မြင်ကွင်း (၁)
“စိတ်မပူနဲ့. . .”
တစ်ချက်သာလှည့်ကြည့်ပြောပြီး ချာခနဲ လှည့်ထွက်သွားတဲ့ မဖြိုးဖြိုးအောင်ရဲ့ ဟိုမှာဘက်ဆီက မျက်ဝန်းမှာ မျက်ရည်စတွေပဲ ဝဲနေမလား။ နှုတ်ခမ်းအလွှာကို ဒေါသနဲ့ ဖိကိုက်ထားမလားဆိုတာ ကာယကံရှင်သာ သိနိုင်ပါလိမ့်မယ်။
“သမီး . . . သမီးရေ . . . ဖြိုးဖြိုးအောင် အမေတို့ရှိတယ်နော် . . .” ဆိုတဲ့ မိခင်ရဲ့ အားပေးစကားကို ရဲမေတွေက တရားရုံးထဲကနေ အချုပ်ကားဆီ ခေါ်ဆောင်သွားချိန်မှာ လက်ထိတ်ခတ်ခံထားရတဲ့ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူသမီးက သူ့ မိခင်ကို လှမ်းပြောလိုက်တဲ့ တစ်ခွန်းတည်းသော အဖြေစကား။
လက်နက်ကိုင် လုံခြုံရေးရဲတွေ ပိတ်ဆို့တားဆီးထားတဲ့ တရားရုံးခြံစည်းရိုးအပြင်ကနေ အရှေ့အနောက် ဘယ်ညာ လူးလာခေါက်တုံ့သွားနေရင်း သမီးဖြစ်သူ ပါ မပါ ရှာနေတဲ့ မိခင်ဖြစ်သူတစ်ယောက်။ သမီးကို တွေ့လိုက်တဲ့အခါ ဝမ်းသာအားရ လှမ်းအော် အားပေးနေရှာတဲ့ သံမဏိမိခင်တစ်ယောက်နဲ့ ဖမ်းဆီးခံထားရတဲ့ သမီးဖြစ်သူတို့ရဲ့ မြင်ကွင်းက တခြားမြင်ဖူးနေကျ တရားရုံးမြင်ကွင်းတွေနဲ့ များစွာကွာခြားနေပါတယ်။ အားလုံးကိုယ်စီမှာ အခြေခံလူ့အခွင့်အရေး ရပိုင်ခွင့်တွေရှိတယ်ဆိုတာ ဒီနေရာမှာ တကယ်ရော ဟုတ်ရဲ့လား . . .။
မြင်ကွင်း (၂)
“မင်းသွေးသစ် . . . . . မင်းသွေးသစ်ရေ ဒီမှာ မင်းအမေ ရောက်လာပြီ ”
“ မင်းသွေးသစ်ရေ . . . မင်းသွေးသစ် . . . မင်းသွေးသစ်ပါလား . . . ပါရင် လက်မ ထောင်ပြပါ ”
လက်ပံတန်းတရားရုံး ခြံစည်းရိုးအပြင်ကနေ တရားရုံးထဲမှာ ရပ်ထားတဲ့ အချုပ်ကား ခပ်နွမ်းနွမ်းဆီကို မနီလာသိန်း (၈၈ ငြိမ်းပွင့်) နဲ့ တရားရုံးအပြင်မှာ ရှိနေသူအချို့က လှမ်းအော်ပေမယ့် အတွင်းက တုံ့ပြန်နိုင်မှုက အားရစရာမရှိ။ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မင်းသွေးသစ်ရဲ့မိခင်ကတော့ စက္ကန့်ပိုင်းအတွင်းမှာပင် နှလုံးခုန်နှုန်းထက် ပိုမြန်တဲ့ အကြည့်စူးစူးတွေနဲ့ သူ့သားကို ရှာဖွေနေတဲ့ မြင်ကွင်းက စိတ်ဓာတ်မာကျောတဲ့ သံမဏိမိခင်တစ်ယောက်ဆိုတာ ယုံမှားသံသယ ရှိစရာမလို။ အဟန့်အတားတွေရှိနေပြီ၊ တုံ့ပြန်ဖို့ ခက်ခဲနေပြီဆိုတာ အချုပ်ကားပေါ်က နှေးကွေးတဲ့ လှုပ်ရှားမှု၊ အချုပ်ကား သံတိုင်ကြား က အချက်ပြဖို့ခက်နေတဲ့ လက်အစုံအချို့က အဖြေပေးနေတယ်။ အထဲကလူတွေ တုံ့ပြန်ဖို့ခက်နေပေမယ့် အပြင်ကလူတွေရဲ့ ဇွဲကောင်းကောင်းနဲ့ ဟစ်အော်နေမှုတွေက ဖမ်းဆီးခံထားရသူတွေအတွက် အားအင်တွေ ဖြစ်စေတာတော့ အသေအချာပင်။
“အခုအချိန်မှာ သူတို့ ဘာမှ ပြန်မတုံ့ပြန်နိုင်ကြပေမယ့် ကိုယ်တွေရှိနေတယ်ဆိုတာ သူတို့သိဖို့၊ အားမငယ်စေဖို့ပါ ”လို့ အဖမ်းခံထားရတဲ့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။
ရုပ်ခန္ဓာနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကိုသာ ဟန့်တား၊ သိမ်းဆည်း၊ ဖမ်းဆီးလို့ရမယ်။ စိတ်ဓာတ်မာကျောမှုနဲ့ မေတ္တာတရားတွေကိုတော့ တားဆီးလို့လည်း မရဘူး၊ ဖမ်းဆီးထောင်ချလို့လည်း မရနိုင်ပါဘူး . . .။
မြင်ကွင်း (၃)
“ဟော . . . ဟော .. . ဟိုမှာ အချုပ်ကားပေါ်ကနေ မိန်းကလေးတွေကို ရဲမေတစ်ယောက်စီနဲ့ တရားရုံးထဲကို ခေါ်သွားပြီ”
“လက်ထိတ်တွေခတ်ထားတယ် . . . ပလတ်စတစ်ကြိုးတွေနဲ့ ချည်ထားတာပဲ “တရားရုံးထဲမှာ ရပ်ထားတဲ့ အချုပ်ကားနှစ်စီးအနက် တစ်စီးပေါ်က မိန်းကလေးငယ်အချို့ ဆင်းလာတာ ဖြစ်ပါတယ်။ ကလေးသာသာ ကျောင်းသူလေးတွေရဲ့မျက်နှာက စိုးရိမ်ထိတ်လန့်နေပုံ မပေါ်။ ဒါပေမဲ့ ရင်ထဲမှာ မျိုသိပ်ထားရတာတွေ၊ မကျေနပ်ချက်များစွာ ထွေးပိုက်ထားရတယ်ဆိုတာ သူတို့ရဲ့ဟန်ပန်တွေကို ကြည့်ရင် သိသာစေပါတယ်။ ၁ဝ မိနစ်ခြားစီခန့် အလှည့်ကျ ရုံးထုတ်နေတာပါ။
မတ် ၁ဝ ရက်က ဖမ်းထားတာဖြစ်လို့ ဥပဒေအရ ၂၄ နာရီထက် ကျော်လွန်ဖမ်းဆီးထားဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာ သူတို့ကို ပုဒ်မ-၅ဝ၅(ခ)လို နိုင်ငံတော်မတည်ငြိမ်အောင် သတင်းထုတ်ပြန် ကောလာဟလထုတ်ပြီး အစိုးရကို ပုတ်ခတ်၊ ဆန့်ကျင်လာအောင် လှုံ့ဆော်သည့်သူကို အရေးယူသည့် အပါအဝင် ပုဒ်မငါးခုနဲ့ တရားစွဲပြီး ချုပ်ရက်ရမန် ယူတာဖြစ်ပါတယ်။
ဖမ်းဆီးခံထားရသူများအား မတ်လ ၁၁ ရက်က လက်ပံတန်းတရားရုံးသို့ ရုံးထုတ်လာစဉ်
လက်ပံတန်းတရားရုံးအပြင်မှာတော့ ဖမ်းဆီးခံထားရသူအချို့ရဲ့ မိခင်၊ ဖခင်တွေ မိသားစုဝင်တွေ၊ မီဒီယာတွေ၊ လာရောက် စောင့်ကြည့်နေတဲ့ ဒေသခံတွေနဲ့ မစည်ကားအပ်တဲ့အရပ်မှာ စည်ကားနေတယ်။ အရေအတွက် အများဆုံးရှိနေတာကတော့ လက်နက်ကိုင်ဆောင်ထားတဲ့ တပ်ဖွဲ့ဝင်အပါအဝင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေပါပဲ။ တရားရုံးထဲကို ဝင်ခွင့်မရသလို တရားရုံးအပေါက်ဝကိုလည်း လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တွေက လူတံတိုင်းသဖွယ် အဆင့်ဆင့် ကာရံတားဆီးထားပါတယ်။ ဝမ်းနည်းဒေါသဖြစ်နေတဲ့ မိသားစုဝင်တွေနားမှာ လက်နက်ကိုင်ဆောင် တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်အချို့ရဲ့ မျက်နှာတွေ မာကျောမနေတာ သတိပြုမိတယ်။ အချို့ မျက်လွှာတွေ အောက်ချထားတယ်။
ကိုယ်ချင်းစာစိတ်ရှိတဲ့ လူသားမှန်ရင်၊ ခံစားတတ်တဲ့ နှလုံးသားရှိရင် ဘယ်ဟာဓမ္မ၊ ဘယ်ဟာအဓမ္မ၊ ဘယ်ဟာက တရားပြီး ဘာတွေက မတရားမှုတွေဆိုတာ သိနိုင်ပါတယ်။
မြင်ကွင်း (၄)
“ဟိုမှာ . . . ဟိုမှာ . . . အောင်မှိုင်းဆန်း ”
“ကိုအောင်မှိုင်းဆန်း . . . ကိုအောင် မှိုင်းဆန်း . . . အဆင်ပြေလား . . .”
“ဟာ . . . ဘယ်လိုဖြစ်တာလဲ ယုတ်မာလိုက်တာကွာ”
“အစ်ကိုရေ ဟိုရဲသားအစ်ကိုတွေ နည်းနည်းဖယ်ပေးပါ လားဗျာ”
“ဒီနားကနေပဲ လှမ်းရိုက်လို့ရလို့ပါ လုပ်ပါ ဖယ်ပေးပါလားဗျာ ”
“တောက် . . . ယုတ်မာလိုက်တာကွာ... ဘာမှမဟုတ်တာတွေ လျှောက်လုပ်နေတယ် ကလေးဆန်လိုက်တာ ”
တရားရုံးအပြင် ခြံစည်းရိုးနားကနေ သတင်းဓာတ်ပုံ ရိုက်ကူးသူတွေ၊ ရုပ်သံမှတ်တမ်းတင်သူတွေ၊ ရုံးထုတ်တဲ့အခါမှာ ကိုယ့်လူတွေ ပါ မပါ လာရောက်စောင့်ဆိုင်းကြသူတွေအားလုံး စိတ်တို ဒေါသထွက်ကုန်တယ်။
လက်ပံတန်းတရားရုံးအပြင်က စောင့်ဆိုင်းသူတွေအဖို့ များပြားလှတဲ့ လုံခြုံရေးအတားအဆီးတွေကြားမှာ ရုံးထုတ်လာသူတွေကို လှမ်းမြင်ရဖို့ အကောင်းဆုံးတစ်နေရာပဲ ရှိပါတယ်။ တရားရုံးထောင့် လျှောက်လမ်းကော်ရစ်တာကို အပြင်ကနေ ဘေးတိုက် လှမ်းမြင်နေရတာပါ။ ခါးတစ်ဝက်စာ အုတ်ပေါင် ကာထားတာကလွဲလို့ ကျန်တဲ့နေရာက လွတ်နေလို့ အချုပ်ကားပေါ်ကနေ ဆင်းပြီး တရားရုံးထဲကို အဲဒီလျှောက်လမ်းကနေ ဝင်တာကို ကောင်းကောင်းမြင်ရတဲ့ နေရာပါ။ အားလုံးက အဲဒီနေရာလေးကိုပဲ သတိထား စောင့်ကြည့်ရတာ။ ဒါပေမဲ့ မထင်မှတ်ဘဲ ရဲတပ်သား ငါးယောက်လောက်က စောစောက ကော်ရစ်တာ အုတ်ပေါင်ပေါ် မတ်တတ်ရပ်ပြီး ကာလိုက်တော့ လှမ်းမြင်ရဖို့ ခက်သွားပြီ။ အဲဒီနေရာမှာ မတ်တပ်ရပ်ဖို့ ညွှန်ကြားလိုက်တဲ့ ရဲအရာရှိကြီးကတော့ သာမန် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ အမိန့်ပေးခဲ့သူအလား သူ့မျက်နှာက အေးစက်နေတယ်။ နောက်ဆုံးတော့ စောင့်ကြည့်နေသူအချို့ဟာ အဲဒီကာထားတဲ့ ရဲတပ်သားတွေရဲ့ ခြေထောက်တွေကြားထဲကပဲ မြင်ရသလောက် ကြည့်နေရတာပေါ့။ တရားမျှတမှုဆိုတာ ဒါလား . . .။
တရားရုံးအတွင်း မြင်ကွင်းအား ရဲတပ်ဖွဲ့ဝင်အချို့ ပိတ်ဆို့ထားစဉ်
မြင်ကွင်း (၅)
“အဆင်ပြေကြလား . . . ”
“ဘယ်သူတွေ ဘာဖြစ်သေးလဲ”
“ကျန်တဲ့သူတွေ ရော . . . ”
“အခုအခြေအနေမှာ ပြောချင်တာတွေရှိလား .. . ” တရားရုံးထဲမှာ ပုဒ်ထီး ပုဒ်မတွေ တပ်၊ ပြီးတော့ ရမန်ယူကာ အချုပ်ကားပေါ် ပြန်တင်။ အပြင်က လာစောင့်သူတွေကို ပြန်အသံမပြုဖို့၊ လက်ဟန်ပြန်မပြဖို့ ဟန့်တားတာတွေနဲ့အတူ ညနေ ၅ နာရီလောက်မှာ သာယာဝတီထောင်ကို ပြန်ထွက်ခွာတဲ့ အချုပ်ကားပေါ်က အဖမ်းခံထားရသူတွေကို တစ်ယောက်တစ်ပေါက် ဝိုင်းမေးနေကြတာပါ။ မျက်နှာနဲ့ ဦးခေါင်းမှာ ဒဏ်ရာပတ်တီးတွေနဲ့သူတွေ၊ ခံစားချက်ပြင်းထန်နေတဲ့ မျက်ဝန်းအစုံ ပိုင်ရှင်တွေက တရားရုံးထဲကနေ အမြန်မောင်းပြီး လူအုပ်နဲ့ဝေးရာကို ဒေါသတကြီး ရုန်းထွက်နေတဲ့ အချုပ်ကားပေါ်ကနေ “ကျွန်တော်တို့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရပါတယ်” “ကျွန်တော်တို့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရပါတယ်”လို့ ဆို့နင့် အက်ကွဲသံတွေနဲ့ တညီတညွတ်တည်း အော်ပြောသွားကြတယ်။ အမျိုးသမီးတွေပါတဲ့ အချုပ်ကားကတော့ ဘာမှထူးထူးခြားခြား အသံမပြုခဲ့ဘူး။ ဒါပေမဲ့ တိတ်ဆိတ်ခြင်းရဲ့ အသံဟာလည်း မတရားမှုတွေ ခံပြင်းဒေါသတွေကို ကိုယ်စားပြုနေတယ်လို့ အလိုလို ခံစားရနိုင်တယ်။
လာရောက်သူအချို့ မျက်ရည်တွေနဲ့ နှုတ်ဆက်လို့ မဆုံးခင်မှာဘဲ ရဲတပ်ဖွဲ့ဝင်များစွာကို တင်ဆောင်ထားတဲ့ ကားကြီးတွေကြားက အချုပ်ကားအိုကြီး နှစ်စီးက မြင်ကွင်းထဲက ဖြည်းဖြည်းချင်း ပျောက်သွားတယ်။ အပြာရောင် အစက်အပျောက်လေးလို ဟိုးအဝေးကို။ အပြာရောင်ဟာ ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုသတဲ့လား။ အခုတော့ အပြာရောင်အချုပ်ကားတွေကတော့ ပူလောင်ခြင်းတွေကိုပဲ ချန်ရစ်ခဲ့လေတယ် . . .။
မြင်ကွင်း (၆)
“ဒကာကြီးတို့ ဖြစ်နိုင်ရင် ဒီဘုန်းကြီးကျောင်းကနေ ပြန်ထွက်ပေးပါ”
ပင်မကျောင်းသားသပိတ် ရပ်နားစဉ်က ကျောင်းသားများ နားခိုခဲ့ရာ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းမှ သံဃာတစ်ပါးက မိန့်ကြားလာတာပါ။ ဘုန်းကြီးကျောင်းပြင်ပမှာလည်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ရှိနေတယ်။ ဘုန်းကြီးကျောင်းအပေါ်ထပ်မှာတော့ ပင်မသပိတ်စစ်ကြောင်းကို ဝန်းရံခဲ့သော သံဃာတော် ဦးနန္ဒသာရအပါအဝင် ထိန်းသိမ်းထားသော သံဃာ ၁ဝ ပါးကို နေရပ်ပြန်ပို့ဖို့ တာဝန်ရှိသူအချို့ စီစဉ်ပေးနေချိန်ပါ။
ဘုန်းကြီးကျောင်းဝင်းထဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားတွေရဲ့ ကျန်ရစ်ပစ္စည်းတွေ တစ်နေရာတည်းမှာ စုပုံထားတယ်။ စုတ်ပြဲနေတဲ့ ခွပ်ဒေါင်းတံဆိပ်ပါ လက်ပတ်တွေ၊ ခမောက်တွေ၊ အဝတ်အစားတွေ၊ အိတ်တွေ။
ကျောင်းသားတွေ နေထိုင်ခဲ့တဲ့ ကျောင်းဆောင်ထဲမှာလည်း ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားတွေရဲ့ ပစ္စည်းတွေက ကြက်ဝင်ယက်ပြီး၊ ခွေးဆွဲထားတဲ့ အမှိုက်ပုံတွေလို မွစာကြဲနေတယ်။
အားနာစိတ်၊ တစ်ဖက်ကလည်း စိုးရိမ်စိတ်နဲ့ ကျောင်းထဲက ပြန်ထွက်စေချင်လို့ လာပြောတဲ့ ဦးဇင်းကို နှုတ်ဆက်လျှောက်ထားပြီး လာရာလမ်းအတိုင်း ပြန်ထွက်ခဲ့ကြတယ်။
အောင်မြေဗိမာန်ဘုန်းကြီးအတွင်းရှိ ကျောင်းသားများနေထိုင်ခဲ့ရာ နေရာကို မတ် ၁၁ ရက်က တွေ့ရစဉ်
ပြင်ပမှာတော့ ရဲလုံခြုံရေးတွေက ရှိနေဆဲ။ ကျွန်းကလေး အနောက်ဘက်ကမ်း တန် ၂၅ဝ ဆန်စက်လမ်းပေါ်က အဲဒီ တန် ၂၅ဝ ဆန်စက်ဝင်းထဲမှာ လုံခြုံရေးရဲတပ်ဖွဲ့တွေ ခေတ္တစခန်းချထားတာ တွေ့ရတယ်။ လက်ပံတန်းဆေးရုံအနား စိုက်ခြံလို့ခေါ်တဲ့ ဝင်းထဲမှာလည်း အဲဒီလိုပဲ တပ်ဖွဲ့ဝင်တွေ ရှိနေတယ်။
လက်ပံတန်းမြို့ကတော့ မတ်လရဲ့ နေရောင်အောက်မှာ ပူလောင်မှုတွေ ပေါင်းစုံခိုအောင်းနေလို့ . . .။
မြင်ကွင်း (၇)
တိတိကျကျ ကြိုတင်မသိရှိရပေမယ့် မတ် ၁၁ ရက် ညနေပိုင်းက လက်ပံတန်းတရားရုံးမှာ ဖမ်းထားသူတွေကို ရုံးထုတ်ခဲ့တယ်။ ဖမ်းထားတာက ၁၂ဝ ကျော်၊ ရုံးထုတ်တာက အချုပ်ကားနှစ်စီး။ ယောကျ်ားလေး ၄ဝ ဝန်းကျင်၊ မိန်းကလေး ၂ဝ ဝန်းကျင်၊ စုစုပေါင်း ၆ဝ ဝန်းကျင်ဆိုတော့ ကျန်တဲ့သူတွေ ဘယ်လိုဆိုတာ ဆက်စောင့်နေကြတယ်။ ဒါပေမဲ့ ည နေ ၆ နာရီ ကျော်လာချိန်မှာတော့ တရားရုံးချိန်လည်း ကျော်လွန်နေတာကြောင့် ဘယ်သူမှ တိတိကျကျမေးမြန်းလို့ မရတဲ့အတွက် လက်ပံတန်းတရားရုံးနား စောင့်နေသူတွေ ကျဲပါးသွားတယ်။
ည ၇ နာရီကျော်ချိန်မှာတော့ မှောင်မိုက်နေတဲ့ လက်ပံတန်း ညချမ်းဟာ ရဲကားတွေ အချုပ်ကားတွေနဲ့ ရုတ်ခြည်း လှုပ်လှုပ်ခတ်ခတ် ပြန်ဖြစ်သွားတယ်။ သတိနဲ့ စောင့်နေကြတဲ့ အဖမ်းခံထားရသူတွေရဲ့ မိသားစုဝင်တွေ မီဒီယာသမားတွေအားလုံး အချုပ်ကား၊ ရဲကားတွေနဲ့အပြိုင် လက်ပံတန်းတရားရုံးရှေ့ ပြန်ရောက်လာကြတယ်။ ဒီတစ်ကြိမ်တော့ ညနေပိုင်း ရုံးထုတ်ချိန်လောက် မလွယ်တော့။ လုံခြုံရေးအင်အား ပိုများသလို တရားရုံးခြံစည်းရိုးနားကိုပင် ကပ်ခွင့်မပေး။ အဆင့်ဆင့် တားဆီးထားပြီး တရားရုံးရှေ့ လမ်းမပေါ်အထိ အတန်းလိုက် ရဲလုံခြုံရေး ယူထားတယ်။ ညအမှောင်ရယ်၊ အကွာအဝေး ပိုလှမ်းတာရယ်ကြောင့် လာစောင့်သူတွေကို ပိုအခက်တွေ့စေတယ်။ မနီလာသိန်း၊ မင်းသွေးသစ်မိခင်၊ ဖြိုးဖြိုးအောင်မိခင်တို့နဲ့ အခြားမိသားစုဝင်တွေရဲ့ ဇွဲ၊ စိတ်ဓာတ်ကိုတော့ အဲဒီအရာတွေက မတားဆီးနိုင်။ အပြင်ကနေ အချုပ်ကားရှိရာကိုလှမ်းအော်ပြီး ရောက်ရှိနေကြောင်း အားမငယ်ဖို့ လှမ်းအော်နေကြဆဲ။
လက်ပံတန်းတရားရုံးရှေ့မှ လုံခြုံရေးရဲတပ်ဖွဲ့ဝင်အချို့
ဒီတစ်ကြိမ် ရုံးထုတ်တာက ညနေထက် ပိုကြာတယ်။ အချိန်တစ်နာရီလောက် ကြာပြီး ည ၉ နာရီဝန်းကျင်မှာ အချုပ်ကားတွေ ပြန်ထွက်ခွာတယ်။
ထုံးစံအတိုင်း အချုပ်ကားတွေ ပြန်အထွက်မှာ ဝိုင်းအော် မေးမြန်းဖို့၊ အားပေးဖို့၊ ကြိုးစားသူတွေ အခက်တွေ့အောင် တရားရုံးရှေ့ လမ်းတစ်လျှောက် ရဲလုံခြုံရေးအင်အား ပိုတိုးထားတယ်။ အရေးပေါ်အချက်ပြမီးနဲ့ ဟွန်းတွေ အဆက်မပြတ်တီးပြီး အရှိန်နဲ့ ထွက်ခွာတယ်။ ဇွဲမလျှော့တဲ့ မင်းသွေးသစ် မိခင်၊ မနီလာသိန်းတို့အဖွဲ့နဲ့ မီဒီယာတွေက အချုပ်ကားတွေနဲ့အပြိုင် ရအောင်လိုက်ကြတယ်။
နောက်ဆုံးမှာ ဟွန်းသံ၊ ကားစက်သံ၊ လုံခြုံရေးအချက်ပြသံတွေ ဆူညံနေတဲ့ ကြားထဲ အချုပ်ကားပေါ်မှ အဖမ်းခံထားရသူတွေ အော်ပြောသွားတာက “ကျွန်တော်တို့ကို ပြည်သူတွေ ဝန်းရံပေးကြပါ”တဲ့ . . .။
မြင်ကွင်းများရဲ့ အဆုံး
သမိုင်းဆိုတာ ဖျောက်ဖျက်ဖို့ ကြိုးစားသူတွေကြောင့် ပျောက်ပျက်နိုင်တယ်ဆိုပေမယ့် အမှန်တရားကိုတော့ ဖယ်ရှားလို့ မရပါဘူး။ မတ်လ ၁ဝ ရက် လက်ပံတန်း အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်ဟာ သမိုင်းတွင်သွားပါပြီ။
ဒီဖြစ်စဉ်အပေါ် အမြင်အမျိုးမျိုး အယူအဆအမျိုးမျိုး ရှိနေနိုင်ပေမယ့် ဒီမြင်ကွင်းတွေလိုမျိုး အခြေအနေမှန်တွေကို တွေ့မြင်ခွင့်ရကြမယ်ဆိုရင် ဘာတွေထပ်ပြောကြမလဲ သိချင်နေမိပါတယ်။
ဒီကနေ့အဖြစ်အပျက်တွေဟာ နောင်တစ်ချိန်မှာ သမိုင်းမှတ်တမ်းတွေ ဖြစ်ကုန်တယ်ဆိုတာ မေ့မထားကြစေချင်ပါဘူး။
လက်ပံတန်းမှာ ကျောင်းသားတွေကို မြင်အောင်ကြည့်ပေးပါ . . .။