ခံတွင်းနှစ်ခုရှိသော မြင်း

ခံတွင်းနှစ်ခုရှိသော မြင်း
Published 16 March 2015
မောင်တင်ဦး (မြောင်းမြ)

တိရစ္ဆာန်မဟုတ်တဲ့မြင်း
ဒီမြင်းက ထူးခြားတယ်။ သာမန်မြင်းတွေလို ပုံမှန်မစားဘူး။ စားခွက်ထဲကအစာကို စားရိုးစားစဉ်ထက် ပိုစားနိုင်တယ်။ အခြားမြင်းထက် နှစ်ဆစားနိုင်တယ်။ စားနိုင်မှာပေါ့။ သူ့မှာခံတွင်းနှစ်ခုပါနေတာကိုး။ ရှိတဲ့ခံတွင်းနှစ်ခုစလုံးကလည်း စားနိုင်သလို ရသမျှ အကုန်စားနိုင်လေရဲ့။ ဒီလိုမြင်းမျိုး ဘယ်မှာရှိသလဲ။ ဆာဖာရီတိရစ္ဆာန် ဥယျာဉ်မှာလား။ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှာလား။ ဘယ်မှာမှ မရှိဘူးတဲ့။
ဒါပေမဲ့ ဒီလိုထူးခြားတဲ့မြင်းက တိရစ္ဆာန်လည်း မဟုတ်ဘူး။ တိရစ္ဆာန်ရုံမှာလည်းမနေဘူး။ တရားရုံးတွေမှာနေတဲ့ လူပုဂ္ဂိုလ်တွေတဲ့။ ဒီလိုပြောတာ ကျွန်တော်မဟုတ်ဘူးနော်။ ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က နှုတ်ဟမြွက်ကြားခဲ့တဲ့ နိမိတ်ဖတ်စကားဖြစ်တယ်။ သဗ္ဗညုတဉာဏ်နဲ့ အနာဂတ်ကို ရှုမြင်လိုက်တာဖြစ်တယ်။
ကောသလအိပ်မက်
ဖြစ်စဉ်ကဒီလို။ မြတ်စွာဘုရားဟာ ကောသလတိုင်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေထိုင်တော်မူစဉ် ကောသလမင်းကြီးဟာ တစ်ညသောအခါမှာ တစ်ဆယ့်ခြောက်ချက်သော အိပ်မက်ကိုမြင်မက်တယ်။ အဲဒီအိပ်မက်ထဲမှ အိပ်မက်တစ်ခုမှာ ခံတွင်းနှစ်ခုပါသော မြင်းတစ်ကောင်ဟာ ခံတွင်း အစာများကို စားသောက်တယ်လို့ မြင်မက်တယ်။ အဲဒီအိပ်မက်ကို မြတ်စွာဘုရားကို လျှောက်တင်တဲ့အခါ မြတ်စွာဘုရားက “နောင် (တွင်) တရားမစောင့်သောမင်းတို့ လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့စား၍ (အဂတိလိုက်စား၍) အမှုတို့ကို မလျော်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့” လို့ မိန့်ကြားတော်မူခဲ့တယ်။
မြတ်စွာဘုရား သက်ရှိထင်ရှား ရှိစဉ်ကစလို့ ရေတွက်ရင် နှစ်ပေါင်း ၂၆ဝဝ ကျော်တဲ့အခါဖြစ်လာမယ့် ဖြစ်စဉ်ကို သဗ္ဗညုတဉာဏ်နဲ့ ကောင်းစွာဆင်ခြင် နိုင်ခဲ့ပုံရတယ်။ ခုဆိုတရားရုံးတွေမှာ တရားမစီရင်မီ တရားရုံးနံဘေးက စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ ကြိုတင်တရားစီရင်နေကြတယ်။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်က စီရင်ချက်အတိုင်း နိုင်ငံတော်တံဆိပ် ချိတ်ဆွဲထားတဲ့ တရားရုံးမှာ ဖတ်ကြားပြလိုက်တယ်။ ဒါဟာ လက်ရှိတရားစီရင်နေတဲ့ပုံစံပဲ။ ဘာကြောင့် ဒီလိုဖြစ်လာတာလဲ။
မြတ်စွာဘုရားရဲ့ မိန့်ကြားချက်မှာပါတယ်။ “နောင်တရား မစောင့်သော မင်းတို့လက်ထက်” လို့ ဟောခဲ့တယ်။ တရားရုံးတွေဟာ တရားမျှတမှုကို ဦးထိပ်ပန်ဆင်ရှိရမယ့် နေရာဖြစ်တယ်။ အသုံးအနှုန်းကိုက “တရားရုံး” တဲ့။ အုပ်ချုပ်ရေးမှူးရုံးရဲ့ အဓိကတာဝန်က အုပ်ချုပ်ရေးဖြစ်တယ်။ ပညာရေးမှူးရုံးရဲ့ အဓိကတာဝန်က ပညာရေး ဖြစ်တယ်ဆိုတာ ရှင်းနေတာပဲ။
တရားရုံးက တရားမျှတမှုကို တာဝန်အရ လုပ်ဆောင်ရမှာကို မလုပ်ဆောင်ဘဲ အဂတိလိုက်စားရဲတာဟာ မြတ်စွာဘုရား မိန့်ခြွေချက်အရ တရားမစောင့်တဲ့ မင်းလက်ထက်ကို ရောက်နေတယ်လို့ ဆိုရမလိုဖြစ်နေပြီလား။ တရားမစောင့်ဘူးဆိုတာ ဘာလဲ။
တရားမစောင့်ခြင်း
တရားစောင့်တယ်။ တရားမစောင့်ဘူး ဆိုတာဟာ ဥပဒေပြဋ္ဌာန်းသူ၊ ဥပဒေကို အကောင်အထည် ဖော်သူတို့နဲ့ ဥပဒေရဲ့ အဆုံးအဖြတ်ခံရသူနဲ့ ပတ်သက်နေတယ်။ တရားစောင့်တဲ့သူ ပြဋ္ဌာန်းတဲ့ဥပဒေနဲ့ တရားမစောင့်သူ ပြဋ္ဌာန်းတဲ့ဥပဒေဟာ စတင် ပြဋ္ဌာန်းကတည်းက လွဲနေတာပါ။ တရားစောင့်သူ (မင်း) က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ အများအကျိုး၊ ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုး အားလုံးကို ခြုံငုံကြည့်ရှုလေ့လာပြီးမှ ရေရှည်တည်တံ့တဲ့ ဥပဒေကို ရေးဆွဲပြဋ္ဌာန်းကြတယ်။
တရားမစောင့်တဲ့သူ(မင်း) ကတော့ တရားခြင်း၊ မတရားခြင်းကို စဉ်းစားတဲ့အထဲမှာပင် မပါရှိဘဲ လူတစ်ဦးတစ်စု အကျိုးကိုပဲ ရှေးရှုပြီး ပြဋ္ဌာန်းတတ်တယ်။ အများအကျိုး ထိခိုက်ဆုတ်ယုတ်ခြင်းကို ဂရုမစိုက်ဘူး။ ပြည်သူတွေ ဆင်းရဲတွင်းနက်နေတာကို လှည့်မကြည့်ဘူး။ တိုင်းပြည်သယံဇာတပြုန်းတီး၊ ပတ်ဝန်းကျင်ပျက်စီး၊ နောင်လာနောက်သား မျိုးဆက်အတွက် ဆိုးမွေသာ ချန်ထားမှာကိုလည်း မစိုးရိမ်၊ နောင်ခါလာ နောင်ခါဈေး။ ကိုယ့်အတွက် သက်သက်ပဲ ရေးဆွဲတဲ့ဥပဒေဖြစ်တယ်။
ထို့အတူပဲ ဒီဥပဒေကို အကောင်အထည် ဖော်သူဟာလည်း မတရားတဲ့ဥပဒေက ပေါက်ဖွားလာတာ ဖြစ်လေတော့ ဥပဒေရဲ့ ဟာကွက်ကိုနင်းပြီး ဒါမှမဟုတ် တရားမစောင့်တဲ့သူရဲ့ လုပ်နည်းလုပ်ဟန်၊ အမူအကျင့် တို့ကိုခြေရာနင်းပြီး အဂတိလိုက်စားတော့တာပေါ့။
တရားမစောင့်တဲ့မင်း လက်ထက်မှာ တရားမစောင့်တဲ့သူတွေ ပေါများလာတာ၊ တရားမဲ့မှုတွေ ထူပြောလာတာဟာ ရေမြင့်လို့ ကြာတင့်တယ်လို့ပဲ ပြောရမလား။ ချိုကုပ်ရှိရာ ချိုထောင်မလာဘူးပဲ ပြောရမလား။ ဂေါဏေနဂေါနောလို့ ဆိုရမလား။
ဒီကနေ့ တရားရုံးတွေမှာ နိုင်ငံတော်ကပေးတဲ့ ပြည်သူ့ဘဏ္ဍာကို စားဖို့က ခံတွင်းတစ်ခု။ အမှုသည်တွေဆီက အဂတိလိုက်စားဖို့က ခံတွင်းတစ်ခု။ စုစုပေါင်း ခံတွင်းနှစ်ခုနဲ့ မြင်း (အဲလေ) တရားသူကြီးတွေ ပေါများ၊ အတင့်ရဲနေတာဟာ အဲဒီတရားသူကြီးတွေကို လမ်းပြနေတဲ့ တရားမစောင့်တဲ့ မင်းကြောင့်လို့ ကောက်ချက်ဆွဲရမလားပဲ။
တကယ်ဆို မတရားမှုတွေက တရားရုံးတွေမှာသာမကဘူး ရုံးတွေရဲ့ ပြင်ပနေရာအနှံ့ကို ပျံ့နှံ့နေပြီ။ အထင်ကရ လူသတ်မှုတွေမှာ တရားခံမပေါ်ဘူး။ တရားခံမပေါ်တာလား။ မဖော်တာလား။ ကိုပါကြီးအသတ်ခံရတဲ့အမှု၊ ကချင်ဆရာမလေး နှစ်ယောက်အသတ်ခံရမှု။ လက်ပံတောင်းတောင်မှာ ဘုန်းကြီးတွေ မီးလောင်ခံရမှု။ ဒီအမှုတွေကဖြစ်ပြီးပြီ။ အဲဒီအမှုကို ကျူးလွန်သူတရားခံ မရှိဘူးလား။ ကျူးလွန်သူတရားခံရှိခဲ့လို့ ကြီးမားတဲ့မတရားမှုက ဖြစ်ခဲ့တာပဲ။ ဒါကို မဖော်ထုတ်နိုင်တာဟာ အမှုလိုက်ပုဂ္ဂိုလ်တွေရဲ့ ညံ့ဖျင်းမှုမဟုတ်ဘူး။ ခံတွင်းနှစ်ခုရှိနေသူတွေရဲ့ စီမံခန့်ခွဲမှုကြောင့်ဆိုတာ ရှင်းနေတယ်။
ပြဿနာဖြစ်ခဲ့သော်လည်း တရားခံမပေါ်ခဲ့တဲ့ အမှုတွေဘယ်လောက် များလိုက်မလဲဆိုတာ မှတ်တမ်းတင်ကြည့်ရင် သိမှာပါ။ အချို့အမှုတွေဆို တရားခံဘယ်သူဆိုတာ အသိသာကြီးပါ။ ဒါပေမဲ့ တရားဖော်ထုတ်ရမယ့် တရားရုံးတွေ၊ တရားရေးဌာနတွေ၊ တရားစောင့်ရမယ့်မင်းတွေက ရေငုံနှုတ်ပိတ် ခပ်မဆိတ်နေလေတော့ တရားခံက နောက်ကွယ်မှာ ပြုံးပြုံးကြီး အောင်ပွဲခံနေတယ်။ ဒီအတွက် နောက်ထပ်ကျူးလွန်ဖို့လည်း ဝန်မလေးတော့ဘူး။
လူတစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ရင်၊ ရိုက်နှက်ကြရင် ရာဇဝတ်မှုဖြစ်ပြီး ရဲကအရေးယူတယ်။ ခုတော့ ရဲကအရေးမယူတဲ့အပြင် ရိုက်နေသူဘက်က ဝန်းရံပေးတယ်။ တစ်နည်းပြောရရင် မြှောက်ပေးတယ်။ သေးတဲ့အမှုပိုကြီးအောင် ကူညီပေးတယ်။ တကယ်ဆို ကြီးတဲ့အမှု သေးအောင်၊ သေးတဲ့အမှု ပပျောက်အောင် လုပ်ဆောင်ပေးရတာဟာ တရားစောင့်တဲ့သူများရဲ့ ကျင့်စဉ်လုပ်ရပ် ဖြစ်တယ်။
ဆိုတော့ အဂတိလိုက်စားတာ။ တရားရေးမဏ္ဍိုင် ယိုင်နဲ့တာဟာ တရားရုံးမှာတင် တာဝန်ရှိတာ မဟုတ်ဘူး။ တရားစောင့်တဲ့မင်းက တရားမျှတတဲ့ဥပဒေကို ကိုင်စွဲပြီး တရားသဖြင့် စီမံခန့်ခွဲမှသာ တရားရုံးက တည့်မတ်မှာ။ မင်းကိုယ်တိုင်က စတင်ပြီး မျှတတဲ့တရားကို လိုက်နာစောင့်ထိန်းခြင်းကို စံနမူနာပြရမယ်။ မင်းကိုယ်တိုင် ဥပဒေအထက်မှာ မရှိစေဘဲ ဥပဒေအတိုင်းရဲ့ စီမံမှုကို ခံယူရမယ်။ တစ်နိုင်ငံလုံးခြုံငုံပြီး နယ်ပယ်စုံမှာ တရားမျှတတဲ့ ဥပဒေနဲ့အညီ အုပ်ချုပ်နိုင်ရမယ်။ တရားရုံး တစ်ခုတည်းကွက်ပြီး လက်ညှိုးထိုးနေရုံနဲ့ တရားရေးမဏ္ဍိုင် တည့်မတ်မလာနိုင်ဘူး။
ဒီနေရာမှာ တရားတယ်ဆိုတာကို ဉာဏ်မီသရွေ့ တင်ပြပါရစေ။ တရားတယ်ဆိုတာ မျှတရတယ်။ အများအကျိုး ရှေးရှုရတယ်။ မျှတတဲ့ ဥပဒေရှိရတယ်။ အဲဒီဥပဒေကိုလည်း တည့်မတ်စွာ ကျင့်သုံးရတယ်။ လို တစ်မျိုး၊ မလိုတစ်မျိုး မလုပ်ရဘူး။ သူ့ဘက်ကိုယ့်ဘက်မရှိဘူး။ တစ်ပြေးညီဖြစ်ရမယ်။ ထိုထိုသောမျှတတဲ့ ဥပဒေများကို တရားသူကြီးတို့ရဲ့ အခေါင်အချုပ်ဖြစ်တဲ့(မင်း) သမ္မတက တရားကိုစောင့်သိ ရိုသေစွာ စံနမူနာပြု ကျင့်သုံးပြရမယ်။ တရားသဖြင့် မကျင့်သုံးသူကို အရေးယူ အပြစ်ပေးတာဟာလည်း တရားစောင့်သိခြင်းဖြစ်တယ်။ တရားသဖြင့် မကျင့်သုံးသူကို လျစ်လျူရှု (မြှောက်ပေး) တာဟာ တရားမစောင့်တဲ့ မင်းအဖြစ် သတ်မှတ်ခံရမယ်။
လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်က မြတ်စွာဘုရားရဲ့ နိမိတ်ဖတ် ဟောကြားချက်ကို ဆင်ခြင်ပြီး တရားစောင့်သောမင်းအဖြစ် ကျင့်ကြံကာ တရားရေးမဏ္ဍိုင်ကို တည့်မတ်ဖို့ ကြိုးစားရမယ်။ ခံတွင်းနှစ်ခုပါသော မြင်းများကို အမြန်ဆုံး သုတ်သင်ဖယ်ရှားရမယ်။ ထို့အတူ အဂတိလိုက်စားသူများကို ဖော်ထုတ်ရှင်းလင်း ပစ်ရမယ်။ မည်ကကာတ္တအဖွဲ့တွေဖွဲ့ပြီး ဟန်ပြလုပ်ဆောင်နေတာဟာ အုပ်ချုပ်တဲ့မင်းရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတယ်။ မြတ်စွာဘုရား မိန့်ကြားသလို တရားမစောင့်တဲ့ မင်းအဖြစ် ရောက်သွားစေတယ်။ ဒါကြောင့် တရားစောင့်သော မင်းအဖြစ်ခံယူနိုင်ဖို့ တရားပြည့်ဝသော တိုင်းပြည်ဖြစ်အောင် ထူထောင်သင့်ပါကြောင်း။ အဂတိတရားများကို ဖယ်ရှားသင့်ပါကြောင်း။