ဗိုလ်ချုပ်အောင်ဆန်း၏ သေနင်္ဂဗျူဟာစစ်ပညာ

ဗိုလ်ချုပ်အောင်ဆန်း၏ သေနင်္ဂဗျူဟာစစ်ပညာ
Published 27 March 2015
မြေနီသစ္စာ

သေနင်္ဂဗျူဟာစစ်ပညာသည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စစ်ပညာစာတမ်း ဖြစ်သည်။ လက်ဝဲသုန္ဒရအမတ်ကြီး ရေးသားသည့် သေနင်္ဂဗျူဟာစစ်သမိုင်းနှင့် ဗျူဟစက္ကိပျို့တို့ကို တည်းဖြတ်သူ ဦးဘသောင်းက ဗိုလ်ချုပ်ထံပေးပို့ သည်။ဗိုလ်ချုပ်သည် အထပ်ထပ်ဖတ်သည်။ ကျေနပ်အားရသည်။ ဤစစ်စာပေများသည် မြန်မာဘာသာဖြင့် ရှိနေမှန်းကို ဗိုလ်ချုပ်သိသော်လည်း ယခင်က မဖတ်ခဲ့ဖူး၍ စာအလေးအပေါ့ကို သတိမမူနိုင်ခဲ့ပေ။ ယခုဖတ်လိုက်ရတော့ ဗိုလ်ချုပ်သည် သေချာပေါက်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရတော့သည်။တော်လှန်ရေးသမား အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် နယ်ချဲ့အင်္ဂလိပ်ကို တိုက်ထုတ်ရန် ဂျပန်နိုင်ငံသို့ သွားခဲ့သည်။ ဂျပန်တွင် လက်နက်ရှိသည်။ စစ်ပညာဗဟုသုတရှိသည်။ ထိုအရာတို့ကို အောင်ဆန်းလိုချင်သည်။ စစ်မှူးကြီးဖြစ်လာမည့် အောင်ဆန်း မျှော်လင့်သည်။ဂျပန်တွင် စစ်ပညာစာအုပ်အချို့ကို အင်္ဂလိပ်ဘာသာဖြင့် အောင်ဆန်းတွေ့သည်။ ဝယ်သည်။ ဖတ်သည်။ ထပ်ကာ ထပ်ကာ လေးလေးနက်နက် ဖတ်သည်။ စစ်ပညာဦးသျှောင်  Roots of Strategy  စာအုပ်တွင် ကမ္ဘာ့ထိပ်သီးစစ်ပါရဂူတို့၏ စစ်ဗျူဟာအခင်းအကျင်းတို့ကို တွေ့ရှိရသည်။ယင်းစာအုပ်တွင် ကျော်ကြားသော တရုတ်စစ်ရေးပါရဂူ ဆွန်ဇူး (Sun Tzu) ၏ အဆိုအမိန့်တို့ပါသည်။ ခေါမ၊ ရောမ၊ ဥရောပ တို့က ကျော်ကြားသော စစ်ပါရဂူကြီးများ နပိုလီယံ၊ ဟစ်တလာ၊ မူဆိုလီနီအဆုံး အားလုံး၏ စစ်သေနင်္ဂဗျူဟာတို့ကို သိမ်းကျုံးဖော်ပြထားသည်။တရုတ်စစ်ရေးပါရဂူဆွန်ဇူး၏  The Art of War  စစ်သေနင်္ဂဗျူဟာကျမ်းသည် လွန်ခဲ့သောနှစ် ၃၀၀၀ ကျော်ကတည်းက ပေါ်ထွန်းခဲ့သည့် စစ်ကျမ်းပင်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဆွန်ဇူး၏ စစ်သေနင်္ဂဗျူ ဟာကျမ်းပါ အဆိုအမိန့် စစ်အခင်းအကျင်း၊ စစ်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာတို့ကို ဖတ်မှတ်လေ့လာသည်။ ယင်းအဖတ်အမှတ်တို့ထဲက မြန်မာ့ရေမြေနှင့် လိုက်လျောညီထွေဖြစ်မည့် စစ်ဗျူဟာနည်းပညာတို့ကို ဆန့်ယူဆွဲထုတ်သည်။ယင်းအချိန်က (ဂျပန်မပါ) အရှေ့တိုင်းသည် အနှစ် ၂၀၀၊ ၃၀၀ မျှ ခေတ်နောက်ကျနေသည်။ ဆွန်ဇူး၏ စစ်အဆိုအမိန့်၊ အခင်းအကျင်းတို့ကို သခင်အောင်ဆန်း ဖတ်လိုက်ရမှ အိပ်ရာက လန့်နိုးသလို ထိရှတက်ကြွလာသည်။ လှုပ်ရှားခံစားလာရသည်။ “တို့အရှေ့ တို့အာရှကလည်း ဘယ်ဘက်ကမှ မညံ့ပါဘူး” ဟူ၍ တက်ကြွအားရစိတ်တို့ ဖိတ်လျှံပြိုးပြက်လာသည်။ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့စစ်ပညာတို့၏ စစ်ရေးထိုးဖောက် အောင်မြင်မှုတို့ကိုလည်း သတိပြုမိလာသည်။ မဟာဗန္ဓုလသည် ရခိုင်တိုင်းအစွန်ရှိ (ပန်းဝါ) ရာဖူးမြို့ ကို တောင်အတန်တန် တောင်ယံအသွယ်သွယ်  မြစ်ငယ်မြစ်ကျယ်တို့ကိုဖြတ်ကာ သားရဲပြွမ်းသော ခရီးတစ်လျှောက် ချီတက်စစ်ဆင်ခဲ့သည်။ ရန်သူကပင် မြန်မာစစ်သူကြီး၏ စစ်အခင်းအကျင်းကို အံ့သြချီးပ လက်ဖျားခါခဲ့ရသည်။စင်စစ် မဟာဗန္ဓုလ၏ စစ်ချီခရီးသည် ကာသေ့စစ်သူကြီး ဟန်နီဘော်၏ စစ်ချီခရီးကဲ့သို့ပင် မော်ကွန်းတင်ထိုက်ပေသည်။ မဟာဗန္ဓုလ၏ ဓနုဖြူခံတပ်သည် စစ်ဗိသုကာအတတ်တွင် မော်ကွန်းထိုးထားရလောက်အောင်ပင် အစီအရင်ကောင်းပေသည်။ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ ပြည်မြို့တိုက်ပွဲသည် ဂျပန်၊ ဂျာမန်များကဲ့သို့ စိတ်ဓာတ်၏ ပြင်းထန်မှုအရာတွင် အံ့ယူရလောက်အောင် ပြောင်မြောက်လှသည်။ မြန်မာများကိုယ်တိုင် ယိုးဒယား၊ အာသံ၊ မဏိပူရတို့ကို သွားရောက်တိုက်ခိုက်ခဲ့စဉ်က ကြံ့ခိုင်သော စိတ်ဓာတ်တို့သည် အောင်ဆန်းရင်တွင် ထင်ဟပ်ကွန့်မြူးလျက်ရှိ၏။ရန်သူ စိနတို့ ကိုယ်တိုင်က ချီးကျူးရသည့် ဆင်ဖြူရှင်လက်ထက် ယူနန်နယ်စပ်တိုက်ပွဲသည်လည်း အောင်ဆန်းမျက်ဝန်းမှာ အရိပ်ထင်လျက်ရှိ၏။ပထမကမ္ဘာစစ်ပွဲတွင် သုံးခဲ့သော မြေကတုတ်တိုက်ပွဲများကို ဗမာကပင် စတင်တီထွင်ခဲ့သည် မဟုတ်ပါလားဟုဆိုကာ ဗိုလ်ချုပ်အောင်ဆန်းသည် တွေးမြင်ရွှင်ပျဖျတ်လတ် တက်ကြွလာသည်။တပ်မတော်စစ်ဦးချုပ် ဖြစ်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့စစ်အတတ်ပညာကို ဖော်ထုတ်ရန် စစ်ပညာကျမ်းတို့ကို ဝန်ကြီးဟောင်း ဦးဘဦးထံက တစ်ပိုင်းတစ်စရ၏။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံက သုဓနုဇာတ်နှင့် ဟိတောပဒေသ ဘာသာပြန်တို့ကို ဖတ်ရသည်။ ဦးဘသောင်း တည်းဖြတ်သော စစ်သမိုင်းနှင့် ပျို့ စာအုပ်တို့ကို ဖတ်မှတ်သုံးသပ်ကာ စုဆောင်းမိလာသည်။စစ်သေနင်္ဂဟဗျူဟာ၏ သဘောတရားသည် ယဉ်ကျေးမှုအခြေအနေ ပြောင်းလဲလာသည့်အလျောက် အသွင်အပြင်နှင့် အမည်ပြောင်းလဲလာခဲ့သော်လည်း တစ်နည်းပုံ သဏ္ဌာန် (Form) ပြောင်းလဲလာသော်လည်း အနှစ်သာရ (Content) သည် ယခုတိုင် အတူတူပင်ဖြစ်ကြောင်း ဗိုလ်ချုပ် သုံးသပ်မိသည်။ ဗိုလ်ချုပ်အမြင်သည် မျက်မှောက်ခေတ် စစ်ရေးစစ်ရာတွင် မြန်မာတို့၏ စစ်အင်္ဂါ ခုနစ်ပါးကို လိုက်နာကျင့်သုံးနေကြောင်း ဗိုလ်ချုပ်တွေ့ရှိသည်။ရှေးက ဂဠုန်တောင်ပံဖြန့် စစ်ထိုးခြင်းသည်လည်း ယခုတိုင် သုံးနေရသော အခြေခံစစ်ထိုးနည်းပင်။ ရန်သူကို ဘေးကပန်း၍ ဝိုင်းဝန်း တိုက်ခိုက်နည်းသည်လည်း မျက်မှောက်ခေတ်တွင် သုံးနေဆဲပင်။ အထက်မြန်မာနိုင်ငံကို ဂျပန်တို့ ဤနည်းဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လေသည်။ ဂျပန်သည် သူ့ရန်သူ အင်္ဂလိပ်ကို ကယားပြည်နယ်၊ လားရှိုး၊ ဗန်းမော်၊ မုံရွာအထက် ချင်းတွင်းတို့ မှာ အဘက်ဘက်က ဝိုင်းဝန်းပိတ်ဆို့နိုင်ခဲ့လေသည်။ဟစ်တလာသုံးသော  Iinfiltration စစ်ဖိရာ ထိုးဖောက်တိုက်နည်းသည် ဥဿဘဗျူ ဟာစစ်ထိုးပုံမျိုးပင်။ ဟစ်တလာ၏ ဘလစ်ဇကရီ (Blitzkrieg) ခေါ် လျှပ်စစ်လက်ထိုး စစ်ဆင်နည်းသည် ဝါရီဝေဂဗျူဟာနှင့် သဘောချင်းတူသည်။“စစ်ဆိုသည်မှာ အနုနည်းနှင့် ဆောင်ရွက်မရ၍ အခြားနည်းကို သုံးရသော နိုင်ငံရေးတစ်မျိုးပင် ဖြစ်သည်”ဟု ဂျာမန်စစ်ပါရဂူ ကလော့ဇဝိတ်က ဆိုထားလေသည်။စစ်ရေးစစ်ရာဟူသည် ကျယ်ဝန်းလှသည်။ စစ်ဦးစီးချုပ်သည် နိုင်ငံရေးကိုလည်း ကျွမ်းဝင်ရ၏။ စစ်ရေးကိုလည်း နှံ့စပ်ရ၏။ စီးပွားရေးသာမက ကမ္ဘာ့အရေးအခင်းကိုပါ မြင်ကြည့်သိထားရလေသည်။ မျက်မှောက်ခေတ်စစ်မက်ရေးရာတွင် စစ်ချီစစ်တက် စစ်ပြင်ရသော စစ်သည်များသာမက စစ်နောက်ပိုင်းရှိ ပြည်သူများပါ အနည်းနှင့်အများ ပါလာသည်။ဗိုလ်ချုပ်သည် စစ်ရေးအမြင်နှင့် နိုင်ငံရေးအမြင်တို့ကို တွဲဖက်မျှတစွာ ဆင်ခြင်သုံးသပ်ဝေဖန်ပိုင်းခြားနိုင်သော ပုဂ္ဂိုလ်ဖြစ်သည်။ နိုင်ငံခြားကိုမှ တစ်ဖက်သတ် အထင်ကြီးနေသူတို့ကို မြန်မာ့ရှေးဟောင်းစစ်ဘက်ဆိုင်ရာ အတတ်ပညာနည်းဗျူဟာတို့ကို ခင်းကျင်းဖွင့်ဆိုပြလျက် စစ်ရေးစစ်ရာတို့ကို လေ့လာသုံးသပ်ထား၏။ယင်းစစ်ရေး သေနင်္ဂဗျူဟာတို့ကို လေ့လာပွားများ ဖတ်မှတ်ထားခြင်းဖြင့် အရေးကြုံ သက်လုံကောင်းကြစေရန် ရည်သန်ကြိုးကုတ် ပညာပေးစည်းရုံးထားသည်ဟု ဆိုရပါက ဆိုရေးရှိလာပါ၍ ဆိုထိုက်လှပေတော့သည်။

Most Read

Most Recent