အဝါရောင်နှစ်သစ်ဆီသို့

အဝါရောင်နှစ်သစ်ဆီသို့
Published 4 April 2015
မောင်ကြည်

ပိတောက်တွေ လှိုင်လှိုင်ပွင့်ခဲ့ပြီ။ တစ်လမ်းလုံး အဝါရောင်တွေ လွှမ်းနေတယ်။ ပိတောက်ရနံ့တို့ သင်းပျံ့မွှေးကြိုင်လို့ နှစ်သစ်ကို ကြိုဆိုနေကြပါတယ်။ မကြာမီ သင်္ကြန်ကျတော့မည် မဟုတ်ပါလား။ပိတောက်ဆိုတာ သင်္ကြန်ရဲ့သင်္ကေတ။ သင်္ကြန်ဆိုတာ “ပြောင်းလဲခြင်း” ရဲ့နိမိတ်ပုံ။ ဒါကြောင့် ရွှေဝါရောင်ပိတောက်ပန်းဟာ “ပြောင်းလဲခြင်း” ကို သယ်ဆောင်လာခဲ့တဲ့ပန်းလို့ ပြောလို့ရပါတယ်။ အဲဒါကြောင့် အဝါရောင်ဟာ ပြောင်းလဲခြင်း။ ပြောင်းလဲခြင်းဟာ အဝါရောင်။ကျွန်တော်အဲဒီလိုပဲ ကောက်ချက်ချနေမိပါတယ်။ဒီမနက် အလုပ်ရှိရာသို့လာရာ လမ်းတစ်လျှောက်လုံးမှာ ပိတောက်ပန်းတွေနဲ့ သင်းပျံ့မွှေးကြိုင်လျက် ရှိနေပါတယ်။ အဲဒီ ပိတောက်ပန်းတွေဟာ နှစ်သစ်ကို ကြိုဆိုဖို့ အစွမ်းကုန် ဖူးပွင့်ဝေဆာနေကြပါလားလို့ ကျွန်တော်တွေးနေမိပါတယ်။ ကျွန်တော်ဟာ ပိတောက်ပန်းရဲ့အဝါရောင်ကို နှစ်သက်ရွှင်လန်းစွာ ကြည့်မဝရှုမဝ ဖြစ်နေမိပါတယ်။ တကယ်တော့ ပိတောက်ပန်းဟာ မြန်မာပြည်ရဲ့ သင်္ကေတလို့လည်း ပြောလို့ရပါတယ်။ ဒါ့အပြင် အဝါရောင်ဟာလည်း မြန်မာလူမျိုးတွေအတွက် ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့အရောင်လို့ဆိုရင်လည်း မမှားပါဘူး။ အဘယ့်ကြောင့်ဆိုသော် အဝါရောင်ဟာ “ဗုဒ္ဓသာသနာရဲ့သင်္ကေတ” လည်း ဖြစ်နေလို့ပါပဲ။မြန်မာတွေရဲ့ နှစ်သစ်ကိုကြိုဆိုတဲ့ ပိတောက်ပန်းဟာ အဝါရောင်ဖြစ်နေတာကလည်း ထူးခြားမြင့်မြတ်တဲ့ အတိတ်နိမိတ်တွေ ဆောင်နေသလိုပါပဲ။ ဒါကြောင့်လည်း ဆရာဇော်ဂျီက “ပိတောက်ပန်း” ကဗျာကိုဖွဲ့ဆိုတဲ့အခါမှာ-တဝါဝါ ဆင်သင်္ကန်းရယ်ကကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့သာသနာ ရွှင်ရွှင်လန်းအောင်လို့တမင်မှန်းကာပါ့ သတိဆွယ်ရည်ရွယ်တော့သလား။...လို့ပိတောက်ရဲ့ “အဝါရောင်” ကို သင်္ကန်းတော်ရဲ့ “အဝါရောင်” နဲ့ထပ်တူပြုကာ ခိုင်းနှိုင်းဖွဲ့ဆိုခဲ့ခြင်း မဟုတ်ပါလား။ကျွန်တော်ဟာ ပိတောက်ရနံ့တွေ သင်းပျံ့နေတဲ့ လမ်းတစ်လျှောက်မှာ “အဝါရောင်” ရဲ့မြင့်မြတ်သန့်စင်ပုံကို ဆက်ပြီး တွေးနေမိပြန်ပါတယ်။ အဝါရောင်ဟာ ဉာဏ်ပညာပြည့်ဝမှု၊ အကောင်းမြင်မှု၊ ရွှင်ပျစွာနေထိုင်မှုတို့ကိုလည်း ကိုယ်စားပြုတယ်လို့ မှတ်သားရဖူးပါတယ်။ဒါ့အပြင် ရွှေဝါရောင်အဆင်းရှိတဲ့ အဝါရောင်မှာ ဆွဲဆောင်မှု၊ ဖြားယောင်းမှု၊ နှစ်လိုဖွယ်ရှိမှု၊ ယုံကြည်မှုတို့လည်း ရောနှောပါင်းစပ် ပါဝင်နေတယ်လို့လည်း ဆိုကြပါသေးတယ်။ဒါဆိုရင် ကျွန်တော်တို့ရဲ့ မြန်မာနှစ်သစ်ကူး ပိတောက်ပန်းမှာ အဲဒီအဓိပ္ပာယ်တွေ အားလုံး အကျုံးဝင်နေတယ်လို့ ပြောရပါလိမ့်မယ်။ ကျွန်တော်တို့ ဂုဏ်ယူစွာ ချစ်မြတ်နိုးကြတဲ့ ပိတောက်ပန်းဟာ အဲဒီလို အဓိပ္ပာယ်အနှစ်သာရတွေနဲ့ ပြည့်ဝစုံလင်လှတဲ့ ပန်းမြတ်တော်ဝင်ပါလားလို့ ထပ်ဆင့်တွေးမိပြီး ကြည်နူးရပြန်ပါတယ်။သင်္ကြန်ဟာ ကျက်သရေမင်္ဂလာအပေါင်း နဲ့ပြည့်စုံတဲ့ နှစ်သစ်အခါသမယပါပဲ။ အဟောင်းကနေ အသစ်ကို ကူးပြောင်းတဲ့ကာလ ဖြစ်တာမို့လို့ သင်္ကြန်ဟာ ပြောင်းလဲခြင်းရဲ့ နိမိတ်ပုံလို့ပြောကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ပိတောက်ပန်းဟာလည်း ပြောင်းလဲခြင်းကို ဆောင်ယူလာတဲ့ အရောင်ပါပဲ။ဒါဆိုရင် သင်္ကြန်၊ ပိတောက်နဲ့အဝါရောင်တို့ဟာ “ပြောင်းလဲခြင်း” ကို ကိုယ်စားပြုတဲ့ သင်္ကေတတွေပါလားလို့ ကျွန်တော်တို့ မှတ်ယူရပါလိမ့်မယ်။ ပိတောက်တွေ လှိုင်လှိုင်ပွင့်တဲ့ သင်္ကြန်အခါကာလမှာ ကျွန်တော်တို့လူမျိုးဟာ တစ်ဦးနဲ့တစ်ဦး အတာရေပက်ဖျန်းပြီး ကျီစယ်လေ့ရှိကြပါတယ်။ အဲဒီလို အတာရေပက်ဖျန်းခြင်းဟာ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ကို ပါမသွားစေဖို့ ရေနဲ့ဆေးကြောပေးတဲ့ သဘောပါပဲ။ ဒါသည်ပင်လျှင် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်း ခြင်းသဘောပင် မဟုတ်ပါလား။ကျွန်တော်ဟာ သင်္ကြန်နဲ့ဆက်စပ်ပြီး “ပြောင်းလဲခြင်း” ရဲ့အဓိပ္ပာယ်ကို ဆက်ပြီး တွေးနေမိပြန်ပါတယ်။ အဟောင်းမှအသစ်သို့ ကူးပြောင်းမှသာ “စစ်မှန်တဲ့ပြောင်းလဲခြင်း” လို့ ယူဆရပါလိမ့်မယ်။ ထို့အတူ ခေတ်စနစ်တစ်ခုကို ရှုမြင်တဲ့နေရာမှာလည်း ခေတ်ဟောင်းမှ ခေတ်သစ်၊ စနစ်ဟောင်းမှစနစ်သစ်သို့ ကူးပြောင်းမှသာ စစ်မှန်တဲ့အပြောင်းအလဲဟု ယုံကြည်သတ်မှတ်ရပါလိမ့်မယ်။ထိုကဲ့သို့ မဟုတ်ဘဲ အဟောင်းမှအဟောင်းဆီသို့သာ တဝဲလည်လည် ဖြစ်နေမည်ဆိုလျှင် စနစ်ဟောင်းမှ စနစ်ဟောင်းဆီသို့သာ နောက်ကြောင်းပြန်လှည့်နေသည့်အတွက် အတုအယောင်အပြောင်းအလဲဟုသာ ခေါ်ဝေါ်သတ်မှတ်ရပါလိမ့်မယ်။မကြာမီမှာ မြန်မာသက္ကရာဇ်အသစ်တစ်ခုဆီသို့ ဦးတည်နေသည့် မြန်မာနှစ်ဦးပွဲတော်သည် ရွှေဝါရောင်ပိတောက်ပန်းတို့ နှင့်အတူ အတာသင်္ကြန်ကို ဆင်နွှဲဖို့ အားယူနေကြပါပြီ။ ထို့အတူ မြန်မာ့နိုင်ငံရေး အကူးအပြောင်းကိုလည်း သန့်စင်သည့် အဝါရောင်များဖြင့်သာ ကူးပြောင်းကြိုဆိုချင်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် မြန်မာ့နိုင်ငံရေး၏ အတိတ်သမိုင်းစာမျက်နှာများကို အနီရောင်ဆန်သည့် နိုင်ငံရေးစနစ်များဖြင့်သာ ခြယ်မှုန်းခဲ့ကြသောကြောင့် ဖြစ်ပါတယ်။ သို့အတွက် အဝါရောင်ဆန်သည့် နိုင်ငံရေးစနစ်သစ်ဖြင့် ပြောင်းလဲခြယ်မှုန်းမှသာ စစ်မှန်သည့် အပြောင်းအလဲ၏ အနှစ်သာရကို ပြည်သူအားလုံးအပြည့်အဝခံစားကြရလိမ့်မည် မဟုတ်ပါလား။ထို့ကြောင့် “အနီရောင်နိုင်ငံရေး”  မှ “အဝါရောင်နိုင်ငံရေး”  သို့ ကူးပြောင်းမည့် အချိန်ကာလကို ကျွန်တော် စောင့်မျှော်နေမိပါတယ်။ အဆိုပါ အဝါရောင်ဟာ အနီရောင် အစက်အပြောက်များ စွန်းထင်းပေကျံခြင်း မရှိ ပကတိသန့်စင်မွန်မြတ်တဲ့ အဝါရောင် စစ်စစ်သာ ဖြစ်စေလိုပါတယ်။ကုန်လွန်ခဲ့တဲ့နှစ်ဟောင်းမှာ မြန်မာပြည်သူတွေ ခံစားခဲ့ရတဲ့ သောကပရိဒေဝတွေ၊ နာကျင်ကြေကွဲမှုတွေ၊ နစ်နာဆုံးရှုံးမှုတွေ၊ ဖိနှိပ်စိုးမိုး အနိုင်ကျင့်ခံရမှုတွေအားလုံးကို မေတ္တာ ကရုဏာတည်းဟူသော အတာရေဖြင့် ဆေးကြောသန့်စင်ကာ လာမည့်နှစ်သစ်ကို အနီရောင်ကင်းစင်သည့် အဝါရောင်နိုင်ငံရေးစနစ်သစ်ဖြင့်သာ ပြောင်းလဲဆန်းသစ်နိုင်ကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။