အပြန်အလှန်

အပြန်အလှန်
Published 29 March 2015
သဲသီရိကျော်

အခုဆိုရင် နွေရာသီကျောင်းပိတ်ရက်ကို ရောက်ရှိလာခဲ့ပါပြီ။ ကျောင်းသားကျောင်းသူတွေအတွက် တစ်နှစ်ပတ်လုံး ကျောင်းစာတွေနဲ့ လုံးပန်း ပင်ပန်းခဲ့ရသမျှကို အတိုးချပြီး အေးဆေးအနားယူခွင့်ရတဲ့ နွေရာသီသုံးလဆိုတဲ့ ကာလလေးတစ်ခု။ ဒါပေမဲ့လည်း အခုမြင်တွေ့နေရတာတွေ၊ ကြားနေရတာတွေနဲ့ ကျွန်မသေချာပြန်စဉ်းစားကြည့်မိတော့ နွေရာသီက တကယ်ပဲ ကလေးတစ်ယောက် အေးဆေးသက်သာစွာ အနားယူခွင့်၊ ကလေးတစ်ယောက်ရဲ့ လွတ်လပ်ခွင့်တွေ အပြည့်အဝရတဲ့ အချိန်တစ်ခုမှ ဟုတ်ပါရဲ့လားလို့လေ။အခုနောက်ပိုင်းကာလတွေမှာ ခေတ်ကြီးက အစစအရာရာ တိုးတက်ပြောင်းလဲလာတော့ ကလေးတွေအတွက် အာရုံဝင်စားစရာ ကိစ္စတွေကလည်း များပြားလာသလို နေရာတကာမှာ အပြိုင်အဆိုင်တွေများနေတဲ့ ခေတ်ကြီးမှာ မိဘတွေကလည်း ကိုယ့်သားသမီးကို သူများထက်သာအောင် ဟိုသင်တန်းပို့၊ ဒီသင်တန်းပို့နဲ့ ပို့နေကြတာပါပဲ။ ကလေးတစ်ယောက်ပီပီ ကိုယ်ပိုင်အားလပ်ချိန်၊ ဆော့ကစားချိန်တွေ မရရှိကြဘူး။ကျွန်မတို့လမ်းထဲမှာ ကလေးတွေများစွာ ရှိပါတယ်။ ဒါပေမဲ့ အခုလို နွေရာသီကျောင်းပိတ်ရက်မှာ ကလေးပီပီ တကယ်လွတ်လပ်စွာ ဆော့ကစားတဲ့သူ နည်းသွားပါပြီ။ မိဘတွေပို့တဲ့ သင်တန်းတွေကို မတက်ချင် တက်ချင် သွားတက်ကြသလို သူတို့ကိုယ်တိုင် နွေရာသီမှာ သူငယ်ချင်းတွေနဲ့ သင်တန်းတွေ တက်ချင်လွန်းလို့ဆိုပြီး မိဘတွေဆီက ခွင့်တောင်းပြီး တက်ကြတဲ့ ကလေးတွေလည်း ရှိပါတယ်။ ယောကျ်ားလေးအများစုက ကျောင်းပိတ်ရက်ကို ဂိမ်းဆိုင်တွေမှာ အချိန်ဖြုန်းကြပြီး၊ မိန်းကလေးအများစုကတော့ အလှတွေပြင်ပြီး၊ ကြော့ကြော့မော့မော့နဲ့ သင်တန်းတက်ဖို့၊ ကျူရှင်တွေတက်ဖို့၊ အနုပညာစိတ်ဝင်စားတဲ့သူတွေကလည်း ငယ်ငယ်ကတည်းက ငွေကြေးတတ်နိုင်တဲ့ မိဘတွေက ကလေးနောက်ကလိုက်ပြီး ပြိုင်ပွဲတွေဝင်ဖို့ လိုအပ်တာတွေ ပံ့ပိုးပေးရင်း နွေရာသီကာလတွေကို ဖြတ်သန်းနေကြတာကို တွေ့ရပါတယ်။ အခုခေတ်မှာ အိုင်တီနည်းပညာတွေ များစွာကလည်း တိုးတက်လာတော့ တစ်တန်း၊ နှစ်တန်းအရွယ် ကလေးတွေကတောင် ဖုန်းတွေ၊ အင်တာနက်တွေကို အလွယ်တကူ သုံးတတ်နေကြပြီ။ သူတို့သိချင်တာကို ခလုတ်လေးတစ်ချက်နှိပ်ပြီး သိခွင့်ရနေတော့ တကယ့်အပြင်ကမ္ဘာ လောကကြီးမှာ လူမှုပေါင်းသင်းဆက်ဆံရေးဆိုတာ၊ အပေါင်းအသင်းနဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့ အလုပ်တွေဆိုတာကို မသိကြတော့၊ နားမလည်ကြတော့ပါဘူး။“ သမီးက အဆိုတော်ကြီးဖြစ်ချင်တာ။အခု နွေရာသီကျောင်းပိတ်ရက်မှာ ကျူရှင်လည်း တက်တယ်။ အဆိုသင်တန်းလည်း တက်နေတယ်။ ပြိုင်ပွဲတွေလည်း ဝင်နေတယ်လေ။ စာကတော့ ကျောင်းစာမှာ အဆင့်တစ်ကနေ တစ်ဆယ် အမြဲဝင်ပါတယ် ။မေမေကလည်း စာပြန်သင်ပေးတာပဲဟာကို။ အခုလည်း ကျောင်းစာတွေ ကျူရှင်တက်ပြီး ကြိုလုပ်နေတာပဲလေ။ သူငယ်ချင်းတွေနဲ့ တစ်ခါတလေ ရှော့ပင်းထွက်တယ်။ ဖုန်းပြောတယ်။ အိမ်လာလည်ရင် အတူတူစကားတွေ ပြောကြတယ်။ ကစားတော့ မကစားပါဘူး။ စာအုပ်တွေကတော့ တစ်ခါတလေတော့ ဖတ်ဖြစ်ပါတယ်” လို့ ကျွန်မတို့ရပ်ကွက်ထဲက ငါးတန်းကျောင်းသူ ကလေးမလေးက သူ့ရဲ့နွေရာသီကျောင်း ပိတ်ရက် ဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ အမေးကို အဲ့ဒီလိုဖြေခဲ့တုန်းက ကျွန်မဖြင့် အံ့သြတကြီး ဖြစ်ခဲ့ရသေးတယ်။ ဒါပေမဲ့လည်း အခုနောက်ပိုင်းမှာ အဲ့ဒီလို ငွေကြေးဥစ္စာပြည့်စုံတဲ့ မိဘတွေကနေ ဆင်းသက်လာကြတဲ့ မြို့ပြနေ ကလေးအများစုတို့က ကလေးတစ်ယောက်ရဲ့ အားလပ်ချိန်တွေကို ကလေးမဆန်စွာ ဖြတ်သန်းနေကြတာကို များစွာတွေ့ မြင်လာရတော့ အထွေအထူးထပ်ပြီး အံ့သြမနေတော့ပါဘူး။ကျွန်မတို့လည်း ခေတ်နဲ့အမီ အိုင်တီနည်းပညာနောက်ကို ကိုယ်တတ်နိုင်သလောက် အမှီလိုက်နေရပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ငယ်ငယ်တုန်းကတော့ အခုခေတ်လောက် အိုင်တီနည်းပညာတွေက မတိုးတက်သေးတော့ နွေရာသီကျောင်းပိတ် ရက်ရှည်မျိုးဆိုရင် မတွေ့ရတာကြာနေပြီဖြစ်တဲ့ ဆွေမျိုးတွေ အဘိုးအဘွားတို့ အိမ်မှာစုပြီး အားလုံးတွေ့ဆုံကြရ၊ မောင်နှမဝမ်းကွဲတွေ စုံစုံလင်လင်နဲ့ ပျော်ပျော်ပါးပါး ကစားကြရတယ်ဆိုတော့ သိပ်ပျော်ကြရပါတယ်။ တစ်နှစ်ပတ်လုံး ကျောင်းစာတွေနဲ့ လုံးပန်းနေရပေမယ့် နွေရာသီလို ကိုယ်ပိုင်အားလပ်ချိန်လေးတွေမှာတော့ ပျော်ပျော်ပါးပါးနဲ့ စိတ်လွတ်ကိုယ်လွတ် ကလေးပီပီ ကစားကြတာပါပဲ။ကျွန်မတို့တုန်းကလည်း ကျောင်းမဖွင့်ခင် နွေရာသီမှာ ကျူရှင်တွေ၊ သင်တန်းတွေ တက်ခဲ့ရတာရှိပေမယ့် အရမ်းကြီး စာမှ စာ၊ သင်တန်းမှ သင်တန်း ဖြစ်နေတာမျိုးတော့ မရှိပါဘူး။ တက်စရာရှိတဲ့သင်တန်းကို တက်ပြီး၊ ကစားစရာရှိတဲ့အချိန်မှာ ကစားခွင့်ရအောင် လူကြီးတွေကလည်း အချိန်ကို စနစ်တကျ စီမံခန့်ခွဲပေးထားပါတယ်။ လူကြီးတွေ ဖြစ်စေချင်တဲ့အတိုင်း ပညာရေးအတွက် လေ့လာတာကို ကျွန်မတို့ လုပ်သလို ကျွန်မတို့ရဲ့ လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အချိန်တွေကိုလည်း ကလေးတစ်ယောက်ရဲ့အခွင့်အရေးကို အကန့်အသတ်လေးတစ်ခုအတွင်းကနေ မိဘတွေက ပေးခဲ့ကြပါတယ်။ အဲ့ဒီအတွက် ကျွန်မတို့ကတော့ ကလေးတစ်ယောက်ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးတယ်လို့ မထင်ပါဘူး။ ကလေးပီပီ စာအုပ်တစ်အုပ်ကို ဖတ်ရတာထက် အရုပ်နဲ့ အသံတွဲဖက်မြင်ရတဲ့ ရုပ်မြင်သံကြားကြည့်ရတာကို ပိုသဘောကျတာ သဘာဝပါပဲ။ ဒါကို မိဘတွေက ဘာမှမပြောဘဲ လွှတ်ပေးထားတာမျိုး၊ ရုပ်မြင်သံကြား လုံးဝမကြည့်ရဘူးလို့ ကန့်သတ်ပစ်လိုက်တာမျိုးထက် ကလေးတစ်ယောက် စာအုပ်ဖတ်ချင်လာအောင် ဆွဲဆောင်ပြောဆိုတတ်ရပါမယ်။ ကလေးရဲ့ အသက်အရွယ်နဲ့ အသိဉာဏ်၊ စာဖတ်အားပေါ် မူတည်ပြီး သင့်တော်တဲ့ စာအုပ်တွေကို ရွေးချယ်ပေးရပါမယ်။ကိုယ်ပေးတဲ့စာအုပ်လေး ဖတ်ပြီးရင် သူတို့ကြည့်ချင်တဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေ ပေးကြည့်တဲ့ အခွင့်အရေးတစ်ခုလည်း သူတို့ကို ပြန်ပေးရပါမယ်။ စာအုပ်တစ်အုပ်ဖတ်ပြီးရင် မိဘက ပြန်လည်ဆွေးနွေးပေးတာမျိုး၊ ကလေးရဲ့စိတ်ခံစားချက်၊ အမြင်တွေကို ပြန်လည်မေးမြန်းတာမျိုးတွေကို ပြုလုပ်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။ ဒီလို အခွင့်အရေးတွေကို ရရှိခဲ့တဲ့အတွက် ကျွန်မတို့ ငယ်စဉ်ကတော့ အားလပ်ရက်တွေမှာ ကျူရှင်တွေ၊ သင်တန်းတွေ တက်ပေးရလည်း စိတ်ထဲမှာ လေးလံနေတာမျိုး မရှိပါဘူး။ လုပ်သင့်တာကို လုပ်ပြီးရင် ကိုယ်လုပ်ချင်တာကိုလည်း လုပ်နိုင်တဲ့ အခွင့်အရေးတစ်ခုကို မိဘတွေက ပေးထားတဲ့အတွက်ပါ။ ပြောင်းလဲလာတဲ့ခေတ် မှာ မိဘတွေရဲ့အတ္တကိုပဲ ကြည့်လို့မရတော့သလို ကလေးတစ်ယောက်ရဲ့ အခွင့်အရေးဆိုပြီး ကလေးတွေကို သူတို့နေချင်သလို နေထိုင်ခွင့်ကိုချည်းလည်း ဦးတည်စဉ်းစားပေးလို့ မရတော့ပါဘူး။ အပြန်အလှန်ဆိုတဲ့ သဘောတရားကို နားလည်ထားရပါမယ်။ အဲ့ဒီထိန်းကျောင်းမှုက အမှန်ကန်ဆုံး ထိန်းကျောင်းမှုပုံစံတစ်ခု ဖြစ်ပါတယ်။ကလေးတစ်ယောက်ရဲ့ အားလပ်ချိန်တွေ၊ အားလပ်ရက်တွေမှာ မိဘတွေက ကလေးတွေရဲ့ ကိုယ်ပိုင်စိတ်ခံစားမှုကို ထည့်မတွက်ဘဲ သူတို့လိုချင်တဲ့ ပုံစံတစ်ခုကို အတင်းလုပ်ခိုင်းတယ်ဆိုတာမျိုး၊ ကလေးတွေ ကလည်း ပြောင်းလဲလာတဲ့ခေတ်ရဲ့ တိုးတက်မှုတွေနောက်ကိုလိုက်ပြီး အိုင်တီနည်းပညာ နောက်ကိုပဲလိုက်ပြီး စာမဖတ်တော့ဘူး။ ဆော့ကစားတာမျိုးတွေ မလုပ်တော့ဘူးလို့ ဝေဖန်ပြောဆိုနေကြမယ့်အစား ဒါကို ပြုပြင်ပြောင်းလဲရမယ်လို့ပဲ ပြောနေကြမယ့်အစား ဘယ်လိုပုံစံနဲ့ ပြုပြင်ကြမလဲ၊ ကလေးတွေကို လမ်းကြောင်းမှန်တစ်ခုပေါ်ရောက်အောင် ဘယ်လိုထိန်းကျောင်းပေးကြမလဲဆိုတာကိုလည်း ဝိုင်းဝန်းတိုင်ပင် အဖြေရှာသင့်ကြတယ် မဟုတ်ပါလား။မိဘနဲ့ သားသမီး အချင်းချင်းစိတ်ထဲမှာ အလိုမကျ၊မကျေမနပ်ဖြစ်ပြီး အပြစ်တင်၊ အပြစ်မြင်နေမယ့်အစား ကိုယ်ဖြစ်စေချင်တာကိုပဲ ပြောနေ၊ လုပ်နေကြမယ့်အစား အလျှော့အတင်း၊ အပေးအယူ၊ အပြန်အလှန် ညှိနှိုင်းမှုတွေနဲ့ နွေရာသီ ရက်ရှည်အားလပ်ချိန်တွေကို သာမက ဘဝတစ်လျှောက်လုံး ဖြတ်သန်းမှုမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ အချိန်တွေကို စနစ်တကျ အသုံးချပြီး စိတ်ကျေနပ်စွာ ဖြတ်သန်းနိုင်ကြစေချင်ပါတယ်။ မိဘနဲ့ သား သမီးကြားမှာလည်း တစ်ဦးစီရဲ့ကိုယ်ပိုင်အခွင့်အရေးတွေကို အပြန်အလှန် တန်ဖိုးထားတတ်၊ လေးစားတတ်ပြီး ကိုယ်လိုချင်တဲ့ပုံစံတစ်ခုရဖို့ မှန်ကန်တဲ့နည်းလမ်းတစ်ခုကနေ ထိန်းကျောင်းပြုပြင်ရင်း ရှေ့ဆက်ကြမယ်ဆိုရင်ဖြင့်။

Most Read

Most Recent