နှလုံးသားတံခါး ဖွင့်ထားပါ

နှလုံးသားတံခါး ဖွင့်ထားပါ
Published 29 March 2015
မောင်တင်ဦး (မြောင်းမြ)

လွမ်းစရာလွမ်းစရာလည်း ကောင်းတယ်။ ဝမ်းနည်းစရာလည်း ကောင်းတယ်။ နိဂုံးဆိုတဲ့ ဇာတ်သိမ်းပိုင်းက စက္ကန့်နဲ့အမျှ ရောက်လာတယ်။ မင်းသမီးက သေတော့မှာ။ ဦးနှောက်အသားပိုရောဂါ ဖြစ်ရာကနေ ကင်ဆာအဆင့် (၄) ရောက်နေပြီ။ ဆရာဝန်တွေကလည်း မင်းသမီးကို အိမ်ပြန်ခွင့်ပြုလိုက်ပြီ။ မင်းသမီးကို စွဲစွဲလမ်းလမ်း ချစ်နေပြီး မင်းသမီးနဲ့ပေါင်းရဖို့ ကြိုးစားခဲ့တဲ့ မင်းသား ဘယ်လို ခံစားရမလဲ။ ဘယ်လောက်ခံစားရမလဲ။ ကြည့်နေတဲ့ ပရိသတ်တွေ မျက်ရည်စို့မတတ်ပဲ။ ကျလာတဲ့ မျက်ရည်ကို လူတွေမသိအောင် လက်ဖမိုးနဲ့ ကမန်းကတန်း သုတ်လိုက်ပေမယ့် ကိုယ်လိုပဲ ခံစားနေတဲ့သူနဲ့ မျက်လုံးချင်းဆုံမိတယ်။ သူ့မှာလည်း မျက်ရည်တွေရွှဲလို့ ကျိတ်လွမ်းရတဲ့အလွမ်း။ ပိုလွမ်းတယ်။ဇာတ်လမ်းလေးကဇာတ်လမ်းလေးက ဒီလို။ ဖိလစ်ပိုင်ဇာတ်လမ်းတွဲ တစ်ခုပါ။ မေတ္တာဝင်္ကပါတဲ့။ စာသင်ရခက်တဲ့ ကောင်လေးတစ်ယောက်။ သူက မိဘမဲ့၊ ဆင်းရဲသား။ သူ့နာမည်က တစ်ဆွိုင်း။ မထင်မှတ်ဘဲ သူဌေးသမီး အဲလစ်နဲ့တွေ့ပြီး ချစ်ကြိုက်မိတယ်။ ကောင်လေးက နှစ်နှစ်ကာကာ ချစ်သလို ကောင်မလေးကလည်း လှိုက်လှိုက်လှဲလှဲ ပြန်ချစ်တယ်။ မခွဲနိုင်မခွာရက် ဖြစ်နေပေမယ့် ကောင်မလေးရဲ့ အဖေက ခွဲပစ်တယ်။ ဒါပေမဲ့ ကောင်မလေးကိုယ်တိုင်က အဖေ့စကားကို နားမထောင်ဘူး။ သူမကလည်း ကောင်လေးကို တကယ်ချစ်မိနေတာကိုး။ နောက်ဆုံး အဖေက ကောင်လေးကို ခေါ်တွေ့ပြီး သူ့သမီးနဲ့ ထိုက်တန်သူဖြစ်အောင် ကြိုးစားဖို့ တကယ်ကြိုးစားလို့ အောင်မြင်လာရင် ပေးစားမယ်လို့ ပြောတယ်။ ကောင်မလေးကလည်း ကောင်လေးကို ကြိုးစားပါ။ သူ့ကိုပဲ လက်ထပ်ပါမယ်လို့ ကတိပြုတယ်။ တစ်ဆွိုင်းရော အဲလစ်ပါ အနာဂတ်ကို ယုံကြည်ချက်အပြည့်နဲ့ ကြိုးစားကြတယ်။ဒီလိုနဲ့ မိဘမဲ့ကောင်လေးဟာ ကျပန်းအလုပ်လုပ်ရင်း တစ်ဖက်က ကျောင်းတက်တယ်။ စာထဲ ရေးပြသလောက် တကယ့်ဘဝက ပိုမိုကြမ်းတမ်းခက်ခဲတယ်။ အဆူခံ အကြိမ်းအမောင်းခံရင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား ဘဝကို ဖြတ်သန်းခဲ့တယ်။ ကောင်လေးက အထက်တန်းအောင်ပြီး ကောလိပ်တက်ခွင့်ရပြီ။ တစ်နေ့မှာ ကောင်မလေးဟာ ရုတ်တရက်မူးလဲ မေ့မြောသွားတယ်။ ဆရာဝန်တွေက ဆေးစစ်ကြည့်တော့ ကောင်မလေးရဲ့ ဦးနှောက်မှာ အသားပိုထွက်နေကြောင်း အဖြေထွက်လာတယ်။ ဒီလိုနဲ့ ဦးခေါင်းကို ခွဲစိတ်ကုသတယ်။ ခွဲစိတ်အပြီး သတိပြန်ရလာတဲ့ အခါမှာ ကောင်မလေးဟာ အတိတ်ကဖြစ်ရပ် အတော်များများကို မေ့နေတယ်။ ကောင်လေးကို သူမက လုံးဝမမှတ်မိတော့ဘူး။ ကောင်လေးခမျာ အရမ်းခံစားရရှာတယ်။ သူ့ကို အဲလစ် ပြန်မှတ်မိအောင် နည်းလမ်းစုံသုံးပေမယ့် မအောင်မြင်ဘူး။ ဒါပေမဲ့ ကောင်မလေးရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးက ကောင်မလေးဟာ ကောင်လေးကို အမှန်တကယ် ချစ်ခဲ့မှန်း ဖြစ်ရပ်တွေ၊ သက်သေတွေပြခဲ့လို့ ကောင်မလေးက ကောင်လေးကို သနားလာတယ်။ သူမကိုယ်တိုင် ပေးထားတဲ့ ချစ်လက်ဆောင်တွေက သက်သေထင်ရှားနေတယ်။ ကောင်လေးရဲ့ ကြင်နာမှုတွေကလည်း လတ်တလော သူမခံစားနေတဲ့ ဝေဒနာကို အထိုက်အလျောက် သက်သာစေတယ်။ ဒီလိုနဲ့ ကောင်လေးအချစ်ကို ပြန်အသိအမှတ်ပြုလာတယ်။ဒါပေမဲ့ ကံကြမ္မာက သူတို့ရဲ့ချစ်ခြင်းကို ခွင့်မပြုခဲ့ဘူး။ ကောင်မလေးရဲ့ ဦးနှောက်မှာ အသားပိုထပ်ထွက်လို့ တစ်ခါမူးမေ့လဲပြန်ရော။ ဒီတစ်ခါ ဦးနှောက်အသားပိုက ပိုဆိုးလာတယ်။ ကင်ဆာအဆင့်(၄)ကို ရောက်လာတယ်။ မေ့နေတဲ့ကောင်မလေးကို ကြည့်ပြီး ကြေကွဲနေတဲ့ ကောင်လေး။ ကောင်မလေးရဲ့ လက်ဖဝါးကို ကိုင်ရင်း မျက်ရည်ယိုစီးနေတဲ့ ကောင်လေး။ နောက်ထပ်ခြောက်လသာ အသက်ရှင်နိုင်တော့မယ့် ကောင်မလေးကို နှစ်သိမ့်ပေးဖို့ နည်းလမ်းပေါင်းစုံရှာ ကြိုးစားနေတဲ့ ကောင်လေး။ သနားစရာ။ကောင်မလေးကလည်း သူမရောဂါနဲ့ သူမရဲ့ အသက်ရှင်နိုင်မယ့် အချိန်ကို သူမဘာသာ သိနေတယ်။ ထို့အတူ ကောင်လေးရဲ့ နက်နက်နဲနဲ နှစ်နှစ်ကာကာ ချစ်နေတာကိုလည်း သိနေတယ်။ ဒီလိုသေခါနီး အချိန်တိုအတွင်းမှာ သူမရဲ့အချစ်ကို ကောင်လေး သိစေချင်တယ်။ တကယ် စဉ်းစားကြည့်လိုက်တော့ သူမကသေတော့မှာ။ ကောင်လေးက ဘဝကို ဆက်လျှောက်လှမ်းရဦးမှာ။ သူမကိုချစ်လို့ တစ်သက်လုံး စွဲလမ်းနေပြီး ကောင်လေးနှလုံးသားကို သော့ခတ်ထားလိုက်ရင် မတရားဘူးလို့ ကောင်မလေးကတွေးတယ်။ ချစ်တာဟာ ပိုင်ဆိုင်ချင်တာ မှန်ပေမယ့် စွန့်လွှတ်အနစ်နာခံ ပေးဆပ်ပြီးလည်း ချစ်နိုင်တာပဲ။ ပိုင်ဆိုင်ရမှ ချစ်မယ်ဆိုပေမယ့် ကံကြမ္မာက ခွင့်မပြုတော့ဘူး။ ဒါဆို မပိုင်ဆိုင်ဘဲလည်း ချစ်နိုင်ရမယ်။ ကောင်လေးကိုချစ်တယ်။ ချစ်တဲ့ကောင်လေးရဲ့ ဘဝမှာ သူမကြောင့် အချစ်ကုန်သွားတာမျိုး မဖြစ်ရဘူး။ နှလုံးသားသေနေတဲ့ အချစ်မရှိတဲ့ ဘဝဟာ ခြောက်သွေ့တယ်။ အထီးကျန်တယ်။ ဒီလို ပျော်ရွှင်မှု ဆိတ်သုဉ်းတဲ့ ဘဝနဲ့ သေဆုံးပြီးဖြစ်တဲ့ သူမကို တမ်းတနေတာဟာ အတ္တကြီးကြီးနဲ့ ကောင်လေးဘဝကို ဖျက်ဆီးလိုက်တာပဲ ဖြစ်တယ်။ ဒီတော့ ကောင်လေးကိုပြောရမယ်။ စွန့်လွှတ်ပြီး ချစ်တဲ့အကြောင်း။ အချစ်စစ်ဟာ စွန့်လွှတ်ရဲတဲ့ သတ္တိရှိကြောင်း။ကောင်မလေးကို ဆေးရုံက ပြန်ခေါ်လာတယ်။ ဆရာဝန်တွေက လက်လျှော့လိုက်ပြီ။ ဒါဟာ နောက်ဆုံးအချိန်ဆိုတာ အားလုံးက သိလိုက်ကြတယ်။ကောင်မလေးဟာ ကောင်လေးရဲ့ လက်မောင်းပေါ် ခေါင်းတင်ထားရင်း သေခါနီး နောက်ဆုံးစက္ကန့်တွေကို စောင့်နေရတယ်။ ကောင်လေးကျိတ်ပြီး ငိုနေတာကို ကောင်လေးလက်မောင်းကနေတစ်ဆင့် လှုပ်ခတ်လာတဲ့ သွေးခုန်နှုန်းမှ သူမသိနေတယ်။ ကောင်လေး နှလုံးသားလည်း ငိုနေတာကို။“မငိုပါနဲ့၊ အချစ်ရယ်။ နင် ဒီလိုငိုနေရင် ငါဘယ်လိုလုပ် အသေဖြောင့်မှာလဲ။ ငါ့ကို ဖြောင့်ဖြောင့်ဖြူးဖြူး သေခွင့်ပေးပါ အချစ်ရယ်။ ငါ့ဖြောင့်ဖြောင့် သေပါရစေ။ နင်လည်း ငါ့ကို မေ့နိုင်အောင် ကြိုးစားရမယ်။ ငါ့ကို နင်ချစ်သလို နင့်ဘဝတစ်လျှောက်မှာ ချစ်တဲ့သူ ပေါ်လာမှာပါ။ သူ့ကိုလည်း ငါ့ကိုချစ်သလို ချစ်ပါ။ အချစ်ဆိုတာ အတ္တမဟုတ်ပါဘူး။ အချစ်ကို အသုံးချပြီး တစ်ယောက်ဘဝကို တစ်ယောက် အပိုင်မစီးရဘူး။ အနိုင်မကျင့်ရဘူး။ တကယ်တော့ နှလုံးသားကို ဖွင့်ထားရမယ်။ ဖြူစင်တဲ့စိတ်နဲ့ ချစ်တတ်မှ အချစ်စစ်ဖြစ်တယ်။ ငါ နင့်ကို ချစ်တယ်။ ငါ နင့်ကို မပိုင်ပေမယ့် နင့်ဘ၀ ကောင်းစားရေးအတွက် ငါ နင့်နှလုံးသားကို သော့ခတ်မထားရဘူး။ နှလုံးသားတံခါး ဖွင့်ထားပြီး အချစ်စစ်ကို ရှာပါ။ အချစ်ရယ်၊ အချစ်ရယ်”ကောင်မလေးသေပြီ။ ကောင်လေးငိုတယ်။ ဇာတ်လမ်းက နိဋ္ဌိတံခဲ့ပြီ။အချစ်သူရဲကောင်းများဒါပေမဲ့ လက်တွေ့ဘဝတွေက နိဋ္ဌိ မတံနိုင်သေး။ အချစ်ကို ပိုင်ဆိုင်မှု တစ်ခုတည်းအတွက် အသုံးချပြီး အချစ်သူရဲကောင်း လုပ်နေသူတွေ ရှိနေတယ်။ တိုင်းပြည်ကို ချစ်လို့ဆိုပြီး မောင်ပိုင်စီးထားတဲ့ သူတွေက သူတို့သာလျှင် တိုင်းပြည်ကယ်တင်ရှင်၊ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်သူလို့ ဆိုကြတယ်။အခြားပြည်သူတွေကရော တိုင်းပြည်ကို မချစ်ရဘူးလား။ တိုင်းပြည်ကို မစောင့်ရှောက်ရတော့ဘူးလား။ ထိုသူတို့နဲ့ အမြင်မတူ၊ ရှုထောင့်မတူသူတို့က တိုင်းပြည်ကို ဆူပူအောင်လုပ်တယ် တိုင်းပြည်မအေးချမ်းအောင် လုပ်တယ်ဆိုတဲ့ စကားတွေနဲ့ စွပ်စွဲပုတ်ခတ်တတ်ကြတယ်။ အဲဒီ အကြောင်းပြချက်တွေ တွင်တွင်သုံးပြီး နောက်ဆုံးတော့ တုတ်သုံးကြတော့တာပဲ။ တော်သေးတာပေါ့။ သေနတ်မသုံးလို့။စင်စစ် တိုင်းပြည်ချစ်တဲ့ အချစ်ဟာ ဖြူစင်တဲ့ အချစ်ဖြစ်ရမယ်။ မောင်ပိုင်စီးတဲ့အချစ် မဟုတ်ရဘူး။ ငါ တစ်ယောက်တည်း ချစ်ခွင့်ရှိတယ်။ တခြားသူတွေ မချစ်ရတော့ဘူး။ ဒီလိုမျိုး နှလုံးသားကို သော့ခတ်လိုက်တာမျိုး မဖြစ်သင့်ဘူး။အပိုင်စီး၊ အနိုင်ယူ၊ တံခါးပိတ် အချစ်မျိုးနဲ့ မချစ်သင့်ဘူး။ ကိုယ်မစွမ်းဆောင်သာလို့ တစ်ပါးသူက တိုင်းပြည်ကောင်းစားရေး လုပ်ဆောင်တာကို အနုမောဒနာ ပြုသင့်တယ်။ တိုင်းပြည်မှာ လုပ်စရာတွေက အများကြီး။ ကဏ္ဍပေါင်းစုံ ပြည့်စုံအောင် တစ်ဦး၊ တစ်စု တစ်ဖွဲ့တည်းက လုပ်ဆောင်လို့ မဖြစ်ဘူး။ သူ့နေရာသူလုပ်၊ ကိုယ့်နေရာကိုယ် လုပ်ကြရမယ်။ လယ်သမားကိစ္စ လယ်သမားလုပ်ရမယ်။ အလုပ်သမားကိစ္စ အလုပ်သမားလုပ်ရမယ်။ ပညာရေးကိစ္စ ပညာနဲ့ ပတ်သက်သူတွေ လုပ်ရမယ်။ နေရာတကာ ငါပါမှ၊ ငါလုပ်မှ၊ ငါဦးဆောင်မှဆိုတဲ့ အတ္တအချစ်မျိုးနဲ့ တိုင်းပြည်ကို ချစ်လို့မရဘူး။ ငါမပါဘဲ လုပ်သူဟာ ငါ့ရန်သူပဲ။ ငါ့ကိုခွင့်တိုင်(ခွင့်ပြုချက်ယူ) ငါခွင့်မပြုသမျှ ဘာမှ ချွန်မလုပ်ရဘူး။ အတ္တအလုံပိတ် နှလုံးသားကို အချစ်ဆိုတဲ့ ပျားရည်သုတ်ပြီး တိုင်ပြည်ကို တံခါးပိတ်၊ ပြည်သူတွေကို မျက်စိ၊ နားတို့ကို ပိတ်မထားသင့်ဘူး။ဆိုတော့ နှလုံးသားတံခါးကို ဖွင့်ထားရမယ်။ အမြင်ကျယ်ကျယ် ရှိရမယ်။ လူတိုင်း တိုင်းပြည်ကို ချစ်ခွင့်ရှိရမယ်။ သော့ခတ်ထားတဲ့ နှလုံးသားထဲက အတ္တအချစ်တွေကို ဖွင့်ချလိုက်ပါ။ ကောင်မလေးက သူမသေဆုံးပြီးနောက် ကောင်လေးကို လွတ်လပ်ခွင့် ပေးနိုင်ခဲ့တယ်။ ငါရှိနေတုန်းလည်း ငါ့ကိုပဲ ချစ်ရမယ်။ ငါသေသွားလည်း ငါ့ကိုပဲ ချစ်ရမယ်။ ငါ့ဆွေမျိုးကိုပဲ ချစ်ရမယ်။ ငါ့အသိုင်းအဝိုင်းကိုပဲ ချစ်ရမယ်။ ငါကလွဲ ဘယ်သူကိုမှ မချစ်ရဘူးလို့ တံခါးပိတ်မထားခဲ့ဘူး။ သေရင် ကိုယ့်နောက်ဘာမှ မပါဘူးဆိုတာ ကောင်မလေးက ကောင်းကောင်းသိနေတယ်။ကောင်မလေးအချစ်ဟာ အတ္တကင်းတယ်။ ဖြူစင်တယ်။ ကိုယ့်ချစ်သူရဲ့ ရှေ့ရေးကို အမြော်အမြင်ရှိရှိ ကြည့်ခဲ့တယ်။ ကိုယ့်ချစ်သူကို အတ္တကြိုးနဲ့ ချည်နှောင်မထားဘူး။ စင်စစ် ဘယ်သူက ဘယ်သူ့ကိုမှ အတ္တကြိုးနဲ့ ချည်နှောင်မထားသင့်ဘူး။ လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိရမယ်။ လွတ်လပ်ခွင့် မရှိခဲ့လို့ လွတ်လပ်ခွင့်ကို လုယူခံရလို့ ဒီနေ့ ကျောင်းသား၊ ပြည်သူတွေက လွတ်လပ်ခွင့် တောင်းဆိုနေတာ။ (ဒါကို ပညာရှင်အဆင့်ရှိ ပညာရှိများ သတိပြုသင့်တယ်။ ပညာရှိတွေ ပညာကို ဘေးချိတ်ပြီး မင်းလိုလိုက် မင်းကြိုက်ဆောင်နေခဲ့ကြလို့ တိုင်းပြည်လည်း နစ်မွန်းလှပါပြီ။)သဘာ၀ သင်္ခါရကြောင့် ငါသက်တမ်းကုန်ပြီ ဆိုရင်လည်း ကျန်ရစ်သူတွေကို ချစ်တဲ့သူကိုချစ်ဖို့ ချစ်ခွင့်ပေးလိုက်ပါ။ နှလုံးသားတံခါး ဖွင့်ထားလိုက်ပါ။ လူ့သက်တမ်း၊ အစိုးရသက်တမ်း၊ အာဏာသက်တမ်း စတာတွေဟာ ထာဝရမဟုတ်ဘူး။ ဗုဒ္ဓဘာသာ အယူအဆအရလည်း ထာဝရကို လက်မခံဘူး။ ဒီမိုကရေစီ ကျင့်စဉ်အရလည်း ထာဝရကို လက်မခံဘူး။ ဒီမိုကရေစီကို လက်ခံကျင့်သုံးမယ်ဆိုရင် ဆွေစဉ်မျိုးဆက် အာဏာကို လက်လွှဲပေးလို့ မရဘူး။ ပြည်သူက ချစ်တဲ့သူကိုသာ အာဏာလွှဲပေးရမယ်။ ပြည်သူရဲ့အချစ်ကို အသိအမှတ်ပြုရမယ်။ ငါမရှိလည်း ငါ့အာဏာရှိရမယ် မလုပ်ဘဲ ချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်လို သဘောထားကြီးရမယ်။ အဲလစ်လို မြင့်မြတ်တဲ့အချစ်နဲ့ ချစ်တတ်ရမယ်။အတ္တမပါတဲ့အချစ်နဲ့ လွတ်လပ်စွာ ချစ်တတ်ကြပါစေ။ နှလုံးသားတံခါး ဖွင့်ထားလိုက်ပါ။

Most Read

Most Recent