(၁) စီးပွားရေးလေ့လာ သရုပ်ခွဲခြင်း (Economic Analysis) ဟု ဆိုရာတွင် အတိတ်ကာလများနှင့် ဆက်စပ်၍ ပစ္စုပ္ပန်စီးပွားရေး အနေအထားကို အဓိက လေ့လာသရုပ်ခွဲခြင်း၊ လက်ရှိပစ္စုပ္ပန် အခြေအနေများ (ပစ္စုပ္ပန်ရှိ မူဝါဒများ)ပေါ် အခြေခံ၍ အနာဂတ်တွင် ဖြစ်တည်လာနိုင်သော စီးပွားရေးအနေအထားကို ခန့်မှန်းပုံဖော်ကြည့်ခြင်းဟူ၍လည်း ရှိသည်။(၂) တစ်နည်းအားဖြင့် ယနေ့နိုင်ငံတွင်းရှိ စုစုပေါင်းလူဦးရေနှင့် စားလိုက်သော လူတစ်ဦးချင်းဝင်ငွေ မည်ရွေ့မည်မျှ မြင့်တက်လာသည်ဆိုသည့် အချက်သာမကဘဲ ယင်းနိုင်ငံသားတိုင်း ဝင်ငွေအုပ်စုကြီးများ (Income Categoines) သို့မဟုတ် ဝင်ငွေအလွှာများ (Income layer) တို့အကြားတွင် ဖြစ်ပေါ်လာနေသည့် (သို့မဟုတ်) ဖြစ်ပေါ်လာနိုင်သည့် ဝင်ငွေကွာဟမှုပုံစံများ၊ ထိုဝင်ငွေအလွှာအသီးသီး၏ စားသုံးမှုပုံစံများ၊ စုဆောင်းနိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့နှင့် GDP ၏ အနေအထားများ စသည်တို့ကို လေ့လာဆန်းစစ်ခြင်းလည်း ဖြစ်သည်။(၃) လူသားတို့၏ လက်တွေ့ကျသော တုံ့ပြန်မှုများ (Rational Responses) (သို့) လက်တွေ့ကျသော ဆုံးဖြတ်ချက်များ၏ သဘောသဘာဝကိုလည်း လေ့လာရလေ့ရှိသည်။ ဆိုလိုသည်မှာ အစိုးရ၏ မူဝါဒ အပြောင်းအလဲတိုင်း (မူဝါဒ အပြောင်းအလဲတိုင်း)တွင် ဆက်စပ်၍ ဖြစ်ပေါ်လာသော နိုင်ငံစီးပွားရေးအပေါ် သက်ရောက်မှုပေးနိုင်သော ယင်းတုံ့ပြန်မှုများကို လေ့လာရလေ့ရှိသည်။ ဥပမာ အခွန်ပိုတိုးကောက်လျှင် အခွန်ရှောင်ခြင်းများ၊ ရင်းနှီးမြှုပ်နှံမှုကို လျှော့ချခြင်းများကို ပြုလုပ်နိုင်သကဲ့သို့၊ ရေတိုအကျိုးအမြတ် ရရှိစေမည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လေ့လည်း ရှိနိုင်သည်။(၄) ဥပမာအားဖြင့် အိမ်ထောင်စုများ၏ စုဆောင်းမှု (SH)၊ အစိုးရ၏ စုဆောင်းမှု (SG)နှင့် နိုင်ငံခြားသားတို့၏ စုဆောင်းမှု (တစ်နည်းအားဖြင့် FDI) (SF) တို့ စုစုပေါင်းသည် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ (I) ဖြစ်သည်။ ၎င်းအပြင် အစိုးရ၏သုံးစွဲမှု (G) နှင့် အစိုးရ၏ စုဆောင်းမှု (SG) တို့ပေါင်းခြင်းသည် သွယ်ဝိုက်အခွန် (TX) နှင့် အိမ်ထောင်စုများအပေါ်မှ ကောက်ခံရရှိသော တိုက်ရိုက်အခွန် (TH) တို့ ပေါင်းခြင်းနှင့် ညီမျှသည်။(၅) ထို့ကြောင့် (TX + TH) သည် (G+ SG) ဖြစ်သကဲ့သို့ (SH + SG + SF) သည်လည်း I ဖြစ်သည် ဆိုလိုသည်မှာ မည်ရွေ့မည်မျှသော တိုက်ရိုက်ခွန်နှင့် သွယ်ဝိုက်ခွန်များကို တိုးမြှင့်ကောက်ခံလျှင် အစိုးရ၏ အသုံးစရိတ်နှင့် စုဆောင်းမှုတို့အတွက် ဖြစ်တည်စေမည်နည်းဆိုသော အချက်ပင်ဖြစ်သည်။ ဤတွင် ဘတ်ဂျက်လိုငွေပြခြင်းသည် အစိုးရ၏ Negative Saving (လိုငွေပြစုဆောင်းမှု)ဖြစ်ပြီး၊ ယင်းအတွက် တစ်နည်းအားဖြင့် အိမ်ထောင်စုများ၏ စုဆောင်းမှု (SH) နှင့် ပြည်ပနိုင်ငံခြားသားများ၏ စုဆောင်းမှု (SF) တို့အပေါ်တွင် မည်ရွေ့မည်မျှ အားဖြည့်စေရမည်နည်းဆိုသည့် အချက်ပင် ဖြစ်သည်။(၆) ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မှု ▲I=It1-It0 ဖြစ်သဖြင့် ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်စေမှုအတွက် ပြည်တွင်းအရင်းအနှီးများ (သို့မဟုတ်) ပြည်ပအရင်းအနှီးများတွင် မည်သည့် အရင်းအနှီးများကို အဓိကအခြေခံထားနေရသနည်း ဆိုသည်ကိုလည်း လေ့လာဆန်းစစ် ရပေသည်။(၇) အထက်တွင် ဆိုခဲ့သည့်အတိုင်း လူသားတို့၏ သဘာဝအပြုအမူ (Human Behaviour) အရ မူဝါဒ အပြောင်းအလဲများ ဖြစ်ပေါ်လာတိုင်း ယင်းနှင့် လိုက်လျောညီထွေရှိစွာ တုံ့ပြန်မှုများ ပြုလုပ်လေ့ရှိသည်။(၈) ယင်းကဲ့သို့သော တုံ့ပြန်မှုများ၏ ရလဒ်အဖြစ်ဖြင့် ပုံစံသစ် (သို့မဟုတ်) အနေအထားသစ်သို့ ရောက်ရှိလာသော်လည်း ယင်း၏ ကောင်းကျိုး (သို့မဟုတ်) ဆိုးကျိုးများသည် မည်သည့်ဝင်ငွေအလွှာကို မည်ရွေ့မည်မျှ သက်ရောက်မှု ပေးနိုင်မည်နည်း ဆိုသည်ကို လေ့လာရပေသည်။(၉) ယင်းတို့ကဲ့သို့သော စီးပွားရေး အခြေအနေများကို ရုပ်လုံးဖော်ကာ ကြည့်နိုင်သော Bench Mark Data များကို တည်ဆောက်ခြင်းဖြင့် လက်ရှိပစ္စုပ္ပန်စီးပွားရေး အနေအထားကို တစ်စိတ်တစ်ပိုင်း သိမြင်နိုင်သကဲ့သို့ အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်ခြေရှိသော စီးပွားရေး အနေအထားကိုလည်း သရုပ်ခွဲခြင်း (Anatomy/Analyais) များ ပြုလုပ်နိုင်သည်။











