အစိုးရအဖွဲ့၌ အမြဲတမ်း အတွင်းဝန်ရာထူးများ ခန့်ထားခြင်းသည် ဥပဒေနှင့်မညီဘဲ ကြိုးနီစနစ်ကို ပိုမိုအားကောင်းစေမည့် လုပ်ရပ်ဖြစ်၍ ကန့်ကွက်ကြောင်းအဆို ပြည်ထောင်စုလွှတ်တော် အတည်ပြု

အစိုးရအဖွဲ့၌ အမြဲတမ်း အတွင်းဝန်ရာထူးများ ခန့်ထားခြင်းသည် ဥပဒေနှင့်မညီဘဲ ကြိုးနီစနစ်ကို ပိုမိုအားကောင်းစေမည့် လုပ်ရပ်ဖြစ်၍ ကန့်ကွက်ကြောင်းအဆို ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 30 March 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်

အစိုးရအဖွဲ့၌ အမြဲတမ်း အတွင်းဝန်ရာထူးများ ခန့်ထားခြင်းသည် ဥပဒေနှင့်မညီဘဲ ကြိုးနီစနစ်ကို ပိုမိုအားကောင်းစေမည့် လုပ်ရပ်ဖြစ်သဖြင့် ကန့်ကွက်ကြောင်းအဆိုကို ဒေါက်တာမြတ်ဉာဏစိုးက မတ် ၃ဝ ရက်က တင်သွင်းခဲ့ရာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက “အတွင်းဝန်များ၊ တာဝန်ခံညွှန်ချုပ်များ၊ ဒါနဲ့ပတ်သက်ပြီး ဥပဒေမရှိဘူး။ ဘာလုပ်လုပ်ဥပဒေနဲ့အညီ လုပ်ရတယ်။ ပြီးတဲ့အခါမှာ သူတို့ကို ချီးမြ§င့်ငွေ ခုနစ်သိန်းပေးမယ်။ ဒီကနေ့ ညွှန်ချုပ်တွေက ငါးသိန်းပဲရတယ်။ ဒါကြောင့်မို့ ရာခိုင်နှုန်း ၄ဝ တိုးပေးတယ်။ ဒီဟာကလည်း ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနဲ့ မညီဘူး။ ဒါကြောင့်မို့လို့ ဥပဒေနဲ့မညီတဲ့ကိစ္စ၊ ဘဏ္ဍာရေး စည်းမျဉ်းနဲ့ မညီတဲ့ကိစ္စနဲ့ မညီတာမလုပ်ပါနဲ့။ လုပ်လို့ရှိရင် ကျွန်တော်တို့နဲ့ တာဝန်မကင်းဘူးလို့ ပြောသွားတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါက်တာမြတ်ဉာဏစိုး တင်သွင်းတဲ့ အဆိုကို ကန့်ကွက်ရန် မရှိတဲ့အတွက် အတည်ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ဒေါက်တာမြတ်ဉာဏစိုး (တွဲဖက်အတွင်းရေးမှူး၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ) က “အမြဲတမ်း အတွင်းဝန်များကိစ္စနဲ့ စပ်လျဉ်းပြီးတော့ အမျိုးသားစီမံကိန်း ဥပဒေကြမ်း နောက်ဆက်တွဲမှာ ဒါထည့်သွင်းလာပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က နေပြီးတော့ ဒီမှာ ကျွန်တော်တို့ကို ဖြန့်ဝေထားတဲ့ အထဲမှာလည်းပါပါတယ်။ အဲဒီတော့ ဆိုလိုတဲ့ သဘောကတော့ နဂိုမူလတုန်းက စီမံကိန်းထဲမှာ လုံးဝမပါပါဘူး။ လွှတ်တော်ကထောက်ပြပြီးတော့ ဝေဖန်လိုက်တဲ့ အတွက်ကြောင့်မို့လို့ အခုလို ထည့်သွင်းပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဒီပြည်ထောင်စု လွှတ်တော်ကြီးလည်း ပေါ်ပေါက်လာပါပြီ။ အမြဲတမ်း ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲနဲ့ သွားနေမယ့်အချိန်မှာ ကျန်တဲ့ဒီမိုကရေစီ နိုင်ငံတွေမှာလည်း ဒီလိုမျိုးဟာကို နိုင်ငံရေးတာဝန်အရ မရောက်လာသေးတဲ့ အချိန်မှာ သီးခြားဆောင်ရွက်ခြင်း မရှိဘူးဆိုတာကို တင်ပြလိုပါတယ်။ ဒါဟာ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ ကိစ္စကြီးတစ်ခုလုံး ဖြစ်ပါတယ်။ ဝန်ကြီးဖြေဆိုသွားတဲ့ တင်ပြသွားတဲ့ထဲမှာ ပါပါတယ်” ဟု ဆွေးနွေးသည်။
“ဝန်ကြီးတာဝန် ထမ်းဆောင်ပြီးရင် ပါလီမန်အတွင်းဝန်ဟာလည်း ဒါနောက်တစ်ကြိမ် သက်တမ်းမှာ ထမ်းဆောင်နိုင်ခြင်း မရှိတော့ပါဘူး။ အခုအချိန်မှာ ဒီအတွင်းဝန်ရာထူးကို လုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့က နဂိုတုန်းကတောင်မှပဲ အတွင်းဝန်တွေနဲ့ ချုပ်ကိုင်ထားတဲ့ စနစ်အဖြစ်ကနေပြီးတော့ ဒီလိုလွတ်လွတ်လပ်လပ် ဗဟိုချုပ်ကိုင်မှု လျှော့ခဲ့ပါတယ်။ နောက်ပါ လီမန်ခေတ်ကအတိုင်း အခေါ်အဝေါ်လေး ပြင်တယ်ဆိုတာက ဒီဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ကို ပြည်ထောင်စုရာထူးဝန်လို့ ဒီလိုလေးနာမည်လေး ပြောင်းလိုက်ရုံ မဟုတ်ပါဘူး။ အတွင်းဝန်စနစ် ပြန်ကျင့်သုံးမယ်ဆိုတာ ဒါအုပ်ချုပ်ရေး စနစ်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒါကိုလုပ်မယ် ဆိုရင်လည်း ဥပဒေပြဋ္ဌာန်းပြီးတော့မှ ဆောင်ရွက်သင့်တယ်လို့ တင်ပြပါတယ်” ဟု ဆွေးနွေးသည်။
ပြည်သူ့ဝန်ထမ်း ဆိုတာက ပြည်သူကို ဝန်ဆောင်မှုသာ ပေးရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များ၊ အကျိုးစီးပွားများကို ဖြည့်ဆည်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ထိန်းချုပ်ရန်ကွပ်ကဲရန် မဟုတ်ကြောင်း၊ အဓိက ဆွေးနွေးချင်တာကတော့ ဦးဆောင်ညွှန်ကြားရေးမှူးတွေနဲ့ ခွဲခြားဆက်ဆံသကဲ့သို့ ဖြစ်သွားမည်ဖြစ်ကြောင်း၊ လစာငါးသိန်းသာ ဖြစ်ရမည်ဖြစ်ကြောင်း၊ ဒါပေမဲ့ အမြင့်ဆုံး ငါးသိန်း၊ ငါးသိန်းမှာ နှစ်သိန်း အပိုဖြစ်နေသည့်အတွက် ရာခိုင်နှုန်း ၄ဝ ဖြစ်နေကြောင်း၊ ဝန်ထမ်းအဆင့် ၁၃ ဆင့်တွင် ရာခိုင်နှုန်း  ၄ဝ ကွာဟမှုမျိုးမရှိကြောင်း ဆက်လက်ဆွေးနွေးခဲ့သည်။
“ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော် ဖြစ်စေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဖြစ်စေ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဖြစ်စေ အားလုံးဟာ ဥပဒေနဲ့အညီပဲ ဆောင်ရွက်ရမှာပါ။ ဥပဒေမရှိဘဲနဲ့ ဒါမှမဟုတ်ရင် ဥပဒေနဲ့ ကင်းကွာပြီးတော့ ဆောင်ရွက်လို့မရပါဘူး။ အမြဲတမ်း အတွင်းဝန်ဆိုတဲ့ အသုံးအနှုန်း ရာထူးဖွဲ့စည်းပုံဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေတွေမှာ အတိအကျပြဋ္ဌာန်းထားတာ မရှိပါဘူး။ နံပတ် (၁) အချက်ကတော့ ဥပဒေ မရှိတာပါ။ အမြဲတမ်းအတွင်းဝန်က ခေါင်ချုပ်အနေနဲ့ တာဝန်ထမ်းဆောင်လိုက်ဆိုပြီး ခွဲခြားဆက်ဆံသလို ဖြစ်နေပါ့မယ်။ ဦးဆောင်ညွှန်ကြားရေးမှူးတွေ၊ ညွှန်ကြားရေးမှူးချုပ်တွေဟာ မိမိတို့ရဲ့လုပ်ငန်း တာဝန်များကို တာဝန်ယူ၊ တာဝန်ခံပြီးတော့ ဆောင်ရွက်နိုင်ရမယ့် သူတွေဖြစ်ဖို့ လိုပါတယ်။ ၁၉၇၄ မှာ စပြီးတော့ ပေါ်ထွန်းလာတဲ့ ဒုတိယဝန်ကြီးများရဲ့ တာဝန်နဲ့ အခွင့်အာဏာများကို ကန့်သတ်လိုက်သလို ဖြစ်နေပါလိမ့်မယ်။ ဝန်ကြီးနဲ့ ညွှန်ချုပ်များကြားထဲမှာ ဒုတိယဝန်ကြီးများဟာ သူ့ဟာနဲ့သူ ချိတ်ဆက်ပြီးတော့ ခုနကလည်း ထပ်မံတလဲလဲ တင်ပြခဲ့ပါတယ်” ဟု ဆက်လက်ဆွေးနွေးသည်။
“ထို့ကြောင့် အမြဲတမ်း အတွင်းဝန်တွေ ခန့်ထားရေးကို  အမြဲတမ်းကိုပဲ ကန့်ကွက်ခဲ့ကြောင်း၊ ဒါဟာ ဗဟိုချုပ်ကိုင်မှု ပိုမိုများပြားပြီးတော့ အချိုးညီစနစ်တွေပိုပြီးတော့ ရွေ့လျားလာမယ့် စနစ်မျိုးပဲဖြစ်ကြောင်း၊ သာမန်သုံးငွေမှ ဒီအမြဲတမ်း အတွင်းဝန်များအတွက် ချီးမြှင့်ငွေ နှစ်သိန်းကိုလည်း ဥပဒေနဲ့ မညီညွတ်သည့် ကိစ္စဖြစ်ကြောင်း၊ ဗဟိုချုပ်ကိုင်မှုလည်း လွှမ်းမိုးပြီး အချိုးညီစနစ်ကိုလည်း ပိုပြီးတော့ အားကောင်းစေမည့်စနစ် ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ကြီး ကိုယ်တိုင်ကိုယ်က ဥပဒေကို လက်တစ်လုံး ခြား ဆောင်ရွက်ပါတယ်။ ခုနစ်သိန်းဆိုတဲ့ဟာ ချိန်နှုန်းလစာမှာ ကန့်သတ်ချက်ရှိသွားတဲ့ အတွက်ကြောင့်မို့လို့ ဒီဘက်ကနေပြီးတော့ ချီးမြှင့်ငွေဆိုပြီးတော့ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တစ်ခုကို ဆောင်ရွက်တယ်လို့ ဖြစ်ပါလိမ့်မယ်လို့ တင်ပြပါတယ်။ ဒါကြောင့် လေးလေးနက်နက် စဉ်းစားပြီးတော့ ဒီဥပဒေနဲ့ မညီတဲ့ ချီးမြှင့်ငွေ နှစ်သိန်းဆိုတဲ့ ကိစ္စရပ်ကိုတော့ ငြင်းပယ်ဖြတ်တောက်ပေးဖို့ တိုက်တွန်းပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။
ဆက်လက်၍ ဒေါက်တာမြတ်ဉာဏစိုး က “ကျွန်တော်အဓိက ဦးတည်တာကတော့ အမြဲတမ်းအတွင်းဝန်နဲ့ တာဝန်ခံညွှန်ချုပ်တွေက လစာငါးသိန်းပဲ ခံစားခွင့်ရှိတယ်။ အခုအမြဲတမ်း အတွင်းဝန်တွေကို ချီးမြှင့်ငွေနှစ်သိန်း ဆိုတာကတော့ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၆ဝ ကို ညွှန်းပြီးတော့ပေးတယ်။ ဝန်ကြီးကလည်း လက်ခံတယ်။ ချီးမြှင့်ငွေဆိုတာက အမြဲတမ်းကြီး ပေးနေရတာ မဟုတ်ဘူး။ စရိတ်အပိုဆောင်းပေမယ်ဆိုတဲ့ ကျပ်နှစ်သိန်းကတော့ ဒီနေ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အရ ပျက်ပြယ်သွားပါပြီ” ဟု ပြောကြားသည်။
“နောက်တစ်ပိုင်း တင်ခဲ့တာကတော့ အမြဲတမ်း အတွင်းဝန်ဆိုတဲ့ အသုံးအနှုန်းဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း မပါဘူး။ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ဥပဒေမှာလည်း မပါဘူး။ နိုင်ငံ့ဝန်ထမ်း ဥပဒေမှာလည်း မရှိဘူး။ ဒါကအသစ်ဖြစ်နေတယ်။ အဲ့ဒါကို အစိုးရအဖွဲ့အနေနဲ့ ငြင်းချက်နည်းနည်း ထုတ်လိမ့်မယ်ထင်တယ်။ အဲတော့ ဒါကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ဖြစ်နေတယ်။ အမြဲတမ်းအတွင်းဝန်ပဲခေါ် ခေါ်၊ တာဝန်ခံညွှန်ချုပ်ပဲခေါ်ခေါ်။ သူက စူပါညွှန်ချုပ်တော့ မဟုတ်ဘူး။ ခေါင်းတစ်လုံး မသာနိုင်တော့ဘူး။ လွှတ်တော်မှာလည်း ကော်မတီနှစ်ခုသုံးခုတာဝန်ယူနေရတဲ့သူ တွေရှိတာပဲ။ ဝန်ကြီးတွေထဲမှာလည်း ဦးအောင်မင်းတို့ဆို တာဝန်နှစ်ခုသုံးခု ထမ်းဆောင်နေကြတာပဲ။ သမ္မတရုံးဝန်ကြီးတွေ ပေါ်လာတုန်းကလည်း ဆွေးနွေးဖူးပါတယ်။ စူပါဝန်ကြီးများ ဖြစ်ပါလိမ့်မယ်ဆိုတာ။ ဒါပေမဲ့ အခုလို အဆင့်အတန်း မခွဲခြားထားဘူး။ သမ္မတရုံးဝန်ကြီးတွေဟာ အခွင့်အာဏာပို ရှိကောင်းရှိမယ်။ ဒါပေမဲ့ခံစားခွင့်စရိတ် လစာက အကုန်အတူတူပဲ။ သမ္မတရုံးဝန်ကြီးဆိုပြီး တစ်ဆင့်မမြှင့်ထားဘူး။ အခုဟာက တစ်ဆင့်မြှင့်ထားတယ်။ အခုအောက်ခြေဝန်ထမ်း လေးတွေကြည့်ပါ။ အောက်ခြေဝန်ထမ်းက တစ်သိန်းနှစ်သောင်းက စတာလေ။ ညွှန်ချုပ်ထက်ကို လစာ နှစ်သိန်း ပိုမြင့်တယ်။ ဒါက ရာခိုင်နှုန်း ၄ဝ ရှိတယ်။ တော်တော်မြင့်သွားပြီ။ ဒါကြောင့် မဖြစ်ထိုက်ဘူးထင်လို့ လွှတ်တော်မှာ ကန့်ကွက်တဲ့အဆို တင်သွင်းခဲ့တာပါ။ ဒါကို အတည်ပြုတယ်ဆိုရင် ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်တိုင်က ဥပဒေကို လက်တစ်လုံးခြား လုပ်သလို ဖြစ်သွားမယ်။ အခုလိုဆုံးဖြတ်လိုက်တော့ သူတို့လည်း ဥပဒေကို လက်တစ်လုံးခြား မလုပ်တော့ဘူးပေါ့” ဟု ပြောကြားသည်။
 
 

Most Read

Most Recent