လက်ပံတန်းမြို့တွင် အကြမ်းဖက်ဖြိုခွင်းရိုက်နှက်ပြီး သာယာဝတီအကျဉ်းထောင်၌ချုပ်နှောင်ခံထားရသည့် အမျိုးသားပညာရေးဥပဒေသပိတ်မှောက် ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူများအား မတ် ၂၀ ရက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများက ထောင်ဝင်စာတွေ့ခွင့်ပြုခဲ့ကြောင်း သိရသည်။ယင်းသို့ ထောင်ဝင်စာစတင်တွေ့ခွင့်ပြု ခဲ့မှုကြောင့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းမှ ကျောင်းသားခေါင်းဆောင်အချို့၏ မိဘများအပါအဝင် အခြားကျောင်းသား ကျောင်းသူများ၏ မိသားစုများက မတ် ၂၀ ရက် မွန်းလွဲပိုင်းတွင် သာယာဝတီအကျဉ်းထောင်သို့လာရောက်ပြီး ထောင်ဝင်စာတွေ့ဆုံခဲ့ကြသည်။ထို့အပြင် ကျောင်းသားများအား လိုက်ပါအားပေးဝန်းရံခဲ့ခြင်းကြောင့် ဖမ်းဆီးခံထားရသောဒေသခံများကိုလည်း မိသားစုများနှင့် ထောင်ဝင်စာတွေ့ဆုံခွင့်ပေးထားကြောင်း သိရသည်။"ဖြစ်စဉ်နဲ့ပတ်သက်ပြီး သမီးပြောခဲ့တာက ဘုန်းကြီးကျောင်းထဲမှအဖမ်းခံတုန်းက ရဲမှူးနန္ဒဝင်းက သူတို့မှာ ဖမ်းဖို့အမိန့်မရှိသေးဘူးလို့ပြောတယ်။ ပြီးတော့ ရဲတွေကဝင်ရိုက်ကြတယ်။ အဲလိုဝင်ရိုက်တာကျတော့ အထက်ကအမိန့်ရလို့ဝင်ရိုက်တာလား။ သူတို့ကိုဖမ်းတဲ့အခါတုန်းကလည်း လက်ထိပ်မခတ်ဖို့တောင်းဆိုတယ်။ ဖမ်းဆီးတဲ့အခါမှလည်း အချို့ရဲမေတွေက ဆဲဆိုတာတွေရှိတယ်။ မိုက်မိုက်ရိုင်းရိုင်းကို ဆဲဆိုကြတယ်လို့ပြောတယ်။ အချို့ရဲမေတွေကတော့ သူတို့အရိုက်ခံရတုန်းက ဝင်ကာပေးကြတာတွေရှိတယ်လို့ပြောတယ်။ သမီးကိုခေါင်းငုံခိုင်းတဲ့အခါမှာ ခေါင်းမငုံ့တော့ ခေါင်းကိုနံပါတ်တုတ်နဲ့ ရဲမေတွေက ရိုက်တယ်လို့ပြောတယ်။ တစ်ချက်ရိုက်လို့လှည့်ကြည့်ရင် ထပ်ပြီးတော့ပိုရိုက်တယ်။ ပါးရိုက်ခံရတဲ့မိန်းကလေးတွေလည်းရှိတယ်။ ခြင်ထောင်ထောင်ခွင့်မပေးဘူူး။ အခုသူတို့ကို ဘယ်ပုဒ်မတွေနဲ့တရားစွဲတယ်ဆိုတာ သေချာမသိသေးဘူးလို့ပြောတယ်။ သူတို့အနေနဲ့အကြမ်းဖက်ရိုက်နှက်တာတွေရှိတဲ့အတွက် ရဲတွေကို တရားပြန်စွဲမယ်လို့ သမီးကပြောတယ်။ အခုက ရိုက်နှက်ခံရတယ်။ တရားလဲအစွဲခံရတယ်ဆိုတော့ နှစ်ထပ်ကွမ်းခံနေရတယ်လို့ သမီးကပြောတယ်" ဟု မတ် ၂၀ရက်တွင် သာယာဝတီအကျဉ်းထောင်သို့ ထောင်ဝင်စာလာတွေ့သည့် မဖြိုးဖြိုးအောင်၏ဖခင် ဒေါက်တာနေဝင်းကဆိုသည်။ယင်းကဲ့သို့ ထောင်ဝင်စာသွားတွေ့သည့် ကိုမင်းသွေးသစ်၏မိခင် ဒေါ်ခင်ခင်ကလည်း "အခုတော့သားကျန်းမာရေးကောင်းပါတယ်။ စစချင်းတုန်းကတော့ ခေါင်းကိုဝိုင်းရိုက်ခံထားရတဲ့ဒဏ်ရာကြောင့် တော်တော်ခံစားခဲ့ရတယ်လို့ပြောတယ်။ ပြီးတော့ ထောင်ထဲမှာ အသက်မပြည့်ဘဲ အဖမ်းခံရတဲ့ ကျောင်းသားတွေရှိတယ်။ သူတို့က ကလေးတွေဆိုတော့ ညဘက်ငိုကြတယ်လို့ပြောတယ်။ အသက်ငယ်တဲ့ကျောင်းသားလေးတွေကို ပြန်လွှတ်ပေးစေချင်တယ်လို့ သူကပြောတယ်။ ခေါင်းကိုအရိုက်ခံရတဲ့ကလေးတွေက ခေါင်းကိုက်ယ်ဆိုပြီး စောစောအိပ်ကြတယ်။ ထောင်ထဲမှာက ခေါင်းဒဏ်ရာစမ်းသပ်ကိရိယာတွေမရှိဘူး။ သာမန်ခေါင်းကိုက်ပျောက်ဆေးတိုက်တာတွေဘဲရှိတယ်လို့ပြောတယ်" ဟု မတ် ၂၀ ရက် မွန်းလွဲပိုင်းတွင်ပြောသည်။ထောင်ဝင်စာတွေ့ဆုံခွင့်ရမည့်ရက်များမှာ လာမည့်အပတ်မှစတင်၍ တပတ်လျင် ဗုဒ္ဒဟူး၊ ကြာသပတေး နှစ်ရက်သာ တွေ့ဆုံခွင့်ရမည်ဖြစ်ကြောင်းသိရပြီး ပထမဆုံးပေးတွေ့ခွင့်ပေးသည့်နေဖြင့် မတ် ၂၁ ရက် (ယနေ့တွင်) ထပ်မံတွေ့ဆုံခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းခွင့်ပြုရက်များတွင် နံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲအထိ၊ မွန်းလွဲပိုင်းတွင် ၂ နာရီခွဲမှ ၄ နာရီခွဲအထိ တွေ့ခွင်ပြုထားကြောင်း သိရသည်။ကျွန်တော်တို့ မနေ့က မွန်းလွဲ ၃ နာရီလောက်ကတည်းက ထောင်ဝင်စာတွေ့ခွင့်ပြုလိုက်တာပါ။ မနေ့ကတော့ တွေ့ခွင့်ပြုတာကိုမသိတဲ့အတွက် ကျောင်းသားမိဘတွေကမလာကြဘူးထင်ပါတယ်။ ဒီနေ့မှာကတော့ လာတွေ့ကြပါတယ်။ ဒီနေ့နဲ့မနက်ဖြန်ကို ကျွန်တော်တို့က ပထမဆုံးထောင်ဝင်စာပေးတွေ့တာဖြစ်တဲ့အတွက် တွေ့ခွင့်ပြုမှာပါ။ ဒါပေမဲ့ နောက်အပတ်ဆိုရင် ဗုဒ္ဓဟူး၊ ကြာသပတေးနှစ်ရက်ပဲ တွေ့ခွင့်ပြုမှာဖြစ်တယ်" ဟု သာယာဝတီထောင်ဝင်စာတွေ့ဆုံခွင့်တင်ရသည့်ရုံးမှ ကြီးကြပ်ရေးမှူး နန်းအောင်ကျော်က မတ် ၂၀ရက် မွန်းလွဲပိုင်းကဆိုသည်။
လက်ပံတန်းဖြစ်စဉ်အပြီး သာယာဝတီထောင်၌ ဖမ်းဆီးခံထားရသော ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားကျောင်းသူများအား ထောင်ဝင်စာစတင်တွေ့ ခွင့်ပြု















