူ့နယ်မြေက ထွက်သမျှ ပိုင်ဆိုင်ဖို့၊ ကိုယ်သာလျှင် အရှင်သခင်ဖြစ်ဖို့၊ လူသားတွေဟာ စစ်တိုက်ဖို့ ဝန်မလေးကြတော့ဘူး။ မိမိခြေထောက်အောက်က မိမိတို့ မားမားမတ်မတ် ရပ်တည်နိုင်ဖို့ အထောက်အကူပေးနေတဲ့ မြေသားကို သတိမပြုမိကြဘူး။ မေ့လျော့နေတဲ့ လူသားတွေ သတိပြုမိဖို့ မြေသားက ငလျင်လှုပ်ပြတယ်။ ရေတွေကြီးပြတယ်။ မုန်တိုင်းတွေ ထန်ပြတယ်။ ရာသီဥတု ဖောက်ပြန်ပြတယ်။ မြေကမ္ဘာဟာ သူရဲ့နာကျင်မှုကို နည်းမျိုးစုံနဲ့ ဖော်ပြတယ်။ မိမိအတ္တအတွက်ပဲ ကြည့်တတ်တဲ့ လူသားတွေ မြေကမ္ဘာရဲ့ ဝေဒနာကို တော်တော်နဲ့ သတိမပြုမိကြဘူး။ စာနာမှု မပေးကြဘူး။မိမိလက်ရှိပိုင်ဆိုင်တဲ့ မြေကြီးထက် တစ်လက်မရရင် တစ်လက်မ ပိုနယ်ချဲ့ဖို့၊ တစ်ပေ၊ တစ်မိုင်ပိုရရင် ရသမျှပိုယူဖို့။ နောက်ဆုံး သူ့ပိုင်နိုင်ငံကို ငါ့ပိုင်နိုင်ငံဖြစ်ဖို့၊ နယ်ချဲ့ ကျူးကျော်ကြ စစ်ဖြစ်ကြတယ်။ စစ်ကြောင့် ကမ္ဘာမြေကြီးရဲ့ မျက်နှာပြင်ဟာ ရုပ်ဆိုး အကျည်းတန်ရတယ်။ လူသားတွေရဲ့ အတ္တစိတ်ကြောင့် လူတွေရဲ့ မျက်နှာဟာ ရုပ်ဆိုးရသလို ဗုံးဆန်၊ အမြောက်ပေါက်ကွဲလို့၊ ကတုတ်ကျင်းတူး၊ သေသူမြှုပ်ဖို့ ကျင်းတူးရတာကြောင့် ကမ္ဘာမျက်နှာပြင်ဟာ ချိုင့်ဝှမ်းတွေ ထူထပ်ရုပ်ဆိုးခဲ့ရတယ်။ နာဂစ်မုန်တိုင်းလို ကြီးမားတဲ့ ဘေးဒဏ်ဖြစ်လာတော့မှ မြေကမ္ဘာကြီးနဲ့ သဘာဝတရားကို လူသားတွေ သတိပြုမိလာတယ်။ 
မြေကမ္ဘာ ငိုပြီစင်စစ် လူသားတွေရဲ့ လျစ်လျူ ရှု၊ ထင်တိုင်းကြဲခံနေရတဲ့ မြေသားက နောက်ဆုံးမခံတော့မှ လူတွေကို သတိပေးတာပါ။ တိုက်တွေဆောက်ဖို့ မြေကြီးထဲ ပိုင်ရိုက်ထည့်။ မြေကြီးခမျာ ဖိနှိပ်တဲ့ဒဏ်ကို မချိမဆံ့ခံရင်း ထမ်းပိုးထားရတယ်။ မြေကြီးပေါ်က အရိပ်ရအေးမြဖို့ ပေါက်နေတဲ့ သစ်ပင်တွေကို လူသားတွေ သူတို့ အကျိုးအတွက် မညှာမတာ ခုတ်လဲကြတယ်။ အပူဒဏ်ကို မြေသားခမျာ တိုက်ရိုက်ထိတွေ့ ခံစားရပြန်တယ်။ သဘာဝအရ မြင့်ရာမှ နိမ့်ရာသို့ စီးမျောနေတဲ့ ရေတွေကို ပိတ်ဆို့ပြီး မြစ်တွေ ချောင်းတွေကို ဘဝပြောင်းစေတာကိုလည်း ကြိတ်မှိတ်ခံနေရပြန်တယ်။ကမ္ဘာမြေဟာ လူသားတွေရဲ့ အတ္တစိတ်ကြောင့် တောတွေပြောင်၊ လယ်တွေပြုန်း၊ ရေထု၊ လေထုတွေ ညစ်ညမ်း၊ မူလတောင်တွေ တူးဆွပြီး မြေပြန့်ဖြစ်ရ။ မြေပြန့်တွေကို ရေနံရဖို့၊ ရွှေရဖို့၊ ကြေးနီရဖို့ မြေတွေ အဆမတန်တူး။ ခုတော့ တွင်းတွေ၊ ချိုင့်တွေ ဖြစ်လာပြီ။ မြေလွတ်၊ မြေပြန့်တွေပေါ် အထပ်မြင့်တိုက်တွေဆောက်၊ မူလရှိရင်းစွဲ မြေကမ္ဘာမျက်နှာပြင်ဟာ အခုဆို လုံးဝပြောင်းလဲ သွားခဲ့ရပြီ။ ဒီလိုပြုပြင်ပြောင်းလဲရုံနဲ့ အားမရသေးဘူး။ ဒီမြေကို ငါပိုင်တယ်။ သူပိုင်တယ်ဆိုကာ အငြင်းပွားရန်ဖြစ်၊ လူသတ်၊ သွေးတွေမြေပေါ်ကျ။ အလောင်းတွေ မြေပေါ်ကျ။ စင်စစ်မြေကမ္ဘာက လူသားတွေကို နေဖို့ပြင်ဆင်ပြီး နေခွင့်ပေးခဲ့တာ။ ခုတော့ လူသားတွေက သူပိုင်မြေ၊ ကိုယ်ပိုင်မြေဆိုပြီး ဆိုင်းဘုတ်တွေ ထူကြ၊ သံဆူးကြိုးတွေ ကာကြ။ မြေကမ္ဘာ ငိုရုံမှတစ်ပါး ဘာမှ မတတ်နိုင်တော့ဘူး။ကြာလာတော့ မြေကမ္ဘာရဲ့ သဘာဝတရား မြေကမ္ဘာငိုတာကို လူသားတွေသိအောင် သတိပေးလာတယ်။ ရာသီဥတု ဖောက်ပြန်လာတယ်။ မြစ်တွေသောင်ထွန်းပြတယ်။ အချိန်အခါမဟုတ် မိုးရွာပြတယ်။ ငလျင်တွေ လှုပ်ပြတယ်။ အိုဇုန်းလွှာတွေ ပေါက်ပြတယ်။ ကမ္ဘာကြီးတစ်ခုလုံး အပူဒီဂရီတွေ မြင့်တက်လာစေတယ်။ ဝင်ရိုးစွန်းက ရေခဲတောင်တွေ အရည်ပျော်ပြတယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတယ်။နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနားကို မြစ်ဆုံတွင် ဒေသခံများနှင့် အဖွဲ့အစည်းများ မတ် ၁၄ ရက်က ကျင်းပခဲ့စဉ် (ဓာတ်ပုံ - ထွန်းလင်းအောင်)
ဒီတော့မှ လူသားအချို့က သတိပြုမိလာတယ်။ အဲဒီ လူသားအချို့ဆိုတာ အသိဉာဏ်မြင့်မားတဲ့၊ ဦးနှောက်ရှိတဲ့လူတွေ ဖြစ်တယ်။ အထူးသဖြင့် သဘာဝကို အတ္တထက်ပိုချစ်တဲ့ သိပ္ပံပညာရှင်တွေ ဖြစ်တယ်။ သူတို့ဟာ စစ်မတိုက်တတ်ဘူး။ ငွေကြေး၊ ဂုဏ်ပကာသနတွေကို မမက်မောဘူး။ ပတ်ဝန်းကျင် သဘာဝပျက်သုဉ်းရင် မြေကမ္ဘာပျက်သုဉ်းတော့မှာကို ကောင်းကောင်းသဘောပေါက်ကြသူတွေ ဖြစ်တယ်။ လူသားဟာ အတ္တကြောင့် အသက်ရှင်သန်နေတာ မဟုတ်ဘူး။ မြေကမ္ဘာတည်ရှိမှုကြောင့် အသက်ရှင်နေတာ။ မြေကမ္ဘာပျက်သုဉ်းလို့ လုံးဝမဖြစ်နိုင်ဘူး။ ပန်းသီးတစ်လုံး ခေါင်းပေါ်ပြုတ်ကျလာတာကို စားဖို့အတွက်သာ လူဖြစ်နေတဲ့  လူငတုံးတွေက ကောက်စားတယ်။ လူ့တာဝန်ကျေဖို့ အတွက်သာ စားနေတဲ့ လူတစ်ယောက်က မစားခင် လူ့တာဝန်ကို အရင် သူစဉ်းစားတယ်။ ကမ္ဘာမြေကြီးမှာ ဆွဲငင်အားရှိတာကို သတိပြုမိတယ်။ အဲဒီလိုနဲ့ နယူတန်နိယာမဆိုတာ ပေါ်လာတယ်။ဝတ္ထုတစ်ခုကို ဝတ္ထုတစ်ခုက ထိတွေ့ရင် သူနဲ့အရှိန်တူ တန်ပြန်တွန်းကန်မှု ဖြစ်စေတယ်ဆိုတာ ထာဝရမှန်ကန်တဲ့ သီအိုရီကို Isaac Newton က ထုတ်ဖော်ပေးခဲ့တယ်။ဆိုတော့ တိုင်းပြည်ကို ချစ်လို့ စစ်တိုက်နေရုံနဲ့ တိုင်းပြည် မတည်တံ့နိုင်တော့ဘူး။ အဲဒီတိုင်းပြည်ရဲ့ သဘာဝဖြစ်စဉ်တွေကို ဖျက်ဆီးနေတာဟာ စစ်ရှုံးလို့ ပေးဆပ်ရတာထက် ပိုမိုကြီးမားတယ်။ စစ်တိုက်ဖို့သာ စိတ်ထက်သန်နေတဲ့ လူတွေက သစ်ပင်စိုက်ဖို့ စိတ်ကူးမှာ မဟုတ်ဘူး။ သစ်ပင်ခုတ်ရောင်းစားပြီး လက်နက်ဝယ်ဖို့ပဲ စိတ်ကူးနေမှာ။ ဖြတ်လမ်းနဲ့ ကြီးပွားသူတွေကလည်း သစ်ပင်ခုတ်ပြီး ဘိန်းစိုက်နေမှာ။ထို့အတူ သစ်ပင်တွေခုတ်၊ ရသမျှရောင်းစား။ ရွှေတွေတူး၊ ရသမျှရောင်းစား။ ဓာတ်ငွေ့တွေတူး၊ ရသမျှရောင်းစား။ အဲဒီပိုက်ဆံတွေက မြေကမ္ဘာကို ကာကွယ်မပေးနိုင်ဘူး။စစ်တိုက်နေရတာ၊ ဘိန်းစိုက်နေရတာတွေကြောင့် အမိမြေကို ကာကွယ်စောင့်ရှောက်ဖို့ အချိန်လည်း မရှိဘူး။ သတိလည်း မရဘူး။ ဒါဆို သစ်ပင်မရှိတဲ့ တိုင်းပြည်၊ လေမသန့်တဲ့ တိုင်းပြည်၊ ရေညစ်ညမ်းတဲ့ တိုင်းပြည်၊ သယံဇာတကုန်ခန်းတဲ့ တိုင်းပြည်။ နည်းပညာနိမ့်ပါးတဲ့ တိုင်းပြည်၊ လူသားအရင်းအမြစ် ပျိုးထောင်မပေးနိုင်တဲ့ တိုင်းပြည်။ အဲဒီတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ပါ့မလား။ တိုင်းပြည်ရေရှည် တည်တံ့ပါ့မလား။ထို့အတူ တိုင်းပြည်မှာ နေထိုင်တဲ့ လူသားတွေကလည်း ကိုယ့်အတ္တအတွက်ပဲ ရုန်းကန်လှုပ်ရှားနေကြမယ်။ တိုင်းပြည်ရဲ့ ရေ၊ မြေ၊ လေ၊ သစ်တော၊ ရာသီဥတုကို စောင့်ရှောက်ဖို့ အသိဉာဏ် မရှိဘူး။ မိမိ အတ္တအတွက်ပဲ စဉ်းစားနေကြမယ်။ လုပ်ကိုင်စားသောက်နေကြမယ်။ ဒါဆို ဒီတိုင်းပြည် ရှေ့အနာဂတ် ဘာဖြစ်သွားမလဲ။ 
အမိမြေကို ကာကွယ်ရမယ်ဆိုတော့ တိုင်းပြည်အမိမြေကို ကာကွယ်ရပါတော့မယ်။ ဒီလို ကာကွယ်ရာမှာ စစ်ရေးအမြင် တစ်ခုတည်း ကြည့်တဲ့အမြင်ဟာ မျက်မှောက်ခေတ် အဆင့်မြင့်လူသားတွေအတွက် မလုံလောက်တော့ပါဘူး။ တိုင်းပြည်တည်တံ့ဖို့ သစ်တောတွေ ဝေဆာရမယ်။ သယံဇာတတွေ အကုန်သုံးမပစ်ရဘူး။ သားစဉ်မြေးဆက်အတွက် လူသားတာဝန်အရ အမွေထားရစ်ရမယ်။ မြစ်ချောင်းအင်းအိုင်တွေ သဘာဝအတိုင်း သန့်ရှင်း ကြည်လင်နေရမယ်။ မြေကြီးဟာ စစ်မြေပြင် ဖြစ်မနေရဘူး။ မြေကြီးဟာ စီးပွားရေးစားကျက် သက်သက် မဖြစ်ရဘူး။ သစ်ပင်ပန်းမန် စပါးသီးနှံတွေ ဝေဆာနေရမယ်။ထို့အတူ လူသားတွေမှာ ယဉ်ကျေးသိမ်မွေ့တဲ့ အသိဉာဏ်၊ ဆင်ခြင်တုံတရား ပြည့်ဝနေရမယ်။ နည်းပညာ၊ စာပေပညာ မြင့်မားစွာ အသုံးချနိုင်ရမယ်။ ငြိမ်းချမ်းတဲ့နယ်မြေမှာ သန့်ရှင်းလတ်ဆတ်တဲ့လေ၊ ကြည်လင်သန့်ရှင်းတဲ့ရေ၊ အသိဉာဏ်မြင့်မားပြီး အတ္တနည်းပါးတဲ့လူသား၊ ဒါတွေကသာ အမိမြေကို ကာကွယ်နိုင်မှာ။နောက်ဆုံး မိမိကို မွေးဖွားလိုက်တဲ့ အမိမြေကို ကာကွယ်ဖို့ တာဝန်အရှိဆုံးက လူသားတွေပဲ။ နှစ်သန်းပေါင်းများစွာ နေထိုင်လာခဲ့ရတဲ့ ကျေးဇူး။ လိုသမျှ အကုန်ရနေတဲ့ ကျေးဇူး။ မိခင်နဲ့တူတဲ့ ကျေးဇူး။ အဲဒီ ကျေးဇူးတွေကို ထောက်ထားပြီး အမိမြေကို ကာကွယ်ရမှာ ဖြစ်သလို အမိမြေတည်တံ့ပါမှ လူသားတွေလည်း တည်တံ့မှာ ဖြစ်တာကိုလည်း သတိမမေ့ကြစေချင်ဘူး။အမိမြေကို ကာကွယ်နိုင်တဲ့ လူသားတွေဟာ ရေရှည်အကျိုးကို မျှော်ကိုးတဲ့ အသိဉာဏ် ဦးနှောက်ရှိရမယ်။ မိမိကိုယ်ကျိုးသာ ကြည့်တတ်တဲ့ အတ္တစိတ်တွေ နည်းနိုင်သမျှ နည်းရမယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်ရမယ်။ ဒီလိုလူ သားတွေကသာ အမိမြေကို ကာကွယ်နိုင်မှာ ဖြစ်ကြောင်းပါ။

Most Read

Most Recent