အနောက်အုပ်စုနှင့် လက်ဝါးချင်းရိုက်မည့် ရွေးကောက်ပွဲလား

အနောက်အုပ်စုနှင့် လက်ဝါးချင်းရိုက်မည့် ရွေးကောက်ပွဲလား
Published 9 March 2015
ဒေါက်တာရန်မျိုးသိမ်း

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၏ ပထမခြေလှမ်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ရွေးကောက်ပွဲ၏ လွတ်လပ်၍ တရားမျှတမှုသည် အပြောင်းအလဲ၏ စံချိန်စံညွှန်းနှင့် ဆက်စပ်နေသည်။ ရွေးကောက်ပွဲ၏ ကိုယ်ခံအားသည် အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စုတို့အပေါ် လုံးလုံးတည်မှီနေသည်။ လက်ဝါးချင်းရိုက်ထားသော ရွေးကောက်ပွဲ ဖြစ်လာမည်ဆိုလျှင် ၂၀၁၅ ခုနှစ်အလွန် မြန်မာ့နိုင်ငံရေးသည် ပို၍ပို၍ ရှုပ်ထွေးလာဦးမည်ဖြစ်သည်။ဒိန်းမတ်နိုင်ငံ၊ ဥရောပသမဂ္ဂ၊ နော်ဝေးနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့၏ မြန်မာနိုင်ငံအခြေစိုက် သံရုံးများသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုပါကြောင်းနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကူညီထောက်ပံ့မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက်ကို ၂၀၁၅ ခုနှစ် မတ် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ကြိုဆိုသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသော အစိုးရများ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများအထိ တာသွားနိုင်သော်လည်း အဆိုပါ ပြုပြင်ပြောင်းလဲမှုများသည် ပြည်သူလူထု အများစုထံ လုံးဝမရောက်ရှိသေးသည်မှာ သိသာမြင်သာသည်။မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် အထွေထွေရွေးကောက်ပွဲသည် အရေးကြီးသည့်နည်းတူ လက်ငင်းနိုင်ငံရေး ပြဿနာ များကိုလည်း မျက်ခြည်မပြတ်ရန် လိုအပ်သည်။ နိုင်ငံရေးပါတီများ အနေဖြင့် လက်ငင်းပြဿနာများ၊ လက်ငင်းစိန်ခေါ်မှုများကို ချဉ်းကပ်ဖြေရှင်းနိုင်မည့် ရေတို၊ ရေရှည် စီမံချက်များ၊ ဗျူဟာများနှင့်အတူ လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို ဖြတ်သန်းနိုင်မှသာ ရွေးကောက်ပွဲအလွန် အခင်းအကျင်းသည် အားကောင်းမောင်းသန်မည် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စုဝင် နိုင်ငံများသည် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ မြေယာပြဿနာ၊  အမျိုးသားပညာရေးဥပဒေ အကျပ်အတည်းတို့ကို ဝတ်ကျေတမ်းကျေ တုံ့ပြန်ပြီး လာမည့်ရွေးကောက်ပွဲများကို မဲကြီးမဲကြီး ရှေးရှုနေမည်ဆိုလျှင် ကြောင်းကျိုးဆီလျော်မှု ယုတ်လျော့လွန်းမည်ဖြစ်သည်။အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီပညာရေး ခြေလျင်သပိတ်စစ်ကြောင်း၊ သပိတ်စစ်ကြောင်းကို ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့တားဆီးထားမှု၊ ရန်ကုန်မြို့ လွတ်လပ်ရေးကျောက်တိုင်ရှေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော သပိတ်မှောက်ကျောင်းသားများအား စွမ်းအားရှင်များ အသုံးပြုလျက် အကြမ်းဖက်ဖြိုခွဲမှု၊ လက်ပံတန်းမြို့၊ ဈေးရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သော သပိတ်မှောက်ကျောင်းသားများအား အကြမ်းဖက်ဖမ်းဆီးမှုတို့နှင့် ပတ်သက်၍ ဒိန်းမတ်နိုင်ငံ၊ ဥရောပသမဂ္ဂ၊ နော်ဝေးနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်အုပ်စု အသိုင်းအဝိုင်းသည် တုဏိဘာဝေမူဝါဒနှင့် လုပ်ဟန်ကို လက်ကိုင်ပြု ရင်ဆိုင်လျက်ရှိသည်ဟု သုံးသပ်နိုင်သည်။ဥရောပသမဂ္ဂ၊ အနောက်အုပ်စုဝင်နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့သည် လက်ရှိအစိုးရ၊ အာဏာရပါတီတို့နှင့် ပြေလည်ရေး၊ အဆင်ပြေရေးဘက်ကို လုံးလုံးလျားလျား လှည်းဘီးကျွံနေပြီလားဟုပင် သံသယဖြစ်မိသည်။ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးသည် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်အုပ်စုဝင် နိုင်ငံများ၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးဆိုင်ရာ မဟာဗျူဟာ အကျိုးစီးပွားများနှင့် မည်မျှပင် ဆက်စပ်စေကာမူ လက်ငင်းနိုင်ငံရေးပြဿနာများကို မျက်ကွယ်ပြုရသည်အထိ လိုအပ်မည် မဟုတ်ပေ။ အမေရိကန်နှင့် အနောက်နိုင်ငံများ အနေဖြင့် အစိုးရ၊ လွှတ်တော်၊ အာဏာရပါတီတို့နှင့် နိုင်ငံရေးပလူးပလဲလုပ်ပြီး အောက်ခြေမြန်မာပြည်သူလူထု အများစု၏ ဘဝများ၊ လိုအပ်ချက်များကို ပညာသားပါပါ မျက်ကွယ်ပြုလာမည်ဆိုလျှင်၊ ပြည်သူလူထုချင်း ဆက်ဆံရေးကို မည်ကာမတ္တသာထားပြီး အစိုးရချင်း ဆက်ဆံရေးကို အရှိန်အဟုန်မြှင့် ဖော်ဆောင်လာမည်ဆိုလျှင် အမေရိကန်နှင့် အနောက်အုပ်စု ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများသည် မြန်မာနိုင်ငံ၏ လမ်းမများပေါ် ရောက်ရှိလာသည်အထိ အကျိုးဆက်ဖြစ်လာနိုင်ခြေရှိသည်ကို ဆင်ခြင်သုံးသပ်ရန် လိုအပ်မည်ဖြစ်သည်။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် အရေးပါသော မှတ်ကျောက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ကမ္ဘာ့အလယ်တွင် ထပ်မံအတည်ပြုနိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များအနေဖြင့် ဒိန်းမတ်နိုင်ငံ၊ ဥရောပသမဂ္ဂ၊ နော်ဝေးနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့သည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ကူညီထောက်ပံ့ပေးလျက် ရှိသည်ဟုလည်း သံရုံးများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ရမည့် မြန်မာအစိုးရ၏ တာဝန်ရှိမှုပင် ဖြစ်သည်ဟု လည်းကောင်း၊ ရွေးကောက်ပွဲအောင်မြင်မှုကို ရွေးကောက်ပွဲ လုပ်ငန်းစဉ်၏ မျှတပွင့်လင်းမြင်သာမှုနှင့် မြန်မာပြည်သူလူထု၏ ဆန္ဒကို ထင်ဟပ်သော ရလဒ်တို့အပေါ် အခြေခံ တိုင်းတာရမည်ဖြစ်သည်ဟု လည်းကောင်း၊ လွတ်လပ်ပွင့်လင်း၊ သန့်ရှင်းတရားမျှတ၊ အားလုံးပါဝင်သော ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ရန် ရွေးကောက်ပွဲကြို၊ ရွေးကောက်ပွဲတွင်းနှင့် ရွေးကောက်ပွဲလွန် ကာလသုံးပါး၌ သက်ဆိုင်သူများအားလုံး၏ ရေရှည်အမြင်နှင့် ပူးပေါင်းဆောင်ရွက်မှုသည် ပဓာနကျမည်ဖြစ်သည်ဟု လည်းကောင်း သံရုံးများ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် အရေးပါသော်လည်း ထိရောက်ကျယ်ပြန့်သော ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရေရှည်အမြင်ရှိသော ငြိမ်းချမ်းရေးတို့နှင့် ကင်းလွတ်သောရွေးကောက်ပွဲသည် နိုင်ငံရေးအပြောင်းအလဲကို မောင်းနှင်နိုင်ခြေ နည်းပါးမည်ဟု သုံးသပ်နိုင်သည်။ လွတ်လပ်ပွင့်လင်း၊ သန့်ရှင်းတရားမျှတ၊ အားလုံးပါဝင်သော ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ရွေးကောက်ပွဲကာလ သုံးပါးတွင် လက်တွေ့ကျကျ ဖော်ဆောင်နိုင်ရေးသည် ရွေးကောက်ပွဲကော်မရှင်များနှင့်လည်း များစွာဆက်စပ်နေသည်။ အဆိုပါ နိုင်ငံများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာ ကော်မရှင်အဆင့်ဆင့်တို့နှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ မတို့မထိ၊ အလုံးစုံပူးပေါင်း ဆောင်ရွက်ရေးကိုသာ ရှေးရှုမည်ဆိုလျှင် ပြည်သူလူထုကို အကျိုးပြုဖို့ထက် တန်ပြန်အဆိုးသက်ရောက်နိုင်ခြေများ ရှိနိုင်သည်ကိုလည်း ဆင်ခြင်သုံးသပ်နိုင်ရန် ပဓာနကျသည်။ဒိန်းမတ်နိုင်ငံ၊ ဥရောပသမဂ္ဂ၊ နော်ဝေးနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့ အနေဖြင့် အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်တန်းခေါင်းဆောင်ဟောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော၊ တပ်မတော်အရာရှိ အငြိမ်းစားများ လွှမ်းမိုးချုပ်ကိုင်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဆင့်ဆင့်၏ ပကတိအနေအထားကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်သည်။ အဆိုပါနိုင်ငံများ အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်အဆင့်ဆင့်တွင် အာဏာရပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ဟောင်းများ၊ တပ်မတော်အရာရှိ အငြိမ်းစားများကို ဖယ်ထုတ်ပြီး အများကြည်ညိုလေးစားသော ပုဂ္ဂိုလ်စစ်စစ်များနှင့် ပြင်ဆင်ဖွဲ့စည်းနိုင်ရေးကို ထိထိရောက်ရောက် တရားဝင် ဆော်သြသင့်သည်။
လွတ်လပ်ပွင့်လင်း၊ သန့်ရှင်းတရားမျှတ၊ အားလုံးပါဝင်သော ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ရွေးကောက်ပွဲကာလ သုံးပါးတွင် လက်တွေ့ကျကျ ဖော်ဆောင်နိုင်ရေးသည် ရွေးကောက်ပွဲကော်မရှင်များနှင့်လည်း များစွာဆက်စပ်နေ . . . .

နိုင်ငံတကာစံနှုန်းများ မြှင့်တင်ရေး၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်ရေး၊ ဒီမိုကရက်တစ်နိုင်ငံရေး ပြိုင်ဆိုင်မှုကို မြှင့်တင်ပေးနိုင်မည့် ရွေးကောက်ပွဲတွင် ပါဝင်မည့် အဖွဲ့အစည်းများ၏ လုပ်ရည်ကိုင်ရည် မြှင့်တင်ရေး၊ မဲဆန္ဒရှင်များ အသိပညာပေးခြင်းနှင့် ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ခြင်းတို့ကို မြှင့်တင်နိုင်ရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာ အဖွဲ့အစည်းများအား အထောက်အပံ့ပေးရေးတို့တွင် ဒိန်းမတ်နိုင်ငံ၊ ဥရောပသမဂ္ဂ၊ နော်ဝေးနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့ အနေဖြင့် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင် ရန်ကုန်မြို့ရှိ မဲရုံတစ်ရုံတွင် မီဒီယာသမားများ သတင်းရယူနေစဉ် (ဓာတ်ပုံ - သန်းဇော်ထွန်း)
ရွေးကောက်ပွဲများ ကျင်းပရန် လပိုင်းသာ လိုတော့သည့် အချိန်တွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကူညီထောက်ပံ့မှုများ ပုံအောဝင်ရောက်လာနိုင်ခြေနှင့်အတူ စိန်ခေါ်မှုများစွာကိုလည်း သတိပြုမိသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အပါအဝင် ကော်မရှင်အဆင့်ဆင့်၏ ဖွဲ့စည်းမှုများသည် အများကြည်ညို လေးစားသော၊ ကြားနေသော၊ ဘက်မလိုက်သော အနေအထားဘက်တွင် မားမားမတ်မတ် ရပ်တည်နေသည်ဟု ကောက်ချက်ပြုရန် ဖြစ်နိုင်ခြေ နည်းပါးလျက် ရှိသည်။ ပြည်တွင်း မဲဆန္ဒပေးသူ စာရင်းပြုစုခြင်းတွင်လည်း စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။ ပြည်ပရောက် သန်းနှင့်ချီသည့် မြန်မာများ၊ အထူးသဖြင့် ပြည်ပရောက် တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ မဲပေးပိုင်ခွင့်နှင့် ပတ်သက်၍ ေ၀ဝါးနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ ရွှေ့ပြောင်းအလုပ်လုပ်နေကြသည့် ပြည်တွင်းရွှေ့ပြောင်း အလုပ်သမားများ၏ ဆန္ဒမဲပေးပိုင်ခွင့်သည်လည်း မရေရာ မသေချာဆဲ ဖြစ်သည်။ မဲပေးပိုင်ခွင့်ရှိသော ပြည်တွင်းရွှေ့ပြောင်း အလုပ်သမား သန်းချီနေထိုင် အလုပ်လုပ်ကိုင်နေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မဲဆန္ဒရှင်များ၏ မဲပေးပိုင်ခွင့်သည် ကွက်လပ်ဖြစ်နေဆဲဟု သုံးသပ်နိုင်သည်။ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးဘက်ကို ကြည့်မည်ဆိုလျှင် အားရကျေနပ်ဖွယ် နည်းပါးနေဆဲ ဖြစ်သည်။ ပြည်တွင်းစောင့်ကြည့်လေ့လာရေး အဖွဲ့များ၏ တစ်နိုင်ငံလုံး သို့မဟုတ် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖြန့်ကြက်စောင့်ကြည့်နိုင်ခြေသည် အားနည်းနေဆဲဖြစ်သည်။ အတွေ့အကြုံမြင့်မားသော နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များကို လာရောက်ခွင့်ပြုရေးမှာလည်း ကြန့်ကြာနေဆဲဖြစ်သည်။ မြို့ပြများသာမက ကျေးလက်ဒေသများအထိ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန်ရက်များကို ဖြန့်ကြက်နိုင်မှသာ ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ကို ရွေးကောက်ပွဲမှတစ်ဆင့် ဖော်ဆောင်နိုင်မည်ဖြစ်သည်။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍကို အရှိန်အဟုန် မြှင့်တင်ပေးရန် လိုအပ်နေဆဲဖြစ်သည်။ လွတ်လပ်တရားမျှတ ကြားနေသော အရပ်ဘက်လူ မှုအဖွဲ့အစည်းများ၊ အထူးသဖြင့် မြို့ရွာအခြေပြု လူမှုရေးအဖွဲ့အစည်းများကို အခြေပြုလျက်၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး ကွန်ရက်တစ်ခုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တည်ဆောက်နိုင်ရေး စဉ်းစားသုံးသပ်သင့်သည်။ ရွေးကောက်ပွဲ ကာလသုံးပါးတစ်လျှောက် သတင်းမီဒီယာများ၏ အခန်းကဏ္ဍ မြှင့်တင်နိုင်ရေးကိုလည်း အလေးအနက်ထား ဖော်ဆောင်ရမည်ဖြစ်သည်။ဒိန်းမတ်နိုင်ငံ၊ ဥရောပသမဂ္ဂ၊ နော်ဝေးနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့သည် လက်ရှိအစိုးရ၊ အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့နှင့် လက်ဝါးချင်းရိုက်လျက် လာမည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာစံနှုန်းများနှင့်အညီ လွတ်လပ်တရားမျှတမှုနှင့် စောင့်ကြည့်လေ့လာမှု အမြင့်ဆုံးဖော်ဆောင်ထားသည့်အသွင် နိုင်ငံရေးဗီလိန်ဇာတ်ခင်းမည်ကို စိုးရိမ်မိသည်။ တစ်ခါတုန်းက နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာပြည်သူလူထုအတွက် ဇာတ်လိုက်ကောင်း ဖြစ်ခဲ့သော်လည်း လက်ငင်းနိုင်ငံရေး အကျပ်အတည်းများတွင် ဗီလိန်ဆန်ဆန်၊ ကိုယ့်လူသူ့ဘက်သားဆန်ဆန် ပြုမူလာသည်များကို မြင်တွေ့သိရှိလာရသောအခါ ပို၍ပို၍ စိုးရိမ်မကင်း ဖြစ်မိသည်။အချုပ်အားဖြင့်ဆိုသော် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ အပါအဝင် အနောက်အုပ်စု၏ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအပေါ် လွှမ်းခြုံကောက်ချက်ပြုမှုသည် ပြည်သူလူထု အများစုဘက်တွင် အလေးသာရန် မဖြစ်မနေ လိုအပ်ဆဲဖြစ်သည်။ အနောက်အုပ်စုဝင် နိုင်ငံများအနေဖြင့် အစိုးရ၊ အာဏာရပါတီတို့နှင့် ပလူးပလဲ၊ အလူးအလဲ ဆက်ဆံနေမှုများကို ကိုယ်ရှိန်သတ် ပြန်လည်ဆန်းစစ်ရမည့်အပြင် အောက်ခြေ မြန်မာပြည်သူလူထု၏ အသံကို နားထောင်နိုင်ရန် အရေးကြီးသည်။ ဆိုက်ကားနင်းပြရုံ၊ ဘတ်စ်ကားစီးပြရုံ၊ ကူးတို့သင်္ဘောနှင့် ရန်ကုန်မြစ်ဖြတ်ပြရုံ သက်သက်ဖြင့် အောက်ခြေပြည်သူလူထုထံ မရောက်ရှိနိုင်ပေ။ လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်အုပ်စုဝင် နိုင်ငံများနှင့် လက်ဝါးချင်းရိုက်၊ မဟာဗျူ ဟာမြောက် အကွက်ဆင်၊ ကမ္ဘာပေါ်တွင် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို အုပ်စိုးသူများဘက်မှ ရပ်တည်၊ အရောင်တင်ပေးမည့်ခြေလှမ်းများ မဖြစ်ရန် လိုအပ်ပါကြောင်း မီးမောင်းထိုး တိုက်တွန်းလိုက်ရပါသည်။

Most Read

Most Recent