ခေါက်ရိုးကျိုး
ဗဟိုဦးစီးစနစ်ဟာ မြန်မာနိုင်ငံမှာ အမြစ်တွယ်လာတာကြာခဲ့ပြီ။ ၁၉၆၂ ခုနှစ်မှ တစ်စတစ်စ အမြစ်တွယ်လာတာ ခုဆိုဆွဲနုတ်လို့ မရလောက်အောင် မြဲမြဲမြံမြံ တွယ်ကပ်နေတယ်။ အထူးသဖြင့် အစိုးရဝန်ထမ်းတွေရဲ့ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း တွယ်ကပ်နေတာ။ ဗဟိုဦးစီးစနစ်ဟာ တစ်သွေးတစ်သံ တစ်မိန့်ကို အခြေခံပြီး အာဏာရှင်စနစ်မှာ အဆုံးသတ်တယ်။ ခုဆို အာဏာရှင်စနစ်ကို ရောက်နေပြီ။ တစ်နည်းပြောရရင် ဗဟိုဦးစီးစနစ်ရဲ့ အထွတ်အထိပ်ကို ကျင့်သုံးနေပြီဆိုတာပဲ။ အာဏာရှင်စနစ်မှာတော့ ဝန်ထမ်းတွေမှာသာမက ပြည်သူတစ်ရပ်လုံးရဲ့ ရင်ထဲအထိ လက်ခံကျင့်သုံးအောင် လုပ်ဆောင်ပေးခဲ့ပြီးပြီ။
ရပ်ကွက်ထဲက ပြည်သူ့ဆိုင်တွေမှာ ဆန်ရောက်ပြီဆို ဆီစာအုပ်ပြေးထပ်။ အလှည့်ကျစောင့်။ နာမည်ခေါ်မှဝယ်ကြ။ ကိုယ်ဝယ်ချင်တာ ဝယ်လို့မရ။ ကိုယ်ဝယ်ချင်တဲ့ အချိန်ဝယ်လို့မရ။ ရောင်းတာဝယ်။ ရောင်းတဲ့အချိန်ဝယ်။ ရပ်ကွက်လုံခြုံရေးနဲ့ အုပ်ချုပ်ရေးရုံးက တစ်အိမ်တစ်ယောက်လာဆို တစ်အိမ်တစ်ယောက် ထွက်လာကြ။ ဘာတွေမှ အကြောင်းမပြနဲ့။ အကယ်၍ မလာဘူးလို့ ကြံစည်ထားသူကို ဒီစကားလုံးတွေနဲ့ ချုပ်နှောင်လိုက်တယ်။ “မလာတဲ့သူ မိမိတို့တာဝန်သာဖြစ်တယ်” လို့ ချုပ်ကိုင်လိုက်တယ်။ “မိမိ တာဝန်သာဖြစ်တယ်” ဆိုတဲ့ စကားက ဘာမှန်းမသိ။ ဒါပေမဲ့ ကြောက်စရာလို့ ထင်ကုန်ပြီး ကြောက်ကုန်ကြရော။ ဒီလိုနဲ့ တစ်အိမ်တစ်ယောက် မပျက်မကွက် ထွက်လာရတယ်။ ဘာကြောင့်ခေါ်မှန်းမသိလို့ တစ်ယောက်လက် တစ်ယောက်တို့ပြီး မေးကြည့်တော့ သူကလည်း ခေါင်းခါ၊ ကိုယ်ကလည်း ခေါင်းခါ။ ဒီလိုအချိန်မှာသာ ခေါင်းခါနေတာ။ မျက်နှာစုံညီ အစည်းအဝေးမှာ ဘယ်သူက ဘာတွေပြောပြော အားလုံးက ခေါင်းညိတ်ပြီးသားပဲ။
ဒီအလေ့အကျင့်ဟာ ဆယ်စုနှစ်ပေါင်းများစွာ အပိုးကျိုးလာတာ။ အပိုးကျိုးအောင် ပုံသွင်းသူကသွင်းတယ်။ ပုံအသွင်းခံသူကခံတယ်။ အအုပ်နဲ့အခံ ကာရန်ကို သင့်လို့။ ဒီလိုဗဟို ဦးစီးစနစ်နဲ့ အပိုးကျိုးနေတဲ့ ရေခံ၊ မြေခံမှာ ဒီမိုကရေစီမျိုးစေ့ ကြဲချခဲ့ပေမယ့် ဘယ်လိုမှ အပင်ရှင်သန် ထွားကြိုင်းဖွံ့ဖြိုးမလာဘူး။ အညှောင့်လေးထွက်ရုံနဲ့ ဒီနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းပြီရယ်လို့ ဆိုနိုင်ပြီလား။
၂၀၁၀ ဒီဘက်မှာ
၂ဝ၁ဝ ပြည့်နှစ်မှာ စစ်အာဏာရှင်လို့ သတ်မှတ်ခံထားရတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ နိုင်ငံရေးစင်မြင့်မှ အနားယူသွားတယ်။ ပြည်သူကရွေးတဲ့ (ကြိုတင်မဲတွေနဲ့) အစိုးရတစ်ရပ် ပေါ်လာတယ်။ အဲဒီအစိုးရမှာ စစ်ဗိုလ်ချုပ်ဘဝမှ အရပ်သားဘဝကို ကြိုတင်ပြောင်းလဲထားတဲ့ စစ်ဗိုလ်ချုပ်တွေက သမ္မတ၊ ဒုသမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအဖြစ် နေရာအသီးသီးမှာ အာဏာခွဲဝေ ယူလိုက်ကြတယ်။
ထိုထိုသော အကြီးအကဲများနဲ့ ဗဟိုဦးစီးစနစ်ရဲ့ ခေါက်ရိုးကျိုး ဝန်ထမ်းတွေဟာ ယခင်မူလအုပ်ချုပ် စီမံခန့်ခွဲတဲ့ ပုံစံအတိုင်း ဆက်လက်ကျင့်သုံးနေဆဲ။ ၂ဝ၁ဝ ပြည့်နှစ် ငါးနှစ်သက်တမ်းရဲ့ ပထမနှစ်မှာ ပြုပြင်ပြောင်းလဲမှုအချို့ လုပ်ပြတာကို ခဲမှန်ဖူးတဲ့ စာသူငယ်ပြည်သူတွေက စောင့်ကြည့်ခဲ့တယ်။ ၂ဝ၁၁၊ ၂ဝ၁၂ ခုနှစ်တွေမှာ ပြုပြင်ပြောင်းလဲမှုတွေဟာ နှေးကွေးလာပြီး ၂ဝ၁၃ ခုနှစ်မှစကာ ပြုပြင်ပြောင်းလဲမှုတွေ ရပ်တန့်သွားရုံသာမက ပြုပြင်ပြောင်းလဲမှုကို လိုလားသူတွေရဲ့ လှုပ်ရှားမှုကိုပါ ကန့်သတ်ချုပ်ချယ်လာတယ်။ ယခင်ဗဟိုဦးစီးစနစ်ကို ခိုင်မာအောင် လုပ်လာပြီး တစ်ဖက်ကလည်း ဒီမိုကရေစီ တွင်တွင်ကြီး အော်နေတယ်။
ဆန့်ကျင်ဘက်တို့ လားရာ
စင်စစ် ဒီမိုကရေစီနဲ့ ဗဟိုဦးစီးစနစ်ဆိုတာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းလို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်ဆိုတာ နိုင်ငံရေး လုပ်နေသူတွေ၊ နိုင်ငံ့အရေး လုပ်နေသူတွေ အသိပါ။ သိလို့လည်း ၂ဝ၁ဝ ပြည့်နှစ်မတိုင်မီက အာဏာရှင်များဟာ ဒီမိုကရေစီဆိုတဲ့ စကားလုံး အသုံးအနှုန်းကို ခါးခါးသီးသီး ငြင်းဆန်ခဲ့တယ်။ ဘာကြောင့်ငြင်းဆန်ခဲ့ သလဲဆိုတော့ အရှင်းကြီးပဲ။ ဗဟိုဦးစီးစနစ်ရဲ့အထွတ်အထိပ် အာဏာရှင်စနစ် ကျင့်သုံးနေချိန်ဖြစ်လို့ပါ။ ဗဟိုဦးစီးစနစ်ကို ကျင့်သုံးသူတွေဟာ ဒီမိုကရေစီကျင့်စဉ်ကို နည်းနည်းမျှ မနှစ်မြို့ကြဘူး။ ဒီမိုကရေစီရဲ့ လွတ်လပ်ခွင့်၊ တစ်ဦးချင်းအခွင့်အရေးကို မပေးချင်ဘူး။ ကန့်သတ်ချုပ်ချယ်ထားချင်တယ်။ အထက်က ချပေးတဲ့ အခွင့်အရေးပဲယူ။ အထက်ကချပေးတဲ့ အလုပ်ကိုပဲလုပ် အထက်ကို ပြန်စောဒကမတက်နဲ့။ အထက်က ချပေးတဲ့လူ၊ အလုပ်ကို ကြိုက်ကြိုက် မကြိုက်ကြိုက် ထောက်ခံ။ Up to Down အထက်မှအောက် အုပ်ချုပ်တဲ့ပုံစံလို ဗဟိုဦးစီးစနစ်(Centralization) ကို ကျင့်သုံးတယ်။ လက်ခံတယ်။
ဆိုတော့ ဒီမိုကရေစီနဲ့ တခြားစီ။ ဒီမိုကရေစီဆိုတာ လူတစ်ဦးချင်းစီအတွက် အခွင့်အရေးရှိတယ်။ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးကို ကာကွယ်ပေးတယ်။ စောင့်ရှောက်ပေးတယ်။ တစ်ဦးချင်းစီရဲ့ ဆန္ဒအလျောက် ပေါင်းစည်းမှုနဲ့ လုပ်ပိုင်ခွင့်အာဏာကို တည်ဆောက်တယ်။ အာဏာဟာ လူပုဂ္ဂိုလ်တစ်ဦးတည်းမှာ ပုံအပ်မထားဘူး။ တာရှည်လည်း စွဲကိုင်ခွင့်မရှိဘူး။ အာဏာကို ခွဲဝေကျင့်သုံးရတယ်။ အဓိကအားဖြင့် အာဏာသုံးရပ်ကို ခွဲခြားထားတယ်။ တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့တည်းမှာ မတည်ရှိရဘူး။ ဒီအာဏာသုံးရပ်ဟာ တစ်ခုကိုတစ်ခု သီးသီးသန့်သန့် ရှိရသလို အပြန်အလှန် ထိန်းညှိဖို့လည်း ဒီမိုကရေစီစနစ်အရ ကျင့်သုံးရတယ်။
ဒီမိုကရေစီစနစ်က ပြည်သူကို ချပြခြင်း၊ အသိပေးခြင်း၊ ပါဝင်ဆောင်ရွက်ခွင့်ပြုခြင်း၊ အကြံဉာဏ် ပေးခွင့်ပြုခြင်း၊ ကန့်ကွက်ဆန္ဒပြခြင်း စတာတွေကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရတယ်။ ပုန်းလျှိုး ကွယ်လျှိုး တစ်ဦးတစ်ခုတည်းက ကျိတ်ကြံ၊ ကျိတ်အကောင်အထည် ဖော်လို့မရဘူး။ ပြည်သူမသိဘဲ ပြည်သူသဘောမတူဘဲ ဘာမှလုပ်လို့ မရဘူး။ နိုင်ငံတော်လုံခြုံရေးအရ ထိပ်တန်းလျှို့ဝှက်ချက်တွေကိုပင်လျှင် လတ်တလော လျှို့ဝှက်ထားလို့ ရနိုင်ပေမယ့် ကာလတစ်ခုရောက်ရင် ပြည်သူ့ထံ ပွင့်လင်းစွာ ချပြရတာဟာ ဒီမိုကရေစီရဲ့ သဘာဝပါ။
လက်တွေ့ကျင့်သုံးနေတာ ဘာစနစ်လဲ
၂ဝ၁ဝ ပြည့်နှစ်မှာ သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီး သူတို့ကိုယ်တိုင် ပြည်သူရွေးကောက်တဲ့ အစိုးရဖြစ်တယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေချိန်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆို လာကြတယ်။ ဒါပေမဲ့ အစိုးရကျင့်သုံးနေတာကို လေ့လာကြည့်တဲ့အခါ..။
ပြည်သူတွေ ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရေး လုပ်ငန်းရှင်များ ဖြစ်လာရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အကောင်အထည် ဖော်ပေးတဲ့အဖွဲ့အစည်းဟာ ဒီမိုကရေစီဆန်တဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းမဟုတ်ဘဲ ယခင်အစိုးရ အဆက်ဆက်က မအောင်မြင်ခဲ့တဲ့ သမဝါယမ ဝန်ကြီးဌာန ဖြစ်နေတယ်။ အခြားသောနိုင်ငံတွေမှာ သမဝါယမ အသင်းအဖွဲ့ဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ ဗဟိုမူဝါဒချမှတ် ချုပ်ကိုင်တဲ့ ဝန်ကြီးဌာနတစ်ခု ဖြစ်နေတယ်။
ဘက်စုံပို့ဆောင်ရေး ဥပဒေကို ပြဋ္ဌာန်းရာမှာလည်း ဝန်ကြီးဌာနမှ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ပို့ဆောင်ရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်ပေးအပ်ရမည်လို့ ထိုဥပဒေပုဒ်မ(၇) (က)မှာ ဖော်ပြထားတယ်။ ဒါဟာ ဗဟိုက အပြည့်အဝ ချုပ်ထားပြီး ဗဟိုဦးစီးစနစ်ကို အတိအလင်း ကျင့်သုံးနေတာပဲ ဖြစ်တယ်။
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဥပဒေမှာလည်း ဥက္ကဋ္ဌကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းသည်လို့ ဖော်ပြထားတာဟာလည်း ဗဟိုဦးစီးစနစ်ကိုပဲ ကျင့်သုံးနေတာ ထင်ရှားတယ်။
၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း လွှတ်တော်များ (၁၂) ကြိမ် ကျင်းပခဲ့ပြီး ဥပဒေများပြဋ္ဌာန်းခဲ့ရာ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတိုင်း လိုလိုမှာ ပြည်ထောင်စု အစိုးရအဖွဲ့မှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ပါဝင်ပတ်သက်နေတာ တွေ့နေရတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ဟာ အစိုးရဖြစ်လာကတည်းက လုပ်ပိုင်ခွင့်အာဏာဟာ အလိုအလျောက်ရရှိပြီး ဖြစ်တယ်။ ဒါနဲ့တင် အားရဟန်မတူဘူး။ လိုအပ်လို့ အဖွဲ့အစည်းတစ်ခုခု ဖွဲ့စည်းတိုင်း ပြည်ထောင်စုဝန်ကြီးကပဲ ဥက္ကဋ္ဌပြန်လုပ်ပြီး ဗဟိုချုပ်ကိုင်မှုကို ရယူထားတတ်ကြတဲ့ အလေ့အကျင့်ဟာ မပယ်ဖျက်နိုင်သေးဘူး။
ဒါတွေရေးပြနေတာဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်။ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု ဖြစ်ရမယ်ဆိုတဲ့ ကတိကဝတ်၊ အာမခံချက်တွေမှ မသွေဖည်စေချင်လို့ ရေးနေရတာပါ။ ဒီမိုကရေစီစနစ်ကို အမှန်တကယ် ကျင့်သုံးတော့မယ်လို့ မြန်မာပြည်သူပြည်သား၊ မိမိညီအစ်ကိုမောင်နှမ ဆွေမျိုးများ ရှေ့မှာရော ကမ္ဘာကိုပါ အတိအလင်း ကြေညာထားတဲ့ သမ္မတကြီးနဲ့တကွ ၂ဝ၁ဝ ပြည့်နှစ် ပြည်ထောင်စုအစိုးရ အဖွဲ့ကိုပါ ဂုဏ်တက်စေချင်တယ်။ ကတိတည်စေချင်တယ်။
ဒီမိုကရေစီစနစ်ကို ကျင့်သုံးရမှာက ရှေ့အဆက်ဆက်အစိုးရများကိုပါ လက်ဆင့်ကမ်းပေးရမှာ။ လက်ရှိ အစိုးရသက်တမ်း တစ်ခုတည်း ကွက်ကွက်လေးကြည့်လို့ မရဘူး။ ဒီမိုကရေစီ အစိုးရဆိုတာ နေရာတကာ ပါနေရတာမျိုး မဟုတ်ဘူး။ ဒီမိုကရေစီကျင့်စဉ်အရ လွတ်လပ်စွာ လုပ်ဆောင်ခွင့်၊ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်ရှိရမယ်။ လွတ်လပ်တယ် ဆိုတာနဲ့ စည်းကမ်းပျက် ဗရမ်းဗတာလို့ မမြင်စေချင်ဘူး။ အခုပြောနေကြတဲ့ လွတ်လပ်မှုဆိုတာ ဗဟိုချုပ်ကိုင်မှု တင်းကျပ်လွန်းတာကို ဒီမိုကရေစီကျင့်စဉ်နဲ့အညီ လျော့ချစေချင်တဲ့ သဘောပြောနေတာသာ ဖြစ်တယ်။
ဗဟိုချုပ်ကိုင်မှု လျှော့ပေါ့ပေးလိုက်လို့ အဆင်ပြေနေတဲ့ လုပ်ငန်းတွေ တွေ့နေရတယ်။ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာန၊ ပင်စင်လစာ ထုတ်ပေးရေး အစီအစဉ်တွေမှာ ပြည်သူလည်း စိတ်ချမ်းသာသလို ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း တာဝန်တွေလျော့ပါးပြီး လုပ်ကိုင်ဆောင်ရွက် နိုင်ခဲ့တယ်။ အစိုးရက ဒီလိုလုပ်ပေးလို့ အစိုးရဂုဏ်သိက္ခာ ကျစရာမရှိဘဲ အစိုးရကို ကျေးဇူးတင်နေကြတယ်။
ဒါကြောင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးတော့မယ်လို့ ဆုံးဖြတ်ထားရင် မလွဲမသွေ ဗဟိုဦးစီးစနစ်ကို ဆက်လက်ဖက်တွယ်ထားလို့ မရတော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်သင့်ပြီး ဝန်ထမ်းလောကမှ ဗဟိုဦးစီးကျင့်သုံးမှုကို အမြန်ဆုံး လျှော့ချသင့်ပါပြီ။ ထိုမှ ပြည်သူတွေရဲ့ ဘဝထဲအထိ ကျင့်ဝတ်ရှိတဲ့ လွတ်လပ်မှုကို ပျိုးထောင်ပေးရင်း ဒီမိုကရေဒီကျင့်စဉ်ကို ဖော်ဆောင်ကြပါစို့။