ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းနှင့် တိုင်းရင်းသားလူမျိုးစု ပြဿနာ

ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းနှင့် တိုင်းရင်းသားလူမျိုးစု ပြဿနာ
Published 30 March 2015
ဒေါက်တာရန်မျိုးသိမ်း

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် တိုင်းရင်းသားလူမျိုးစု ပြဿနာသည် ကာလရှည်ကြာ စိန်ခေါ်မှုကြီးဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တပ်မတော်နေ့မိန့်ခွန်းတွင် တိုင်းရင်းသားလူမျိုးစုများ အရေးကို အလေးပေး ပြောကြားခဲ့ခြင်းသည် လက်ငင်းမြန်မာ့နိုင်ငံရေး၌ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့၏ ဗျူဟာမြောက် ဆက်စပ်မှုကို အလေးထားသည့်သဘောဟု ကောက်ချက်ပြုနိုင်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် တိုင်းရင်းသားလူမျိုးစု ပြဿနာ ကို ယုံကြည်မှုနှင့် နားလည်မှု တည်ဆောက်ရေးဘက်မှ မားမားမတ်မတ် ရပ်တည်လျက်၊ ပွင့်လင်းမြင်သာမှုရှိရှိ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ် အဖြေရှာနိုင်ရန် လိုအပ်မည်ဖြစ်သည်။တို့တပ်မတော်ဟာ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနဲ့အတူ မျိုးချစ်စိတ်ဓာတ်ကို အခြေခံပြီး ပြည်သူကြားက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော် တစ်နည်းအားဖြင့် ပြည်ထောင်စုတပ်မတော်ဖြစ်ကြောင်း ပြောကြားလိုတယ်ဟု လည်းကောင်း၊ တပ်မတော်ဟာ ပြည်ထောင်စုတိုင်းရင်းသားအားလုံးနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတပ်မတော် ဖြစ်တဲ့အလျောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုများကို မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်ဟု လည်းကောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်(၇၀)ပြည့် တပ်မတော်နေ့ အခမ်းအနားတွင် တိုင်းသိပြည်သိ ထုတ်ဖော်ပြောကြားခဲ့သည်။တပ်မတော်သည် ပြည်သူ့တပ်မတော် ဖြစ်သင့်သည်။ ပြည်ထောင်စုတပ်မတော် ဖြစ်သင့်သည်။ ပြည်သူလူထု အများစုကြီး၏ ယုံကြည်အားကိုး တန်ဖိုးထားမှုကို ရရှိလျှင် ပြည်သူ့တပ်မတော်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုများကို တန်းတူရည်တူ၊ မခွဲမခြား တစ်သားတည်း ထိတွေ့ဆက်ဆံလျှင် ပြည်ထောင်စုတပ်မတော်ပင် ဖြစ်သည်။ တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့်အတူ ကိုလိုနီများကို လက်နက်စွဲကိုင် တော်လှန်ရေး၊ လုံးဝလွတ်လပ်ရေးတို့ကို အခြေပြုလျက် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်သည် မျိုးချစ်စိတ်ဓာတ်ကို အခြေခံ ပေါ်ပေါက်ခဲ့သည်ထက် တစ်မျိုးသားလုံး လွတ်မြောက်ရေးကို ရည်မှန်းချက်ထား တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်နိုင်သည်။နိုင်ငံတိုင်းတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတို့သည် သော့ချက်စိန်ခေါ်မှုများ ဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးတိုင်းအတွက် အရေးပါသော အမျိုးသားပြဿနာကြီးများပင် ဖြစ်သည်။ မြန်မာ့ငြိမ်းချမ်းရေး အကျပ်အတည်းတွင် တပ်မတော်သည် ပြည်ထောင်စုတပ်မတော်ပုံစံ ပြောင်းလဲမည့် အနေအထားကို ပွင့်လင်းမြင်သာမှုရှိရှိ ဖော်ဆောင်လာနိုင်မည်ဆိုလျှင် ပိုမိုကြောင်းကျိုးဆီလျော်မည် ဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ပြည်ထောင်စုတပ်မတော်ကို တိုင်းသိပြည်သိ ထုတ်ဖော်ပြောကြားရာတွင် လက်ရှိတပ်မတော်သည် ပြည်ထောင်စုတပ်မတော်၏ ကြန်အင်လက္ခဏာများနှင့် ပြည့်စုံနိုင်ရန် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း၊ အဆိုပါ လိုအပ်ချက်များကို ညှိနှိုင်းပြင်ဆင်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သင့်ကြောင်း အလေးပေး ထောက်ပြနိုင်လျှင် သာလွန်ကောင်းမွန်မည်ဖြစ်သည်။ထို့ကြောင့် တပ်မတော်အနေဖြင့် ပြည်ထောင်စုတပ်မတော်တစ်ခု၏ သတ်မှတ်ချက်များနှင့် မည်၍မည်မျှ ကိုက်ညီမှုရှိသည်ကို စနစ်တကျ ဆန်းစစ်သုံးသပ်နိုင်ရန် အရေးကြီးသည်။ ကိုက်ညီမှုများ ရှိနိုင်သည့်နည်းတူ လိုအပ်ချက်များ၊ ပြုပြင်ရမည့် အချက်များလည်း ရှိမည်ဖြစ်သည်။ အဆိုပါ ဆန်းစစ်မှုများနှင့်အညီ ပြည်ထောင်စုတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်မည့် လုပ်ငန်းစီမံချက် တစ်ရပ်ကို တပ်မတော်ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ပညာရှင်များအကြား ညှိနှိုင်းဆွေးနွေး ရေးဆွဲအတည်ပြုနိုင်ရန် လိုအပ်မည်ဖြစ်သည်။ လုပ်ငန်းစီမံချက်ပါ အစီအစဉ်များနှင့်အညီ ပြည်ထောင်စုတပ်မတော်အဖြစ် ပြင်ဆင်ဖွဲ့စည်းမည့် ကာလအပိုင်းအခြားကို အတည်ပြုသတ်မှတ်ထားရန် တိုင်းရင်းသားပြည်သူလူထု သိရှိအောင် ထုတ်ပြန်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ပြည်ထောင်စုတပ်မတော်၏ ကြန်အင်လက္ခဏာများတွင် နိုင်ငံရေးအရ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ရေးသည် သော့ချက်ကျသော စိန်ခေါ်မှုကြီးပင် ဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အာမခံနိုင်မည့် နိုင်ငံရေးအပြောင်းအလဲ၊ နိုင်ငံရေးအခင်းအကျင်းကို ဦးစွာတည်ဆောက်နိုင်မှသာ ပြည်ထောင်စုတပ်မတော်နှင့် အံဝင်ခွင်ကျဖြစ်မည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များသည် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တင်းပြည့်ကျပ်ပြည့် ဖော်ဆောင်နိုင်ရန် လိုအပ်နေဆဲဖြစ်သည်ဟု သုံးသပ်နိုင်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အာမခံနိုင်မည့် ပြဋ္ဌာန်းချက်များ ပြင်ဆင်ဖြည့်စွက်ပြီးမှသာ ပြည်ထောင်စုတပ်မတော်ဟု သတ်မှတ်နိုင်မည့် စံနှုန်းများသည် ပိုမိုအားကောင်းမောင်းသန်လာမည် ဖြစ်သည်။ ထို့ကြောင့် တပ်မတော်ခေါင်းဆောင်များ အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အချို့ကို မဖြစ်မနေ ပြင်ဆင်ပြီးမှသာ ပြည်ထောင်စုတပ်မတော်အသွင် ပိုမိုဆောင်လာနိုင်ခြေရှိသည့် အနေအထားကို သုံးသပ်လက်ခံနိုင်ရန် အရေးကြီးသည်။နိုင်ငံရေးအရ ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် တိုင်းရင်းသားလူမျိုးစုများအကြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူရည်တူခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်တို့ကို အပြောမဟုတ်၊ လက်တွေ့ကျကျ ဖော်ဆောင်နိုင်ရေး ထောက်ခံအားပေးနိုင်မည်ဆိုလျှင် ပြည်ထောင်စုတပ်မတော် ဖော်ဆောင်ရေးလမ်းကြောင်းသည် ပိုမိုကြောင်းကျိုးဆီလျော်မည် ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူရည်တူခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်တို့ကို တင်းပြည့်ကျပ်ပြည့်နီးပါး ရရှိနိုင်ရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ ပြင်ဆင်နိုင်ရေးသည် ပဓာနကျသည်။ သို့ဖြစ်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပုဒ်မ ၂၆၁ နှင့် ဥပဒေပြုဇယားများ ပြင်ဆင်နိုင်ရေးကို ပြည်ထောင်စုလွှတ်တော်တွင် ဇာတ်စီးဆွေးနွေး အတည်ပြုနိုင်မည်ဆိုလျှင် အတိုင်းထက်အလွန်ဟု ကောက်ချက်ပြုနိုင်သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားအားလုံးကိုလည်း တူညီတဲ့ အခွင့်အရေးများ ပေးထားပြီးဖြစ်တယ်။ အုပ်ချုပ်မှု လွယ်ကူစေဖို့ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်တိုင်းဒေသကြီးများ သတ်မှတ်ထားသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများလည်း ခွဲဝေပေးထားပြီးဖြစ်တယ်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးကိုလည်း ဥပဒေနှင့်အညီ တူညီသော အဆင့်အတန်းများ သတ်မှတ်ပေးထားပြီး ဖြစ်တယ်ဟု မိန့်ခွန်း၌ ပြောကြားခဲ့သည်။ တိုင်းရင်းသားအားလုံးဟာ ပြည်ထောင်စုအတွင်း ဘယ်နေရာ ဘယ်ဒေသမှာပဲနေနေ အုပ်ချုပ်မှုအရသော် လည်းကောင်း၊ ဥပဒေအရသော် လည်းကောင်း၊ တူညီသော အခွင့်အရေးများကို ရရှိခံစားနေကြရမှာ ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ အကယ်စင်စစ် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် အကျိုးခံစားခွင့်တို့တွင် ဗမာတစ်ကျပ်၊ ကရင်တစ်ကျပ်သည် စာမျက်နှာပေါ်တွင်သာရှိပြီး လက်တွေ့ဘဝတွင် မှေးမှိန်လျက်ရှိသည်။ တိုင်း ဒေသကြီးများ၊ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများကို ဥပဒေနှင့်အညီ ပိုင်းခြားထားခြင်းသည် တစ်စိတ်တစ်ဒေသ လျော်ကန်သော်လည်း၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ကို လက်တွေ့ကျကျ အာမခံနိုင်မှု အပိုင်းတွင်မူ အားနည်းလျက် ရှိနေဆဲဖြစ်သည်။ တိုင်းရင်းသားအားလုံးသည် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ တူညီသော အခွင့်အရေးများ လက်တွေ့ကျကျ ရရှိနိုင်ရန် လိုအပ်သည့်အပြင် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်များနှင့် လျော်ကန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူရည်တူခွင့်တို့ကို ပြည်ထောင်စုလွှတ်တော်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် အာမခံနိုင်ရေး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မဖြစ်မနေ တွန်းအားပေးနိုင်ရန် သော့ချက်ကျမည်ဖြစ်သည်။တပ်မတော်အနေဖြင့် အခြေခံ ဥပဒေပုဒ်မ ၂၀(စ)အရ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့်အလျောက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖြစ်ထွန်းအောင်မြင်ရေး အလေးပေးမှု၊ ထိန်းကျောင်းမှု စတာတွေနဲ့ ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်တယ်။ မည်သည့်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမဆိုပြီး ပြည့်စုံသည်ဟုမရှိရာ ပြုပြင်ဖို့ လိုအပ်လာရင်လည်း ပြဋ္ဌာန်းထားတဲ့ ဥပဒေများနှင့်အညီ ဒီမိုကရေစီ အနှစ်သာရကို ဖော်ဆောင်ပြီး ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်တယ်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ လတ်တလော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်သည် နှစ်နှစ်ကျော်ကာလ ကြာသည့်တိုင်အောင် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးနိုင်ခြင်း မရှိသည့် အနေအထားကို တပ်မတော်အနေဖြင့် လွှတ်တော်ထဲတွင် မေးခွန်းထုတ်ရမည့်အစား၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသ ဦးစီးအဖွဲ့တို့၏ အာဏာခွဲဝေခြင်း၊ သယံဇာတခွဲဝေခြင်း၊ အခွန်အခခွဲဝေခြင်းဆိုင်ရာ လိုအပ်သည့်ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းရေး အရေးကြီးအဆိုကို တင်သွင်းခဲ့သည်မှာ ကြောင်းကျိုးဆီလျော်မှု အားနည်းသည်ဟု သုံးသပ်နိုင်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ (၂၆၁)နှင့် ဥပဒေပြု ဇယားများကို ပြင်ဆင်နိုင်ခြင်း မရှိလျှင် တိုင်းရင်းသားလူမျိုးစုများ အရေးတွင် နိုင်ငံရေးအရ ဒုံရင်းသာ ဖြစ်နိုင်သည့် အနေအထားကို ဖျောက်ဖျက်ထား၍ မဖြစ်နိုင်သည်မှာ လက်ငင်းနိုင်ငံရေးပင်ဖြစ်သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ၁၉၆၂ ခုနှစ် ပြည်ထောင်စုကြီးပြိုကွဲပြီး အချုပ်အခြာအာဏာ ဆုံးရှုံးရတော့မယ့် အခြေအနေနဲ့ ၁၉၈၈ ခုနှစ် မင်းမဲ့စရိုက်ဆန်တဲ့ အရေးအခင်းကာလတွေမှာ တပ်မတော်ဟာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးတို့အတွက် နိုင်ငံတော်တာဝန်ကို လွှဲပြောင်းထမ်းဆောင်ပြီး အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းခဲ့ရတယ်ဟု မိန့်ခွန်းပါ စကားသည်လည်း အငြင်းပွားဖွယ်ဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ဟူသော ပြဋ္ဌာန်းချက်နှင့်လည်း ဆက်စပ်စဉ်းစားနိုင်ရန် လိုအပ်မည်ဖြစ်သည်။ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အာဏာသိမ်းယူသည့်နည်းဖြင့် ကာကွယ်စောင့်ရှောက်ခြင်း မဖြစ်ရန် တပ်မတော်ခေါင်းဆောင်များ အနေဖြင့် အလေးအနက်ထား သုံးသပ်စဉ်းစားသင့်သည်။တပ်မတော် အာဏာသိမ်းယူမှုကို ဆန်းစစ်လျှင် ၁၉၆၂ ခုနှစ်တွင် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ခဲ့သည်။ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါလီမန် ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရမည့်အစား နှစ်ကြိမ်တိုင်တိုင် အာဏာသိမ်းယူကာ တိုင်းပြည်ကို ဆင်းရဲမွဲတေ ချွတ်ခြုံကျမည့်ဘက် တွန်းပို့ခဲ့သည့်သဘော ထင်မြင်မိသည်။ တပ်မတော် အကြီးအကဲများ အနေဖြင့် ၁၉၆၂ ခုနှစ် နောက်ပိုင်းနှင့် မတိုင်မီ အနေအထား နှစ်ခုကို နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးရှုထောင့်များမှ သုံးသပ်လျက် ပဝါမကူရေမရှူစတမ်း ပွင့်ပွင့်လင်းလင်း ဘွင်းဘွင်းရှင်းရှင်း သုံးသပ်ဆန်းစစ်လျက် သင်ခန်းစာယူနိုင်ရန် လိုအပ်မည်ဖြစ်သည်။ တပ်မတော် အာဏာသိမ်းယူမှုများသည် တိုင်းပြည်ကို ပိုမိုဆင်းရဲမွဲတေ ချွတ်ခြုံကျစေခဲ့သည်ဆိုသော စကားကို အပြန်ပြန်အလှန်လှန် ဆန်းစစ်သုံးသပ်ရန် လိုအပ်မည်ဖြစ်သည်။အချုပ်အားဖြင့်ဆိုသော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းပြည်၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတွင် သော့ချက်ကျကျ၊ ဗျူဟာမြောက် ပါဝင်နေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းသော တပ်မတော်သားများ အနေဖြင့် တိုင်းရင်းသား လူမျိုးစုများနှင့် ဆက်စပ်သော လက်ငင်းနိုင်ငံရေး စိန်ခေါ်မှုများကို အရှိအတိုင်း ရှုမြင်သုံးသပ်နိုင်ရန် အရေးကြီးသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသားလူမျိုးစုများနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေး နည်းလမ်းမှတစ်ဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့ကို မဖြစ်မနေ တည်ဆောက်နိုင်မှသာ တိုင်းပြည်နှင့် ပြည်သူလူထု၏ ရေရှည်အကျိုးစီးပွားကို မလွဲမသွေ မြှင့်တင်နိုင်မည့် အခင်းအကျင်းကို မျက်ခြည်မပြတ်သင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။

Most Read

Most Recent