နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယသမ္မတ မဒမ်ငုယင်သီဇွမ်းအား မတ် ၁၁ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ထိုသို့ တွေ့ဆုံစဉ် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကဏ္ဍ၊ နိုင်ငံတကာနှင့် ဒေသတွင်းရေးရာ ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ခရီးသွားလုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။အလားတူ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဗီယက်နမ်နိုင်ငံ ဒုတိယသမ္မတတို့သည် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပြီး ဗီယက်နမ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ယခုနှစ်သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ သံတမန်ဆက်ဆံရေးနှစ်(၄၀)ပြည့် အထိမ်းအမှတ် နှစ်တစ်နှစ်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၂၃၉ ဒသမ ၂၈) သန်းရှိပြီး မြန်မာနိုင်ငံ၏ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ (၅၆ ဒသမ ၀၅) သန်းနှင့် ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ (၁၈၃ ဒသမ ၂၃)သန်းဖြစ်ကြောင်း သိရသည်။သမ္မတဦးသိန်းစိန်အနေဖြင့် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်က ဗီယက်နမ်နိုင်ငံသို့ လေးကြိမ်တိုင် သွားရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတတစ်ဦး အနေဖြင့် ၂၀၁၂ ခုနှစ် မတ်လအတွင်းက ဗီယက်နမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်စဉ် သမ္မတ မစ္စတာကျုံးသန်စန်းနှင့် တွေ့ဆုံခဲ့သည်။အလားတူ ဗီယက်နမ်သမ္မတ မစ္စတာကျုံးသန်စန်းကလည်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကာ ခရီးစဉ်ဆိုင်ရာ နှစ်နိုင်ငံပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ကိစ္စရပ်များ သမ္မတဦးသိန်းစိန်နှင့် ဗီယက်နမ် ဒုတိယသမ္မတတို့ ဆွေးနွေး















