ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအတွက် အသင့်ပြင်ဆင်ထားကြရန် ပြည်ထောင်စုလွှတ်တော်နာယက နိုင်ငံရေးပါတီ ခေါင်းဆောင်များအား တွေ့ဆုံပြောကြား

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအတွက် အသင့်ပြင်ဆင်ထားကြရန် ပြည်ထောင်စုလွှတ်တော်နာယက နိုင်ငံရေးပါတီ ခေါင်းဆောင်များအား တွေ့ဆုံပြောကြား
Published 11 March 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအတွက် အသင့်ပြင်ဆင်ထားကြရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံရေးပါတီခေါင်းဆောင်များအား တွေ့ဆုံပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များသည် နေပြည်တော်၌ မတ် ၁၁ ရက်က ပြု လုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ် တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး မစမီအချိန်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။“တွေ့ဆုံတဲ့အကြောင်းအရင်းက ဘာလဲဆိုတော့ နိုင်ငံတော်သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ပြီးတဲ့အခါကျတော့ ပထမဆုံးပြောတာက ခြောက်ပွင့်ဆိုင် တွေ့ဖို့ဆိုပြီးတော့ တင်ထားတာရှိပါတယ်။ ခြောက်ပွင့်ဆိုင်မှာ လွှတ်တော်အနေနဲ့က လေးဦး၊ နာယကကြီး၊ နောက်တစ်ခါ အမျိုးသားလွှတ်တော်ဥက္ကဌကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာအေးမောင် တိုင်းရင်းသားတွေရဲ့ ကိုယ်စားလှယ်၊ ဟိုဘက်ကကျတော့ ကာချုပ်နဲ့ သမ္မတကြီးနဲ့ အဲဒါအတွက်လည်း ဒီမှာ ပြင်ဆင်စရာ ရှိတာတွေကို ဒေါက်တာအေးမောင်တို့ အနေနဲ့လည်း ပြင်ဆင်ထားပြီးတော့ ဒါတွေ့ဖို့ပေါ့” ဟု NDF ပါတီမှ ဒုတိယဥက္ကဌ ဦးစိုးဝင်းက ပြောကြားသည်။ဆက်လက်၍ ဦးစိုးဝင်းက “ခြောက်ပွင့်ဆိုင်တွေ့ဖို့ ရှိတယ်။ အဲဒီအခါမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ခေါင်းဆောင်က ဒေါက်တာအေးမောင်၊ ဒေါက်တာအေးမောင်က တစ်ယောက်အနေနဲ့ ပြောရမှာ မဟုတ်ဘူး။ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလည်း ပြောရမယ်ဆိုတော့ အဲဒီကဟာတွေကိုပါ ကိုယ်ဘာသာကိုယ် အဆင်သင့်ဖြစ်အောင် လုပ်ထားဖို့ပြောတာ” ဟု ပြောကြားသည်။ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲအတွက် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်စားတက်ရောက်ရမည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “စောင့်နေပါ။ ဘယ်မှမသွားပါနဲ့ ဖြစ်ဖို့ရာခိုင်နှုန်း များတယ်။ ဒီလောက်ပဲ သူပြောနိုင်မှာပေါ့။ သူက ပြည်ထောင်စုလွှတ်တော်ရဲ့ အကြီးဆုံးဆိုတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆိုပြုတာဟာ ဒီအတိုင်းတော့ ရှိနေသေးသည်။ ဒါပေမဲ့ ခွင့်မပြုသမျှ ဘယ်လိုလုပ် တွေ့လို့ရမလဲ။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အဆင်သင့် လုပ်ထားပေးပါ။ တွေ့ဖို့အတွက် များတာပေါ့ ရာခိုင်နှုန်း။ တွေ့မယ်လို့လည်း ကျွန်တော်တို့ ဒတ်ထိပြောလို့ မရသေးဘူး။ တွေ့ဖြစ်ဖို့က များတယ်” ဟု မီဒီယာများကို ပြောကြားသည်။“ကျွန်တော့်ကို ဒါမျိုးပြောတာ နှစ်ကြိမ်၊ သုံးကြိမ် ရှိပြီ” ဟု ဒေါက်တာအေးမောင်က ဆက်လက်ပြောကြားသည်။ဆက်လက်၍ ဒေါက်တာအေးမောင်က “ကျွန်တော်တို့ မှန်းတာက ၂ဝဝ၈ ဖွဲ့စည်းပုံကြီးကို ပြင်ဆင်တာက လာမယ့်အပတ်လောက်မှာ တင်လိမ့်မယ်။ မတင်ခင်လေးမှာ တွေ့ခြင်းဟာ တင်ပြီးမှ တွေ့ခြင်းထက် ပိုကောင်းတယ်။ အဖုအထစ်ဖြစ်မယ့် ပုဒ်မတွေ ကျွန်တော်တို့ မြင်နေတာပဲ။ မူလအတိုင်း ထားမယ်။ တိုင်းရင်းသားတွေက ပြင်မယ်။ အဲဒီဟာတွေက အဖုအထစ် ဖြစ်စေမယ်။ အဲဒီတော့ မူလအတိုင်းထားမယ့် ပုဂ္ဂိုလ်တွေက Command တစ်ခုမရှိရင် မူလအတိုင်းထားမယ် ဆိုတာမျိုးနဲ့ ထိုင်ရင်ထိုင်နေမယ်။ ရပ်ရင်ရပ်နေမယ်ဆိုရင် ၇၅ ရာခိုင်နှုန်းကျော် ကျွန်တော်တို့ မရဘူး။ မရရင် ၄၃၆ (က)ကြီးနဲ့ ဘာမှလုပ်လို့ မရဘူး” ဟု ဆိုသည်။ဗန်းပြဆွေးနွေးပွဲများ မလိုချင်ကြောင်း၊ စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲများနှင့် အမျိုးသားရင်ကြားစေ့ရေးမူများကို ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို မလိုက်နာပါက ဥပဒေကို ချိုးဖောက်ရာရောက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတင်းထောက်များအား ပြောကြားထားသည်။ပြည်ထောင်စုလွှတ်တော်မှ မူလတိုက်တွန်းထားသည့်အတိုင်း ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဆောလျင်စွာပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ဇန်နဝါရီ ၂၂ ရက်တွင် အကြောင်းပြန်ထားကြောင်း သိရသည်။

Most Read

Most Recent