ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း သက်တမ်းသုံးနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားနှင့် နိုင်/ကျဉ်းဟောင်း ၆၀၅ ဦးအတွက် ကျပ်သိန်း ၁၅၀၀ ကျော် ထောက်ပံ့

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း သက်တမ်းသုံးနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားနှင့် နိုင်/ကျဉ်းဟောင်း ၆၀၅ ဦးအတွက် ကျပ်သိန်း ၁၅၀၀ ကျော် ထောက်ပံ့
Published 12 March 2015
အောင်ဇော်ထွန်း

ဖမ်းဆီးထိန်းသိမ်းခံရဆဲ နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများနှင့် အခြားအကူအညီ လိုအပ်နေသော ဘဝတူစာနယ်ဇင်းသမားများနှင့် မိသားစုများအား ကူညီထောက်ပံ့ရန် ရည်ရွယ်ဖွဲ့စည်းထားသော ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းကို ၂ဝ၁၂ မတ် ၁၂ ရက်က စတင်ဖွဲ့စည်းခဲ့ရာ ၂ဝ၁၅ ခုနှစ် မတ် ၁၂ရက် နေ့ထိ ဖောင်ဒေးရှင်း၏ သက်တမ်းသုံးနှစ် အတွင်း နိုင်ငံရေးအကျဉ်းသားနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း ၆ဝ၅ ဦးအတွက် ကျပ် သိန်းပေါင်း ၁၅ဝဝ ကျော် ထောက်ပံ့ပေးထား ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ဖွဲ့စည်းခဲ့သည့် ၂ဝ၁၂ ခုနှစ် မတ် ၁၂ ရက်မှ စ၍ နှစ်လလျှင်တစ်ကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ ဖောင်ဒေးရှင်း သက်တမ်းသုံးနှစ်ပြည့်ချိန်တွင် ဖမ်းဆီးအသတ်ခံရသည့် နိုင်ငံရေး အကျဉ်းသားတစ်ဦး၊ လက်ရှိနိုင်ငံရေး အကျဉ်းသား ၁၃၈ ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ဘဝတူ စာနယ်ဇင်းသမား ၄၆၆ ဦး စုစုပေါင်း ၆ဝ၅ ဦးတို့အတွက် ထောက်ပံ့ငွေ ကျပ် ၁၅၁၈ သိန်း ပေးခဲ့ပြီးဖြစ်ဟု ၂ဝ၁၅ ခုနှစ် မတ် ၁၂ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်သော ဖောင်ဒေးရှင်း၏ (၁၉) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားမှ သိရသည်။
ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း၏ (၁၉) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲတွင် သဘာပတိအဖွဲ့ဝင် ဦးမိုးသူက “(၁၉) ကြိမ်မြောက်အထိ ကျွန်တော်တို့ အတတ်နိုင်ဆုံး အောင်မြင်စွာနဲ့ နိုင်ငံရေးအကျဉ်းသားများကို ကူညီထောက်ပံ့မှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း အတတ်နိုင်ဆုံး ဆောင်ရွက်သွားပါမယ်။ အဲဒီလို ဆောင်ရွက်နိုင်တာဟာလည်း လာရောက်အားပေးကြတဲ့ မိတ်ဆွေတွေ၊ ရဲဘော်တွေ၊ ဝိုင်းဝန်းကူညီကြတဲ့ သူတွေကြောင့် ဖြစ်တာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။
အဆိုပါ ဖောင်ဒေးရှင်း၏ အတွင်းရေးမှူး ဦးကျော်အောင်က “သုံးနှစ်အတွင်းမှာ ဒီလိုထောက်ပံ့ငွေပေးတဲ့အခါ တစ်ဦးကိုတော့ ထပ်သွားတာရှိတယ်။ ထပ်သွားတယ်ဆိုတာ နာမည်မှားပြီးတော့ အဲဒီတစ်ခါပဲထပ်ဖူးတယ်။ ဘယ်လိုစိစစ်ပြီး ပေးလဲဆိုတော့ ကျွန်တော်တို့ရုံးမှာ လျှောက်လွှာတွေကို လက်ခံတယ်။ အဲဒီလျှောက်လွှာတွေကို စိစစ်ပြီးတော့ နယ်ဆိုရင်လည်း နယ်ကိုစုံစမ်းတယ်။ လိုအပ်ရင် နယ်အထိ ကွင်းဆင်းတယ်။ ရန်ကုန်က လျှောက်တာဆိုရင်လည်း ကွင်းဆင်းပြီး လေ့လာတယ်။ တကယ်စားဝတ်နေရေးက အခက်အခဲရှိလား။ ကျန်းမာရေးကရော လိုအပ်သလား။ စတဲ့ ဘက်စုံကလေ့လာပြီးတော့ ဒါရိုက်တာအဖွဲ့ အစည်းအဝေးကို တင်တာပေါ့။ အားလုံး ဝိုင်းစဉ်းစားပြီးတော့ ဘယ်သူကတော့ပေးသင့်တယ်၊ ဘယ်သူကတော့ ဆိုင်းငံ့သင့်တယ်ဆိုပြီး သူတို့ကိုဘယ်လောက် ပေးမယ်ဆိုတာ ဆုံးဖြတ်တာပေါ့။ အဲဒီလို နှစ်လတစ်ကြိမ်လုပ်တယ်။ ဆရာကြီးရှိတုန်းကလည်း အဲဒီလိုလုပ်ခဲ့တာပဲ” ဟု ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် အသက် ၈၄ နှစ်အရွယ် ၂ဝ၁၄ ခုနှစ် ဧပြီ ၂၁ ရက်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဆရာကြီး ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဧပြီလတွင် ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်သည်။
 
 

Most Read

Most Recent