ကျောင်းသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းမှုအပေါ် အမေရိကန်အပါအဝင် နိုင်ငံတကာက ကန့်ကွက်ရှုတ်ချ

ကျောင်းသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းမှုအပေါ် အမေရိကန်အပါအဝင် နိုင်ငံတကာက ကန့်ကွက်ရှုတ်ချ
Published 11 March 2015

မတ် ၁၀ ရက်က လက်ပံတန်းမြို့ ပင်မကျောင်းသားသပိတ်စခန်းကို အကြမ်းဖက် ဖြိုခွင်းခြင်းနှင့် ရန်ကုန်မြို့ လှည်တန်းရှိ ကျောင်းသားသပိတ်ထောက်ခံကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့သည့်အတွက် အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာမှ ကန့်ကွက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။ထိုကဲ့သို့ အကြမ်းဖက်ဖြိုခွင်းမှုကို ဥရောပသမဂ္ဂ (EU) က အစောဆုံး ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး မတ် ၁၀ ရက် ညနေပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။အဆိုပါ ကြေညာချက်တွင် အီးယူမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သင်တန်းများပို့ချခဲ့ပြီး အဆိုပါသင်တန်းများသည် လူ့အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် သဘောထားမတိုက်ဆိုင်မှုများကို ညှိနှိုင်းအဖြေရှာရန် ဖြစ်သည်ဟု ကျောင်းသားသပိတ်နှင့် ပတ်သက်၍ အီးယူ၏ ကြေညာချက်တွင် ဖော်ပြထားသည်။“အစိုးရနဲ့ NLD ပါတီက တိုက်ရိုက်တောင်းဆိုလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီအောင် လေ့ကျင့်သင်ကြားပေးတာပါ။ ဒီသင်တန်းတွေရဲ့ ရည်ရွယ်ချက်က လူ့အခွင့်အရေး လေးစားလိုက်နာပြီး ညှိနှိုင်းမှုကို ပိုမိုလုပ်ဆောင်လာဖို့ပါ။ နောက်ဆုံးမတတ်သာတဲ့ အခြေအနေ ရောက်မှသာ ဖြိုခွင်းမှုပုံစံကို အသုံးပြုရပါမယ်။ ဒီလိုဖြိုခွင်းတဲ့ နေရာမှာလည်း အရေးပါမှုနဲ့ ပြင်းထန်မှုအလိုက် သင့်လျော်တဲ့ အင်အားကို အသုံးပြုရပါတယ်” ဟု အီးယူက ပြောကြားသည်။အဆိုပါ အချက်များနှင့် ဆန့်ကျင်သော လုပ်ရပ်များသည် အီးယူအတွက် အလွန်အမင်း စိုးရိမ်ဖွယ်ရာ လုပ်ရပ်များဖြစ်ကြောင်း ကြေညာချက်တွင် ပါဝင်သည်။ ရဲတပ်ဖွဲ့ဝင်များအပြင် အရပ်သားများကို အသုံးချကာ လုံခြုံရေးနှစ်ထပ် ဆောင်ရွက်မှုသည် ဥပဒေတွင် ပြဋ္ဌာန်းထားသော်လည်း သင့်လျော်ခြင်းမရှိဟု အီးယူက ဝေဖန်ထားသည်။ထို့ကြောင့် လက်ပံတန်းမြို့တွင် ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းမှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် အဆိုပါကိစ္စကို တရားဝင် စုံစမ်းစစ်ဆေးသွားရန် EU က တောင်းဆိုခဲ့သည်။အလားတူ ကျောင်းသားများအား အကြမ်းဖက် ဖြိုခွင်းခြင်းသည် သမ္မတအိုဘားမားအပေါ် သမ္မတဦးသိန်းစိန်ပေးထားသည့် ကတိများနှင့် ဆန့်ကျင်နေကြောင်း အမေရိကန်ကွန်ဂရက် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် Joe Crowley နှင့် Steve Chabot တို့က ပြောကြားသည်။“သမ္မတဦးသိန်းစိန်က အမြင်မတူညီမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်ဖို့ ကတိပေးထားပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီလိုအကြမ်းဖက် တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုကြမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံက ကျောင်းသားတွေဟာ မူဝါဒပြောင်းလဲဖို့ တောင်းဆိုနေရုံသာ ဖြစ်ပါတယ်။ သူတို့ကို ရန်သူအနေနဲ့ သတ်မှတ်ပြီး မဆက်ဆံသင့်ပါဘူး” ဟု Joe Crowley ၏ Blog တွင် ဖော်ပြထားသည်။
ကျောင်းသားများအား အကြမ်းဖက် ဖြိုခွင်းခြင်းသည် သမ္မတအိုဘားမားအပေါ် သမ္မတဦးသိန်းစိန်ပေးထားသည့် ကတိများနှင့် ဆန့်ကျင် . . . . .

ထို့အပြင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းသည့်အတွက် ထိတ်လန့်စိုးရိမ်မိကြောင်းနှင့် ဖမ်းဆီးထားသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း ၎င်းတို့က တောင်းဆိုထားသည်။အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Jen Psaki ကလည်း လက်ပံတန်းမြို့ ပင်မကျောင်းသားသပိတ်ရှိ ဆန္ဒပြကျောင်းသားများကို ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်များဖြင့် ဝင်ရောက်အကြမ်းဖက် ဖြိုခွဲခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ကျောင်းသား ၂၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းကို စိုးရိမ်ကြောင်း သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားသည်။မြန်မာနိုင်ငံအတွင်း၌ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ဝင်များ၏ မလိုအပ်ဘဲ အကြမ်းဖက် ဖြိုခွင်းမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး ပညာရေးဥပဒေသစ်တစ်ရပ် ကောင်းမွန်စွာ ပေါ်ထွက်လာရေး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေသူ ကျောင်းသားများအား လက်ပံတန်းမြို့တွင် အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းမှာ လက်ခံနိုင်စရာ မရှိကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ Amnesty International ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။တာဝန်ရှိသူများ အနေဖြင့် လိုအပ်သည်ထက် အင်အားအလွန်အကျွံ အသုံးပြု၍ ဆန္ဒပြသူများအား နှိမ်နင်းခြင်းကို ရှောင်ကြဉ်စေရန် ချက်ခြင်းညွှန်ကြားရမည်ဖြစ်ကြောင်း ရေးသားထားသည်။Amnesty International ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်သုတေသန ဒါရိုက်တာဖြစ်သူ ရူးပတ်အတ်ဘော့ထ်က “လက်ပံတန်းမှာ ကျောင်းသားတွေအပေါ် မြန်မာရဲတွေ တုံ့ပြန်လိုက်တဲ့ အပြုအမူကတော့ အတော်ကို စိတ်ပျက်စရာပါပဲ။ သူတို့တွေဟာ လိုအပ်တာထက်ပိုပြီး အင်အားသုံးခဲ့တာကို တွေ့ရတယ်။ ဘယ်လိုအင်အားမျိုးမှ မရှိတဲ့ မြေပြင်ပေါ် လဲကျနေသူတွေကို ရက်ရက်စက်စက် ရိုက်နှက်နေတာဟာ လူသားဆန်မှု မရှိသလို ဒါဟာ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဥပဒေအရဆိုရင် ကြီးမားတဲ့အပြစ် ကျူးလွန်လိုက်တာပါပဲ” ဟု ဝေဖန်ခဲ့သည်။ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူများကို ဖမ်းဆီးခြင်း၊ ကြီးမားသည့် ပြစ်ဒဏ်များ ချမှတ်ခြင်း စသည့်အရေးယူမှုများကို လုပ်ဆောင်ခြင်းမှာ တရားမျှတမှု မရှိကြောင်းနှင့် မြန်မာအာဏာပိုင်များသည် ၎င်းတို့အုပ်ချုပ်ခဲ့သည့် သက်တမ်းတစ်လျှောက် ထိုကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက် နှိမ်နင်းခဲ့သည့်ဖြစ်စဉ် အများအပြား ရှိနေခဲ့ပြီး ယခုဖြစ်စဉ်တွင်လည်း ထိုကဲ့သို့ ဖြေရှင်းမှုမျိုးကို လုံးဝလက်မခံနိုင်ကြောင်း ရူးပတ်အတ်ဘော့ထ်က ကန့်ကွက်ခဲ့သည်။လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) ကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ တစ်နေ့တခြား ပိုမိုယိမ်းယိုင်လာနေကြောင်းနှင့် ဆန္ဒပြမှုများကို အကြမ်းဖက် ဖြိုခွင်းခြင်းများ ရပ်တန့်ပြီး အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို စုံစမ်းစစ်ဆေးသွားရန် တောင်းဆိုခဲ့သည်။“ကျောင်းသားတွေကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ် လူမိုက်လူရမ်းကားတွေ ရက်စက်စွာ ဝိုင်းဝန်းရိုက်နှက်တဲ့ ပုံစံဟာ တပ်မတော်အစိုးရ အုပ်ချုပ်စဉ်ကာလက အကြမ်းဖက်မှုတွေ တစ်ကျော့ပြန်လာနေသလိုပါပဲ။ အစိုးရအနေနဲ့ နှိပ်စက်ညှဉ်းပန်းတတ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းတာ၊ တာဝန်ယူမှုမရှိတဲ့ အရပ်ဝတ် အရန်အဖွဲ့တွေကို ဖျက်သိမ်းပေးတာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ခွင့်ပြုပေးတာမျိုး လုပ်ဆောင်သင့်ပါတယ်” ဟုHRW အာရှဒါရိုက်တာ Brad Adams က ပြောကြားသည်။တရားဥပဒေ ဖော်ဆောင်ရေး အရာရှိများ၏ အင်အားနှင့် လက်နက်အသုံးပြုမှုဆိုင်ရာ ကုလသမဂ္ဂ အခြေခံမူဝါဒအရ တရားဥပဒေဖော်ဆောင်ရေး ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အင်အားအသုံးမပြုမီ အကြမ်းမဖက်သည့် နည်းလမ်းများကို တတ်နိုင်သမျှ အသုံးပြုရမည်ဖြစ်ပြီး အင်အားသုံး ဖြိုခွဲရမည် ဆိုပါကလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်နှင့် ပြင်းထန်မှုအလိုက် သင့်လျော်သော အင်အားကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း HRW က ထောက်ပြထားသည်။“ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေကနေ ရဲတပ်ဖွဲ့ဝင်တွေ အင်အားသုံး အကြမ်းဖက်တဲ့အပေါ် ဝိုင်းဝန်းရှုတ်ချသင့်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို မကာကွယ်ဘူးဆိုရင် သူတို့ရဲ့ မြန်မာအစိုးရအပေါ် ပံ့ပိုးမှုတွေကို ပြန်လည်သုံးသပ်သင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ တစ်နေ့တခြား ပိုမိုယိမ်းယိုင်လာနေတယ်” ဟု Adams က ပြောကြားသည်။ထိုကဲ့သို့ အကြမ်းဖက်ဖြိုခွင်းမှုများသည် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမတိုင်မီ ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်နေကြောင်း စိုးရိမ်မှုများ ဖြစ်ပေါ်စေသည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက သုံးသပ်မှုများ ရှိနေသည်။

Most Read

Most Recent