၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ဖြေဆိုရန် စာရင်းပေးသွင်းသူများအနက် ရာခိုင်နှုန်း ၉၀ ဝန်းကျင် စာမေးပွဲ ဝင်ရောက်ဖြေဆို

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ဖြေဆိုရန် စာရင်းပေးသွင်းသူများအနက် ရာခိုင်နှုန်း ၉၀ ဝန်းကျင် စာမေးပွဲ ဝင်ရောက်ဖြေဆို
Published 11 March 2015
အေးပပ

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်၌ စတင်ကျင်းပခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ စာမေးပွဲဖြေဆိုရန်စာ ရင်းပေးသွင်းလျှောက်ထားသူ ဦးရေအနက် ရာခိုင်နှုန်း ကိုးဆယ်ဝန်းကျင် စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်း လျှောက်ထားသူဦးရေ စုစုပေါင်း ၆၃၂၃၁၁ ဦးရှိခဲ့ပြီး စာမေးပွဲကျင်းပသည့် ပထမရက် မြန်မာစာဘာသာရပ် ဖြေဆိုသည့်နေ့တွင် ကိုးဆယ်ရာခိုင်နှုန်းဝန်းကျင် စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၌ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ ၁၀၆၁၆၇ ဦးရှိခဲ့ရာမှ စာမေးပွဲ ဝင်ရောက်ဖြေဆိုသူဦးရေ ၉၉၀၄၅ ဦးရှိခဲ့ပြီး ဖြေဆိုသူဦးရေ ၉၃ ဒသမ ၂၉ ရာခိုင်နှုန်းရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၃)၊ အခြေခံပညာဦးစီးဌာနမှ သတင်းရရှိသည်။“စာမေးပွဲဝင်ရောက်ဖြေဆိုသူ ဦးရေက မူလစာရင်းပေးသွင်းတဲ့သူ ဦးရေနဲ့ယှဉ်ရင် ကိုးဆယ်ရာခိုင်နှုန်းဝန်းကျင် ဝင်ဖြေကြပါတယ်” ဟု မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၁၅ ခုနှစ်၊ မတ်လဒုတိယပတ်အတွင်း စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ် ၁၁ ရက်တွင် မြန်မာစာ၊ မတ်လ ၁၂ ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ ၁၃ ရက်တွင် သချာၤ၊ မတ် ၁၄ ရက်တွင် စိတ်ကြိုက်မြန်မာစာ၊ မတ်လ ၁၆ ရက်တွင် ဓာတုဗေဒ၊ မတ်လ ၁၇ ရက်တွင် ရူပဗေဒ၊ မတ်လ ၁၈ ရက်တွင် ဇီဝဗေဒ/ဘောဂဗေဒ၊ မတ်လ ၁၉ ရက်တွင် ပထဝီဝင်၊ မတ်လ ၂၀ ရက်တွင် သမိုင်း စသည့်ဘာသာရပ်များအား နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်သည်။ အခြေခံပညာအဆင့် တက္ကသိုလ်ဝင်စာမေးပွဲအား တစ်နိုင်ငံလုံး အတိုင်းအတာအရ မေးခွန်းတစ်မျိုးတည်းဖြင့်သာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အလားတူ တက္ကသိုလ်ဝင်တန်း ကျောင်းသား/ကျောင်းသူများ စာမေးပွဲဝင်ရောက်ဖြေဆိုရန်အတွက် စာစစ်ဌာနများကိုလည်း ယခင်နှစ်ကထက် တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ နိုင်ငံခြားစာစစ်ဌာန ၂၁ ခု အပါအဝင် တစ်နိုင်ငံလုံး၌ စာစစ်ဌာနပေါင်း ၁၃၇၆ ခု ထားရှိစစ်ဆေးခဲ့ခြင်းဖြစ်သည်။ စာမေးပွဲစတင်စစ်ဆေးခဲ့သည့် မြန်မာစာဘာသာရပ် ဖြေဆိုရသည့်နေ့တွင် ကျောင်းသားအများစု ဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။        “မြန်မာစာမေးခွန်းတွေ အားလုံးနီးပါး ဖြေဆိုနိုင်ပါတယ်။ မေးခွန်းတွေကလည်း စာသင်ခန်းထဲမှာ အကြိုဖြေဆိုရတဲ့ ပုံစံတွေ အတိုင်းပါပဲ။ ကျက်ထားတာတွေလည်း တိုးပါတယ်။ မေးခွန်းဟောင်းတွေကိုလည်း လေ့လာထားတော့ အဲဒီအထဲကနေလည်း တော်တော်များများ ပြန်ပါလာတာတွေ ရှိပါတယ်။ အမှတ် ၇၀ ဖိုးလောက်ရမယ်လို့ မှန်းထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသူတစ်ဦးက ဆိုသည်။လက်ရှိအခြေအနေတွင် ဖြစ်ပေါ်လျက်ရှိသော ကျောင်းသားသပိတ်များ၊ ဆန္ဒဖော်ထုတ်နေမှု အခြေအနေများကြောင့် ကျောင်းသားမိဘ အများစုမှာ တက္ကသိုလ်ဝင် စာမေးပွဲအပေါ် သက်ရောက်မှုများ ရှိလာနိုင်မည်ကိုလည်း များစွာစိုးရိမ်လျက်ရှိကြောင်း ကျောင်းသားမိဘများကလည်း ဆိုသည်။“အခုချိန်က ကျောင်းသားသပိတ်တွေ ဆန္ဒပြမှုတွေက ရှိနေတော့ အဲဒါတွေက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုတဲ့အပေါ် သက်ရောက်မှုတွေ ရှိလာမှာကို အရမ်းစိုးရိမ်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖို့ကို ကလေးတွေအနေနဲ့ နွေရာသီကတည်းကကို ကြိုးစားလာခဲ့ရတာပါ။ တစ်နှစ်ပတ်လုံး ကြိုးကြိုးစားစား လုပ်လာခဲ့ရတာပါ။ ကလေးတွေတင် မကပါဘူး၊ မိဘတွေရော မိသားစုတွေပါ ပင်ပင်ပန်းပန်း ကူညီပံ့ပိုးပေးခဲ့ရတာပါ။ စာမေးပွဲဖြေနေတဲ့ ကာလအတွင်းမှာ ကလေးတွေကို အေးအေးဆေးဆေး စိတ်သက်သက်သာသာ ဖြေစေချင်ပါတယ်။ တစ်နှစ်ပတ်လုံး အချိန်ကုန်၊ ငွေကုန်၊ စိတ်ပင်ပန်း၊ လူပင်ပန်း ကြိုးစားလာခဲ့ရတာတွေကို အလဟဿ မဖြစ်စေချင်ပါဘူး။ သပိတ်မှောက် ဆန္ဒတွေဖော်ထုတ်ပြီး ပင်ပင်ပန်းပန်း တစ်မျိုးသားလုံးအတွက် တောင်းဆိုပေးနေတဲ့ သူတွေကိုလည်း စာနာနားလည်ပါတယ်။ ဒါပေမဲ့လည်း ကလေးတွေ စာမေးပွဲဖြေဆိုနေတဲ့ အချိန်ကာလလေးမှာတော့ စိတ်အေးအေးလေးနဲ့ပဲ စာမေးပွဲကာလကို ပြီးသွားစေချင်ပါတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။     

Most Read

Most Recent