အမေတမ်းချင်း

အမေတမ်းချင်း
Published 3 April 2015
မျိုးကို

“ငမျိုး ပြန်လာပြီဟေ့”
 
ခြံဝအရောက်မှာပင် အိမ်ထဲမှ လှမ်းအော်လိုက်သော အမေ့အသံကို ကောင်းကောင်း ကြားလိုက်ရ၏။ ဒီအသံမှာ ဝမ်းနည်းမှုရော ဝမ်းသာမှုပါ အတူရောယှက်နေသည်။ ဝမ်းသာမှုက သားအထွေး ပြန်လာသောကြောင့် အူလှိုက်သည်းလှိုက် ပျော်မြူးခြင်း။ 
ဝမ်းနည်းမှုကတော့ ကျောင်းပိတ်လို့ သားပြန်လာသည့်အချိန်မှာ အိမ်ပေါက်ဝမှ ကိုယ်တိုင်ကိုယ်ကျ ထွက်မကြိုနိုင်သည့် ဖြစ်အင်ကြောင့်။
 
ကျွန်တော် ဆဋ္ဌမတန်းအရောက်မှာ အမေ၏ ရှင်လျက်နှင့် သေရသောဘဝ စတင်ခဲ့သည်။ ထိုနေ့က ကျောင်းပိတ်ရက်မို့ ကျွန်တော် အိမ်မှာရှိနေခဲ့၏။ မနက်ပိုင်းမှာ သားအမိနှစ်ယောက် နွားပို့သွားခဲ့ကြသည်။ နွားပို့ဆိုသည်မှာ နွားမနှင့် နွားပေါက်ကလေးများကို စားကျက်ရှိရာ လယ်တောဘက်ဆီသို့ မောင်းပို့ခြင်း ဖြစ်သည်။ တစ်နေ့ခင်းလုံး စားကျက်မှာပင် ဗိုက်တင်းအောင် မြက်စို၊ မြက်ခြောက်များကို ရှာစားကြပြီး အစာဝသည့်အချိန် ညနေပိုင်းရောက်မှသာ သခင်လိုက်ခေါ်အောင် မစောင့်ဘဲ မိမိတို့ဘာသာ အိမ်အရောက် ပြန်လာကြသည်။ အတော်လိမ္မာသော နွားများပါပေ။ 
 
နွားထီးတွေကတော့ လယ်ယာလုပ်ငန်းခွင်တွေမှာ ပင်ပင်ပန်းပန်း ရုန်းရဆွဲရသည်ဆိုတော့ အိမ်မှာပဲ စင်းပြီးသား နွားစာထဲမှာ ဖွဲနုတို့၊ နှမ်းဖတ် သို့မဟုတ် မြေပဲဖတ်ပုပ်ရည်တို့နှင့် အသေအချာဖျော်ပြီး ကျွေးရ၏။ မိုးတွင်းကာလ မြက်ကလေးတွေ စိမ်းစိမ်းစိုစို ပေါက်သည့်အချိန်ဆိုလျှင်တော့ ယင်းမြက်ကလေးတွေကို နွားစာ စဉ်းစက်ဖြင့် နုပ်နုပ်စဉ်းကာ နွားစာဖြင့် ရောကျွေးပါက အကုန်အကျ သက်သာသည်။ ဤသို့ ဂရုတစိုက်မကျွေးလျှင်လည်း မောင်မင်းကြီးသားတွေက ဟုတ်တိပတ်တိ မစား။ ဟိုနံ့နံ့ ဒီနံ့နံ့ဖြင့် နွားစာ တစ်စားကျင်းကို တစ်နေကုန်အောင် စားတော့သည်။ သူတို့ ဝဝလင်လင်စားမှ ခိုင်းကောင်းမည်ဆိုတော့လည်း ကြိုက်တတ်သည့် အဆာလေးတွေနှင့် ရောကျွေးရသည်ပေါ့လေ။
 
အမေနှင့် ကျွန်တော် နွားပို့ပြီးအပြန်မှာ အမေက အိမ်သို့တန်းမပြန်ဘဲ အသိအိမ် တစ်အိမ်ဝင်လည်ရင်း ကျန်ရစ်သဖြင့် ကျွန်တော်တစ်ယောက်တည်း အိမ်ပြန်လာခဲ့သည်။ တစ်နာရီလောက်အကြာမှာ အမေ ပြန်ရောက်လာ၏။ သို့သော် တစ်ယောက်တည်း မဟုတ်တော့။ နွားလှည်းတစ်စီးပေါ်မှာ အဖော်သုံးလေးဦးနှင့်။ ကျန်သူများက အမေ့ကို ထိုင်လျက်အနေအထားဖြင့် ထိန်းလျက်သား။ ကျွန်တော့်ကိုမြင်တော့ အမေက ပြုံးပြသည်။ သို့သော် အမေ၏အပြုံးက မပီပြင်ခဲ့။ ပြုံးလိုက်တိုင်း ချစ်စရာကောင်းသည့် အမေ့မျက်နှာက ဒီတစ်ခါတော့ တစ်ခုခု မှားယွင်းနေသလိုလို။ 
 
အမေလေဖြတ်သွားပြီဟု သိလိုက်ရသည့်အချိန်မှာ ရင်ထဲ အတော်ကြီး တုန်လှုပ်ချောက်ချားသွားခဲ့သည်။ ညီအစ်ကိုမောင်နှမတွေအားလုံး ခြေမကိုင်မိ လက်မကိုင်မိ။ ရွာရှိ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးကို အိမ်ပင့်ကာ အမေ့ကို ဆေးကုသည်။ 
ညပိုင်းရောက်တော့ ဆွေမျိုးသားချင်းအားလုံး တိုင်ပင်ပြီး အမေ့ကို ရွှေဘိုဆေးရုံသို့ ပို့၏။ ရွာမှာ ကျန်နေခဲ့ရသော်လည်း စိတ်ကတော့ အမေ့ဆီမှာ။ အမေ ပြန်မှ ကောင်းလာပါဦးမလား ရင်ထဲမှာ တထိတ်ထိတ်။
 
တစ်ပတ်လောက်ကြာပြီးနောက် အမေ့ကို ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သည်။ သို့သော် အရင်က အမေ မဟုတ်တော့။ အမေ့ ဘဝက အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီ။ အမေ၏ ပါးတစ်ဖက် ရွဲ့သွားသလို ဝဲဘက်လက်နှင့် ခြေထောက်ကလည်း မလှုပ်ရှားနိုင်တော့။ 
စကားပြောလျှင် စကားလုံးတွေက လုံးထွေးထွေး။ စိတ်ကလည်း ထိလွယ်၊ ခိုက်လွယ်၊ ဝမ်းနည်းလွယ်။ အရင်က အမြဲတမ်းလိုလို လှုပ်ရှားတက်ကြွနေတတ်သော အမေမှာ ယခုတော့ မသွားနိုင်၊ မလာနိုင်ဖြင့် ပီဘိဒုက္ခိတဘဝ။ 
 
ကျွန်တော် လေးနှစ်သားမှာ မေးခိုင်ရောဂါကြောင့် အဖေဆုံးသဖြင့် အမေ့ခမျာ နေရင်းထိုင်ရင်း မုဆိုးမဘဝ ရောက်ရသည်။ အသက်လေးဆယ်ကျော်မှာ ကြုံတွေ့ရသည့် ကံကြမ္မာဆိုးကို ခါးစည်းရင်ဆိုင်ကာ လောကဓံကို ကြံ့ကြံ့ခံရင်း မိသားစုကို ဦးဆောင်ခဲ့သည်။ လှော်ရင်းနစ်နေသည့် လယ်သမားဘဝမှာ အကြွေးသံသရာလည်နေသော်လည်း သားသမီးတွေရှေ့မှာ အမေအပြုံးမပျက်ခဲ့။ အခက်အခဲတွေကြားမှပင် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ရှင်ပြုပေးခဲ့သေးသည်။
 
သို့တစေ ကံကြမ္မာက ကျွန်တော်တို့ မိသားစုကို လုံးဝမျက်နှာသာမပေးခဲ့။ အဖော်မပါဘဲ ရုန်းကန်နေရသည့် အမေ့ကိုလည်း သနားပုံမပေါ်။ အဖေ့ကို ခေါ်ထုတ်ရုံဖြင့် အားမရနိုင်သေးဘဲ သားသမီးတွေ မျက်နှာမငယ်ရလေအောင် ဘဝကို ထောင့်တင်းမာန်တင်း ဖြတ်ကျော်နေသည့်အမေ့ကိုမှ အလဲထိုးရက်သည်။ ဒီလောက်အထိ ဒဏ်ပြင်းလေမှဖြင့် မာန်မတင်းသာတော့။ ကံကြမ္မာကို အမေ အရှုံးပေးလိုက်ရပြီ။ 
 
ဆေးရုံမှ ပြန်ဆင်းလာပြီးနောက် ရွာက ကျန်းမာရေးမှူးနှင့်ပင် အမေ၏ လေဖြတ်ရောဂါကို ဆက်ကုဖြစ်သည်။ ရွာအနီးနားဝန်းကျင်က နာမည်ကြီး အနှိပ်ဆရာများလည်း မကျန်စေရ။ ရပ်ဝေးမှာသွားပြီး အနှိပ်ခံရတာရှိသလို အနှိပ်ဆရာကို အိမ်ပင့်ရသည်လည်း ရှိ၏။ 
အင်္ဂလိပ်ဆေးနှင့် ဗမာအနှိပ်ဆရာတို့၏ အစွမ်းကြောင့် ခြောက်လခန့်ကြာသောအခါ တောင်ဝှေးသုံးပြီး ဟိုနားဒီနား သွားနိုင်၊ လာနိုင်ဖြစ်လာသည်။ အရင်လို အိမ်ထောင်ဦးစီးနေရာမှ ဦးမဆောင်နိုင်တော့သော်ငြား အမေ့ကို မြင်ရသည်ကပင် သားသမီးတွေအတွက် အကောင်းဆုံး အားဆေးပါပဲ။ အမေ့အနေဖြင့်လည်း နံဘေးအိမ်များသို့ အလည်သွားပြီး စိတ်ပြေလက်ပျောက် စကားစမြည်ပြောဆိုနိုင်သဖြင့် အထီးကျန်ဝေဒနာ လျော့နည်းသွားသည်ပေါ့။
 
သို့သော်...
 
မိုးစွေသည့် ဆောင်းတွင်းတစ်ရက်မှာ ဘေးအိမ်သို့ အပျင်းပြေအလည်သွားရာကနေ မတော်တဆ ခြေချော်လဲသွားပြန်သည်။ ဆေးထပ်ကုပြီးနောက် ပြန်ပြီး ထူထူထောင်ထောင် ဖြစ်လာစေကာမူ နောက်တစ်ကြိမ် ထပ်လဲမည်စိုးသဖြင့် အမေ အိမ်ပြင်သို့ မထွက်ရဲတော့။ 
အထီးကျန်ဆန်သည့်စိတ်ကို ကြောက်စိတ်က နိုင်သွားပြီ။ မိတ်ဆွေအပေါင်းအသင်းများလာလျှင်ပင် အမေအိပ်သည့် ခုတင်အနီးမှာသာ စကားပြောကြရသည်။ ကံကောင်းသည်ကတော့ ခုတင်နာ လုံးဝမဖြစ်ခဲ့ခြင်း။
 
စာမေးပွဲနောက်ဆုံးနေ့မှာ ယောက်ဖဖြစ်သူ ရောက်လာသည်။ “ဘာလာလုပ်တာလဲ” မေးတော့ ရေရေရာရာ မပြော။ လူမှုရေးလုပ်နေသူမို့ ခါတိုင်းလိုပဲ ရပ်ရေးရွာရေးကိစ္စတွေအတွက် ပစ္စည်းတွေ လာရောက်ဝယ်ခြမ်းတာနေမှာပေါ့ဟု တွက်လိုက်သည်။ 
ညနေပိုင်း အောင်စာရင်းထွက်သည့်အချိန်မှာ အောင်လို့ “ဆရာဝန်ဖြစ်ပြီ”  ဆိုပြီး ကျွန်တော်က အပျော်ကြီး ပျော်နေသည့်အချိန်မှာ သူက ဟက်ဟက်ပက်ပက် မရှိ။ အိပ်ရေးပျက်ထားသည်မို့ မျက်နှာပြည့်သွားအောင် မန္တလေးမှာ တစ်ရက်၊ နှစ်ရက်နေပြီးမှ ပြန်မည်ဆိုတော့လည်း မဟုတ်။ သူနှင့် တစ်ပါတည်း ပြန်လိုက်ဖို့ အတင်းခေါ်နေသည်။ ယောက်ဖဖြစ်သူ မူမမှန်သည့်အဖြစ်ကို သတိပြုမိပြီးနောက်ဝယ် အပျော်တွေပျောက်ပြီး နည်းနည်း စိတ်ပူလာသည်။ မဟုတ်မှလွဲရော အမေ...။
 
အိမ်ဝင်းထဲမှာ ကနားဖျင်းထိုးထားသည်။ လူတွေက အများအပြား။ ကျွန်တော် ဝင်သွားသည့်အချိန်မှာ ကျွန်တော့်ကို ဝိုင်းကြည့်နေကြ၏။ သူတို့အကြည့်ထဲမှာ ကရုဏာရိပ်ကို တွေ့လိုက်ရသလိုလို။ ကွန်တော် အိမ်ထဲသို့ အပြေးဝင်သွားခဲ့သည်။ အမေ့ ခုတင်ထက်မှာ အိပ်ရာကလွဲ၍ ဟာလာဟင်းလင်း။ အမေ ဘယ်ရောက်သွားပြီလဲ။ အမေ..အမေ..အမေ..။ 
 
အမေဆုံးသည့်အချိန်က ကျွန်တော့် နောက်ဆုံးနှစ်စာမေးပွဲနှင့် တိုက်ဆိုင်နေသဖြင့် အသိမပေးခဲ့ကြ။ စာမေးပွဲအပြီး ရက်လည်ဆွမ်းမီရုံသာ ကျွန်တော့်ကို မရအရခေါ်လာခဲ့ကြသည်။ အမေ၏ ရုပ်ကလာပ်ကိုပင်လျှင် ကျွန်တော့်မှာ နောက်ဆုံးအကြိမ်အဖြစ် ကန်တော့ခွင့် မရလိုက်။
 
၁၉၉၅ ဧပြီ ၃ ရက်မှာ အမေဆုံးသည်။ ၁၉၉၅  ဧပြီ ၈ ရက်မှာ ကျွန်တော့် ဆေးကျောင်းနောက်ဆုံးနှစ် စာမေးပွဲအောင်သည်။
 
အမေသည် ကျွန်တော်လူဖြစ်သည့် အချိန်မှာပင် လူ့ဘဝမှ ထွက်ပြေးခဲ့ချေပြီတကား။

Most Read

Most Recent