တပေါင်းနွေတစ်ညမြေခခဲ့ ရော်ရွက်နီ

တပေါင်းနွေတစ်ညမြေခခဲ့ ရော်ရွက်နီ
Published 13 March 2015
တက္ကသိုလ်မိုးဝါ

တပေါင်းနွေတစ်ညမှာ ရော်ရွက်နီတို့ မြေခခဲ့ပြီ ဖြစ်သည်။၁၉၈၈ မတ်လ ၁၃။  စစ်အာဏာရှင် အစိုးရ၏ ရက်စက်စွာ ပစ်ခတ်မှုကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် ပဉ္စမနှစ် ဓာတုအင်ဂျင်နီယာကျောင်းသား ဖုန်းမော် ကျဆုံးခဲ့သည်။ ပဉ္စမနှစ် သတ္တုတူးဖော်ရေး ကျောင်းသား စိုးနိုင်သည် သေနတ်ဒဏ်ရာကြောင့် ဧပြီလ ၅ ရက်နေ့တွင် ဆေးရုံပေါ်၌ ကျဆုံးခဲ့ပြန်သည်။ ထိုမျှသာမက သေနတ်ကျည်ဆန်ကြောင့် ဖုန်းမော် လဲကျသွားသည့်နေရာနှင့် မလှမ်းမကမ်းနေရာ၌ ဆဋ္ဌမနှစ် စက်မှုအင်ဂျင်နီယာကျောင်းသား မြင့်ဦးသည်လည်း အသည်းထဲသို့ ကျည်ဆန် စူးဝင်နစ်မြုပ်သွားသဖြင့် လဲကျနေသည်။  ကံကောင်းထောက်မ၍ မြင့်ဦးကို ယနေ့ထက်တိုင် အသက်မသေဘဲ မြင်တွေ့နေရသည်။စက်မှုတက္ကသိုလ်ဝင်းထဲသို့ လုံထိန်းတပ်ဖွဲ့ဝင် အများအပြား “ဥပဒေနှင့်အညီ” ကျူးကျော်ဝင်ရောက် ပစ်ခတ်သည်။  အချိန်မှာ မတ်လ ၁၃ ရက် ည ၁ဝ နာရီခန့်မှ စသည်ဟု အသက်မသေသော မြင့်ဦးက ဆိုသည်။ ယင်းအချိန်က အစိုးရရေဒီယိုနှင့် သတင်းစာများ၏ ကြေညာချက်ထဲတွင် ဖုန်းမော်သည် ခိုက်ရန်ဖြစ်ပွားမှုမှ ရရှိသောဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။  ထိုစဉ်က စစ်အာဏာရှင်အစိုးရသည် သတင်းအမှောင်ချကာ သတင်းလိမ် သတင်းမှားများအား ဖြန့်ဝေခြင်း၊ သမိုင်းအချက်အလက်များအား တိမ်းစောင်းစေခြင်း စသည်တို့ကို ပြုလုပ်လေ့ရှိ၏။တကယ်တမ်းပြောရမည်ဆိုလျှင် အာဇာနည်ကျောင်းသား ဖုန်းမော်နှင့် စိုးနိုင်တို့ စစ်အာဏာရှင်အစိုးရ၏ လူမဆန်သော လုပ်ရပ်ကြောင့် ကျဆုံးခဲ့ခြင်းမှတစ်ဆင့် စစ်အာဏာရှင်စနစ်အား တော်လှန်သည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ မီးတောက်ကြီး အရှိန်အဟုန်ကြီးစွာ တောက်လောင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။မတ်လ ၁၂ ရက်တွင် ဖြစ်ပွားခဲ့သော ကြို့ကုန်းရပ်ကွက် လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ လူငယ်အချို့နှင့် စက်မှုတက္ကသိုလ် ကျောင်းသားတို့၏ ရန်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့ရာမှ အာဏာပိုင်၏ ရပ်တည်ဆုံးဖြတ်ကိုင်တွယ်မှုကို ကျောင်းသားများက မကျေနပ်၍ ကျောင်းဝင်းအတွင်း၌ စုရုံးကာ ယင်းမှ အုံ ကြွမှုတစ်ရပ် ဖြစ်ခဲ့ခြင်း ဖြစ်သည်။  ထိုမှစပြီး နောက်တစ်နေ့ညတွင် လုံထိန်းတပ်ဖွဲ့မှ လက်နက်အပြည့်အစုံဖြင့် ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ပြီး မညှာမတာ ပစ်ခတ်ခြင်း ဖြစ်သည်။ဖုန်းမော်ကျဆုံးရခြင်း အဓိကအကြောင်းရင်းကို ဝေဖန်သုံးသပ်ကြည့်ပါက ထိုစဉ်က မြန်မာနိုင်ငံ ပြည်သူအများ အခြေခံလူ့အခွင့်အရေးများ မည်မျှ ဆုံးရှုံးနစ်နာနေသည်။ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် အခြေအနေတွင် မည်မျှထိခံစားနေရသည်ဟူသောအချက်အား ပြက်ပြက်ထင်ထင် ဖော်ပြနေကြောင်း တွေ့ရမည်ဖြစ်သည်။“အခြေခံလူ့အခွင့်အရေးများကို ပြည်သူလူထုက လိုလားတောင့်တနေသောကြောင့်လည်း ဒီမိုကရေစီလှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ လူတိုင်းလူတိုင်း လူ့အခွင့်အရေးရှိသင့်သည်ဟူသော ခံယူချက်အပေါ်တွင် အခြေစိုက်သင့်သည်” ဟူ၍ ဒေါ်အောင်ဆန်းစုကြည်က ဖုန်းမော်ကျဆုံးခြင်း တစ်နှစ်မြောက် အထိမ်းအမှတ်၌ သဝဏ်လွှာပေးပို့ခဲ့သည်။နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights) ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက် တွင် ကုလသမဂ္ဂညီလာခံကြီး၌ နိုင်ငံစုံမှ လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြောင်း သိရှိပြီးဖြစ်မည်။ နိုင်ငံများ၏ တာဝန်ရှိသူတို့သည် ယင်းသို့ လိုက်နာကျင့်သုံးပါမည်ဟု လက်မှတ်ထိုးရုံမျှနှင့် မပြီး၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ လက်တွေ့ကျင့်သုံး လိုက်နာရန်လိုသည်။ အပိုဒ်ပေါင်း ၃ဝ ပါဝင်သော ထိုကြေညာစာတမ်းမှ အထင်ကရအပိုဒ်အချို့အား ဖော်ပြပါမည်။(၁) လူတိုင်းသည် မွေးဖွားကတည်းက ဂုဏ်သိက္ခာနှင့် အခွင့်အရေးဆိုင်ရာ တန်းတူညီမျှမှု ရှိသည်။  (၂) လူတိုင်းသည် အသက်ရှင်နေထိုင်ခွင့်၊ လွတ်လပ်ခွင့် နှင့် လုံခြုံမှုရှိခွင့် ရှိရမည်။  (၃)    မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ ညှဉ်းပန်းခြင်း၊ အပြစ်ပေးခြင်း ပြုခွင့်မရှိစေရ။(၄) တရားဥပဒေရှေ့မှောက်တွင် လူတိုင်းသည် လူသားအဖြစ် အသိအမှတ်ပြုခံခွင့် ရှိသည်။(၅) လူတိုင်းသည် တရားဥပဒေ၏ အကာအကွယ်အောက်တွင် တန်းတူညီမျှစွာရှိ နေခွင့်ရှိသည်။(၆) မည်သူတစ်ဦးတစ်ယောက်မျှ မတရား အဖမ်းဆီးခံခြင်း၊ ချုပ်နှောင်ခံခြင်း၊ ပြည်နှင်ဒဏ်အပေးခံခြင်း မရှိစေရ။(၇) လူတိုင်းသည် လွတ်လပ်စွာ တွေးခေါ်၊ ယုံကြည်၊ ဘာသာတရား ကိုးကွယ်ခွင့် ရှိရမည်။(၈) လူတိုင်းသည် အနှောင့်အယှက်ကင်းပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့် မီဒီယာများနှင့် သတင်းအပေးအယူလုပ်ခွင့် ရှိရမည်။(၉) လူတိုင်းသည် လွတ်လပ်သောငြိမ်းချမ်းစွာ စုဝေးခွင့်၊ အဖွဲ့အစည်းတို့၌ ပါဝင်ခွင့်ရှိရမည်။(၁ဝ) လူတိုင်းသည် ကျန်းမာရေး အစရှိသော လူမှုဘဝအတွက် သင့်တင့်လုံလောက်သည့် အဆင့်အတန်းရှိ လူနေမှုဘဝတွင် နေထိုင်ခံစားခွင့် ရှိသည်။ချုပ်ရလျှင် လူသားတိုင်းအဖို့ လူ့ဘဝ၌ လူတစ်ယောက်အဖြစ် ပီပီပြင်ပြင်နေထိုင်ရန် သူ၏ ရပိုင်ခွင့်၊ ခံစားပိုင်ခွင့် စသော အခွင့်အရေးများ ဆုံးရှုံးနစ်နာခြင်း မဖြစ်သင့်ပေ။  ဆောင်းပါးအစကို ပြန်ကောက်ရလျှင် ကျည်သင့်၍ ဆေးရုံသို့အသွား လမ်းခုလတ်၌ပင် ဖုန်းမော် အသက်ဆုံးရှုံးသွားသည်။  စိုးနိုင်နှင့် မြင့်ဦးတို့နှစ်ဦး အသက်မသေသေးဘဲ ဆေးရုံခုတင်ပေါ်တွင် ၎င်းတို့၏ ခြေထောက်များအား သံခြေကျင်းများဖြင့် ခုတင်တိုင်နှင့် ချည်နှောင်ထားသည်ဆိုသည်။  သေခြင်းကို နေ့နေ့ညည စောင့်စားကာ သေနတ်ဒဏ်ရာများဖြင့် ခုတင်ပေါ်တွင် ပက်လက်မေ့မြောနေသူနှစ်ယောက် ထွက်ပြေးမည်ကို စိုးရိမ်သောက ရောက်နေသော အာဏာပိုင်တို့၏ ရက်စက်မှုအကြောက်တရားကို မည်သို့ သုံးသပ်ရပါမည်နည်း။  များမကြာမီ စိုးနိုင်ကျဆုံးသွားပြီးနောက် သုံးလခန့်အကြာ မြင့်ဦး၏ အသည်းထဲမှ ကျည်ဆန်အား ဆရာဝန်ကြီးက ခွဲထုတ်ယူလိုက်သည်။  ခွဲစိတ်ပြီး တစ်ပတ်အကြာတွင် မြင့်ဦးအား အင်းစိန်အကျဉ်းထောင်သို့ ပို့လိုက်သည်။  ထို့နောက် ၂၃ ရက်အကြာ သူ့အား ထောင်မှ လွှတ်လိုက်သည်။ ချိုမြိန်သော သမိုင်းဟူသည် မရှိစကောင်းပေ။အလွန်ခါးသီးသော သမိုင်းဖြစ်စဉ်များအား ခါးသီးပြင်းထန်စွာ ဖြတ်သန်းခံစားလာရသူ တစ်ယောက်အတွက် ထိုသမိုင်းဖြစ်စဉ်ကို မေ့ပစ်ရန်ဆိုသည်မှာ မဖြစ်နိုင်စကောင်းပေ။  မေ့ပစ်လိုက်မည်၊ သင်ပုန်းခြေလိုက်မည်ဟုဆိုပါက ခါးသီးသော သမိုင်းဖြစ်စဉ် ဖန်တီးသူများကို အားပေးအားမြှောက် ပြုနေခြင်းနှင့် တူနေပေမည်။အပြစ်မဲ့ကျောင်းသား ဖုန်းမော်၊ စိုးနိုင် သွေးမြေကျရခြင်း ဖြစ်စဉ်ကို သာမန်အားဖြင့် ရှုမြင်သုံးသပ်မည်ဆိုပါက တက္ကသိုလ်ကျောင်းသားတို့၏ မကျေနပ်ချက် ပေါက်ကွဲထွက်ခြင်းမှ ဖြစ်ပွားလာရခြင်းဟု သုံးသပ်ကြမည်။  တကယ်တမ်းမူ ထိုသို့မဟုတ်။  နှစ်ပေါင်းများစွာ အဖိနှိပ်ခံ၊ လျစ်လျူရှုခံ၊ လူ့အခွင့်အရေး အဆုံးရှုံးခံရခြင်းမီးပွားမှ ကူးစက်လွှင့်စဉ် ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။  ယင်းဖုန်းမော်မီးပွားသည် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကို အရှိန်အဟုန် ကြီးမားစွာဖြင့် တွန်းအားပေး ဖြစ်ပေါ်လာစေခဲ့ခြင်းသာ ဖြစ်သည်။လွန်ခဲ့သည့် ၂၇ နှစ်က စစ်အာဏာရှင်တို့၏ ကျည်သင့်ခဲ့သော မြင့်ဦး၊ ယခု ၂၇ နှစ်အကြာ အာဏာရှင်အငွေ့အသက် သင့်နေသေးသည့်လေကို ရှိုက်ရှူနေရဆဲ မြင့်ဦး (နွေဦး-ရွှေဇာ)သည် သူ၏ နှလုံသားမှ  “ဒဏ်ရာ”  ကို လောလောလတ်လတ် ကိုယ်တိုင် ရေးသားဖွင့်အန် ထုတ်ထားသည်။ ဖတ်ရှု ခံစားကြည့်ပါ။ဒဏ်ရာလျှပ်စီးဝင်းခနဲလက်လိုက်တိုင်းမကျက်သေးတဲ့ ရင်ထဲက ဒဏ်ချက်တွေအက်ခနဲ ထပ်ထပ်ကွဲသလိုမျိုး။မပြောချင်တော့တဲ့ ခါးသီးမှုတွေမကြားချင်တော့တဲ့ နာကြည်းမှုတွေမစဉ်းစားချင်တော့အောင်စိတ်ပျက်မှုတွေရယ်မျက်ရည်မရှိတော့တဲ့ ငိုချင်းရှည်အသံမထွက်နိုင်တော့တဲ့ နာကျင်မှုတွေနဲ့ထုံပြင်းနေတဲ့ ဒီကရွတ်ခွေပေါ်မှာငါ….အသက်မဲ့စွာရှင်နေရဦးမယ်။       ။
နွေဦး (ရွှေဇာ)