မြန်မာကြိုက် မန်ယူအသင်းနှင့် ယနေ့ မြန်မာ့နိုင်ငံရေး အနေအထားများ

မြန်မာကြိုက် မန်ယူအသင်းနှင့် ယနေ့ မြန်မာ့နိုင်ငံရေး အနေအထားများ
Published 15 March 2015
ဖေဒီ

(၁)ယနေ့ မြန်မာ့နိုင်ငံရေး အနေအထားများ၊ အခင်းအကျင်းများကို မြင်တွေ့နေရသည်တွင် ကမ္ဘာကျော် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း၏ လက်ရှိအနေအထားများကို မျက်စိထဲ ကွင်းခနဲကွက်ခနဲ မြင်ယောင်လာလေ့ ရှိပါသည်။ အလားတူ မန်ယူ၏ လက်ရှိအနေအထားများကို ကြည့်မြင်ရသည့်အခါတိုင်းလည်း ယနေ့မြန်မာ့ နိုင်ငံရေးအနေအထားများကို မတွေးဘဲ မနေနိုင်အောင်ပင် ဖြစ်သွားရလေ့ရှိပါသည်။(၂)ကမ္ဘာပေါ်တွင် ဘောလုံးအသင်းပေါင်းများစွာ ရှိပါသော်လည်း အင်္ဂလန်နိုင်ငံမှ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကျွန်တော်တို့ မြန်မာပရိသတ်များ သည်းသည်းလှုပ် အားပေးခြင်းခံရသော အသင်းဖြစ်ပါသည်။ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီးစသော အသင်းများကို အားပေးသည့် မြန်မာပရိသတ်များ ရှိကြပါသော်လည်း မန်ချက်စတာယူနိုက်တက်၏ မြန်မာပရိသတ် အင်အားလောက် မများကြပါ။ မြန်မာပရိသတ်များသည် မန်ယူအသင်းကို အဘယ့်ကြောင့် သည်းသည်းလှုပ် ဖြစ်နေကြရပါသနည်း။ အားပေးကြပါသနည်း။ဤမေးခွန်းကို ဖြေဆိုရန် အကြောင်းအချက်ပေါင်း များစွာရှိနိုင်ပါသော်လည်း ထင်သာမြင်သာရှိသလောက် အဖြေမှန်နှင့် အနီးစပ်ဆုံးသော အချက်မှာ မန်ယူအသင်း၏ အောင်မြင်မှုများကြောင့်ပင် ဖြစ်သည်။ မန်ယူအသင်းသည် ၁၉၉၂ ခုနှစ်မှ စတင်ပြောင်းလဲလိုက်သော ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖလား ၁၃ ကြိမ်ရသည်အထိ အောင်မြင်ခဲ့သည်။ ထို့အပြင် အင်္ဂလန်အမှတ်ပေး ဘောလုံးပြိုင်ပွဲသမိုင်းတွင် မန်ယူအသင်းသည် ချန်ပီယံ အကြိမ် ၂ဝ နှင့် အောင်မြင်မှုစံချိန် တင်ထားသည်။ ယခင်က ၁၈ ကြိမ် ချန်ပီယံအသင်းအဖြစ် အချိန်ကြာမြင့်စွာ စံချိန်တင်ထားသည့် လီဗာပူးလ်အသင်းကို ဖြတ်ကျော်ပြီး တင်ထားနိုင်သည့် စံချိန်သစ်လည်း ဖြစ်သည်။(၃)မန်ယူအသင်းသည် အဘယ့်ကြောင့် ယခုလို အောင်မြင်ရပါသနည်း။ အဖြေကား ရှင်းရှင်းလေးပင်။ အသင်းလိုက် စုစည်းညီညွတ်မှုကောင်းမွန်ခြင်း၊ တိုက်ပွဲဝင်စိတ်ဓာတ် ပြည့်ဝခြင်းနှင့် နိုင်လိုစိတ်ပြင်းပြခြင်း၊ ခေါင်းဆောင်အရည်အသွေး ပြည့်ဝသူ နည်းပြဆရာကောင်းကို ပိုင်ဆိုင်ခြင်း၊ အချိန်တိုင်း ရှေ့သို့ချီကာ တိုက်စစ်ဆင်ခြင်း၊ ပရိသတ်ကို ပေးဆပ်လိုခြင်းစသည့် ကောင်းခြင်းလက္ခဏာများနှင့် ပြည့်စုံညီညွတ်သောကြောင့် ဖြစ်သည်။ ထိုကောင်းခြင်းလက္ခဏာများကို ၁၉၉၉ ခုနှစ်က ကစားခဲ့သည့် ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲတစ်ခုတည်းဖြင့်ပင် သက်သေပြုနိုင်ပါသည်။ထိုဗိုလ်လုပွဲတွင် မန်ယူအသင်းသည် ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်နှင့် ကစားခဲ့ရသည်။ ဘိုင်ယန်မြူးနစ်သည် ပွဲကစားချိန် ခြောက်မိနစ်ကတည်းကပင် မန်ယူကို ဦးဆောင်ဂိုး သွင်းယူထားသည်။ ပုံမှန်ပွဲကစားချိန် မိနစ် ၉ဝ ပြည့်သည်အထိ မန်ယူသည် ထိုအရှုံးဂိုးကို ချေပနိုင်ခြင်း မရှိပေ။ ကမ္ဘာကျော် ဒိုင်လူကြီး ကော်လီနာသည် မိနစ် ၉ဝ ပြည့်သွားသည့်အတွက် နာကျင်အချိန်ပို သုံးမိနစ် ထပ်ဆောင်းပေးသည်။ (ထိုစဉ်က နာကျင်အချိန်ပိုဟုပင် သုံးနှုန်းဆဲဖြစ်သည်။) မန်ယူတိုက်စစ်မှူး တယ်ရီရှရင်ဂမ်သည် ထိုသုံးမိနစ်၏ ပထမမိနစ်တွင် ချေပဂိုးသွင်းယူလိုက်၍ တစ်ဂိုးစီသရေဖြစ်သွားသည်။ နောက်ဆုံး သုံးမိနစ်မြောက် မိနစ်တွင် ဆိုးလ်ရှားက မန်ယူအတွက် အနိုင်ဂိုးဖြစ်သည့် ဒုတိယဂိုးကို သွင်းယူလိုက်သည်နှင့် စက္ကန့်ပိုင်းအတွင်းမှာပင် ပွဲပြီးသွားသည်။ မိနစ် ၉ဝ လုံးလုံး ရှုံးနိမ့်နေခဲ့သော မန်ယူသည် သုံးမိနစ်နှင့် အနိုင်ယူကာ ချန်ပီယံလိဂ်ဖလားကို ရယူသွားနိုင်ခဲ့သည်။(၄)မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များနှင့် ကြည့်မည်ဆိုလျှင် မန်ယူအသင်း၏ ယင်းအောင်မြင်မှုများသည် လွတ်လပ်ရေးခေတ်နှင့် ပါလီမန်ခေတ်က ဖြစ်စဉ်များကို မြင်ယောင်သတိရစေသည်။ ၁၉၆၂ ခုနှစ် အာဏာမသိမ်းမီ အချိန်ကာလများက မြန်မာနိုင်ငံသည် ကုလသမဂ္ဂအသိုက်အဝန်းအထိ နိုင်ငံရေးဩဇာကြီးမားခဲ့သည်။ အမေရိကန်စသော အင်အားကြီးနိုင်ငံများ၏ အားကိုးခြင်း၊ လေးစားခြင်း ခံခဲ့ရသည်။ ကမ္ဘာကျော် ဘန်ဒေါင်းမူကြီးငါးချက် ချမှတ်ရာတွင် ဦးဆောင်သူ တစ်နေရာမှ ပါဝင်ခဲ့ရသည်။ ဒေသတွင်းအဆင့်တွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည့် အရာရာတိုင်းလိုလို၌ပင် ခေါင်းတစ်လုံးမြင့်ပြီး ခေါင်းမော့နေနိုင်ခဲ့သည်တို့ကို မြင်ယောင် သတိရစေပါသည်။(၅)ယနေ့ မန်ယူကား ကစားကွက်လည်း မရှိ။ ကစားပုံလည်းမကောင်း။ တိုက်ပွဲဝင် စိတ်ဓာတ်လည်း မရှိ။ အားလုံး ဖရိုဖရဲ ဖြစ်နေသည်။ အဆိုးဆုံးကတော့ တိုက်စစ်ဆင်မှု ပျောက်ဆုံးခြင်း။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က ဆန်းဒါးလန်းအသင်းနှင့် ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပရိသတ်များက ကိုယ့်အသင်းကို အော်ဟစ်လှောင်ပြောင်ခဲ့ကြသည်။ အနိုင်ဂိုးများ တစ်ဂိုးပြီးတစ်ဂိုး ရရှိအောင် တိုက်စစ်ဆင်ရမည့်အစား ဂိုးသမား ဒီဂီယာထံကိုချည်း နောက်ပြန်ပေးနေသည့်အတွက် တိုက်စစ်ဆင်ကစားရန် မန်ယူပရိသတ်များက အော်ဟစ်လှောင်ပြောင်ခဲ့ကြခြင်း ဖြစ်သည်။ဘောလုံးကစားခြင်း၏ အန္တိမပန်းတိုင်မှာ အနိုင်ရရေးပင် ဖြစ်သည်။ အနိုင်ရဖို့ဆိုလျှင် အနိုင်ဂိုးကို သွင်းယူနိုင်ဖို့ လိုအပ်သည်။ အနိုင်ဂိုး သွင်းယူနိုင်ဖို့ဆိုလျှင် ရှေ့သို့ချီ တိုက်စစ်ဆင်ဖို့လိုအပ်သည်။ ရှေ့ကို ချီတက်ရမည့်အစား နောက်ကိုချည်းပဲ ပြန်ပေးသည်။ ပရိသတ်များသည် မန်ယူအသင်း ဘောလုံးရသွားပြီး ရှေ့ကို ဆွဲသွားလျှင် ငါတို့အသင်း ဂိုးရဖို့ တိုက်စစ်ဆင်သွားပြီ။ ဂိုးရတော့မည်။ သို့မဟုတ် ဂိုးရအောင် ဖန်တီးနိုင်တော့မည်။ သို့မဟုတ် ဂိုးရဖို့ နီးစပ်တော့မည် စသည်ဖြင့် အားကြိုးမာန်တက် အားခဲပြီး အားရပါးရ အားပေးနေစဉ် တစ်ဖက်ဂိုးဧရိယာနားလည်း ရောက်ရော ဂိုးရဖို့ အားမထုတ်ဘဲ နောက်သို့ ပြန်ပေးလိုက်သည်။ အားပေးနေသည့် ပရိသတ်များမှာ ခဲလေသမျှ သဲရေကျနှယ် မအေနှမ ဖြစ်ကုန်ကြတော့သည်။ ပရိသတ်များမှာလည်း အခြားပြိုင်ဘက် ပရိသတ်များအလယ်တွင် မျက်နှာငယ်နေရရှာသည်။(၆)မန်ယူအသင်း၏  လက်ရှိအခြေအနေများနှင့် ယနေ့မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေများကား ထပ်တူထပ်မျှ ချွတ်စွပ်ပင် တူနေသည်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် ၂ဝ၁ဝ ပြည့်နှစ်တွင် စတင်ပြောင်းလဲခဲ့သည်။ ဂွဒ်ဂါးဗားမင့်၊ ကလင်းဂါးဗားမင့် ကြွေးကြော်သံများကြောင့် တိုက်စစ်ဦးစားပေး ကစားကွက် (ခေတ်ပြောင်းတော်လှန်ရေး) ကို တွေ့မြင်ရတော့မည်။ ပြည်သူ့အသံလွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဆိုသည့် ဆောင်ပုဒ်များကြောင့် အနိုင်ဂိုးတွေကို တစ်ဂိုးပြီး တစ်ဂိုး (တိုးတက်အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု) မြင်ကြရတော့မည်ဟု မှတ်ထင်ပြီး အားရဝမ်းသာ ဖြစ်ခဲ့ကြသည်။သို့သော် ထင်သလိုဖြစ်မလာခဲ့။ အောင်မြင်မှုကို ပေးဆပ်ရန် တာဝန်ရှိသည့် ပလေယာတွေကလည်း အဆင့်မမီ။ နည်းပြကလည်း လိုင်းအပ် (Line-up)ပင် မှန်အောင် မထုတ်တတ်။ ထို့ကြောင့် ကစားကွက် မရှိ။ ကစားကွက်မရှိတော့ နောက်ပြန်ပေး (နောက်ပြန်ဆွဲ) ကစားနည်းမှလွဲ၍ မကစားတတ်။ မကြာသေးမီက ပြုလုပ်ခဲ့သော အလုပ်သမားဆန္ဒပြပွဲ နှိမ်နင်းမှုများနှင့် ကျောင်းသားသပိတ်ကို ဖြိုခွင်းနှိမ်နင်းမှုများအားလုံးတို့သည် မြန်မာ့နိုင်ငံရေးအခင်းအကျင်း၏ နောက်ပြန်ဆွဲ ကစားကွက်အဖြစ် အထင်အရှားဆုံး သက်သေဖြစ်သည်။ နောက်ပြန်ပေး ကစားကွက်နှင့် ကစားနေသမျှကာလပတ်လုံး အနိုင်ဂိုး (အောင်မြင်မှု) ဘယ်တော့မှ ရလိမ့်မည်မဟုတ်။ နောက်ပြန်ပေးမှားလျှင် ရှုံးပင် ရှုံးသွားတတ်သည်။(၇)မတ်လ ၉ ရက်ညက ကစားခဲ့သော အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲတွင် မန်ယူအသင်းသည် ဗလင်စီယာ၏ နောက်ပြန်ပေး ကစားကွက် (နောက်ပြန်ပေးမှားမှု)ကြောင့် အာဆင်နယ်အသင်းကို ရှုံးပြီး အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာသွားရသည်မှာ ပူပူနွေးနွေးပင် ရှိပါသေးသည်။ ဒီလောက်ဆိုလျှင် ယနေ့မန်ယူအသင်းနှင့် ယနေ့မြန်မာ့နိုင်ငံရေးအနေအထားများကို နှိုင်းယှဉ်စဉ်းစားပြီး ကွက်ကွက်ကွင်းကွင်း မြင်ယောင်ခံ စားနိုင်ကြလိမ့်မည်ဟု ထင်ပါသည်။