ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး ပြည်မြို့ မိုးမေတ္တာနာရေးကူညီမှုအသင်းမှဦးဆောင်၍ သပိတ်မှောက်ကျောင်းသားများနှင့် ဝန်းရံသည့်ပြည်သူလူထုကို အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးထောင်ချခြင်းအား ကန့်ကွက်ရှုတ်ချပွဲနှင့် တောင်းဆိုပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ယင်းရှုတ်ချပွဲနှင့်တောင်းဆိုပွဲကို မတ် ၂၂ ရက် နံနက် ၈ နာရီမှစ၍ ပြည်မြို့ နဝဒေးလမ်း ရွှေပေါက်ပင်ကျောင်းတိုက်တွင်ပြုလုပ်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုကိုမလိုလားသော ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီးအတွင်းရှိ နာရေးကူညီမှုအသင်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ မြို့ခံသမဂ္ဂအဖွဲ့ဝင်ကျောင်းသားများနှင့် နယ်ပယ်အသီးသီးမှ ဦးဆောင်ပုဂ္ဂိုလ်များ စုပေါင်းပြုလုပ်သွားမည်ဖြစ်ကြောင်း မိုးမေတ္တာနာရေးကူညီမှုအသင်းမှ သိရသည်။"အခုကျွန်တော်တို့က ပူးပေါင်းပါဝင်မယ့်နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ဖိတ်စာတွေပေးပို့ဖို့ပြင်ဆင်နေပါပြီ။ ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီးကိုကိုယ်စားပြုပြီး အဖွဲ့အစည်းပေါင်းစုံ ၁၅၀ လောက်အထိ ဖိတ်ကြားသွားဖို့ရှိတယ်။ အခု ၁၀ ရက်ကဖြစ်သွားတဲ့အဖြစ်အပျက်ကိုတော့ ရှုတ်ချတယ်။ ဖမ်းဆီးခံထားရတဲ့သူတွေထဲက ကျောင်းသားတွေကိုလွှတ်ပေးနေရုံနဲ့မပြီးဘဲ ဝန်းရံတဲ့သူတွေကိုပါလွှတ်ပေးရမယ်။ ပုဒ်မ ငါးခုတပ်ပြီး ထောင်ချတာကိုမလိုလားဘူး။ ကျွန်တော်တို့ကိုယ်တိုင်သွားခဲ့တဲ့၊ မြင်ခဲ့တဲ့အရာတွေမှာ သူတို့ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင် အထက်လူကြီးတားမြစ်နေတဲ့အမိန့်တွေကို လိုက်နာခဲ့တာမတွေ့ရဘူး။ အဲဒီအတွက် ဖမ်းဆီးခံအားလုံး ခြွင်းချက်မရှိလွှတ်ပေးရေးအတွက် ပြုလုပ်သွားမှာဖြစ်တယ်" ဟု ကျောင်းသားသပိတ်အား ကျန်းမာရေးစောင့်ရှောက်မှုလိုက်လံပေးခဲ့သည့် မိုးမေတ္တာနာရေးကူညီမှုအသင်းမှ ကိုမျိုးညိန်းဇော်ကပြောကြားသည်။ယင်းပွဲတွင် ပြည်ခရိုင်အတွင်းရှိ လွတ်လပ်သောကဗျာဆရာများကလည်း လက်ပတ်ဖြူ လှုပ်ရှားမှုကို တာဝန်ယူပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး အလားတူရှုတ်ချပွဲကို ရန်ကုန်နာရေးကူညီမှုအသင်းကဦးဆောင်၍ နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များပါဝင်ကာ မတ် ၁၂ ရက်တွင်ပြုလုပ်ခဲ့သည်။
ပြည်မြို့ မိုးမေတ္တာနာရေးကူညီမှုအသင်းကဦးဆောင်၍ သပိတ်မှောက်ကျောင်းသားများနှင့် ပြည်သူကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုအား ရှုတ်ချပွဲနှင့် တောင်းဆိုပွဲပြုလုပ်မည်















