ကမ်းမမြင်ရသေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး

ကမ်းမမြင်ရသေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး
Published 8 March 2015
နေထွန်းနိုင်

(၁)
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒခံယူပွဲကို မေမှာ ပြုလုပ်မယ်ဆိုတဲ့ သတ်မှတ်ချိန် (Timing) ကို လွှတ်တော်က ပေးထားပါတယ်။ 
၂ဝ၁၄ ခုနှစ် နိုဝင်ဘာမှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို လွှတ်တော်မှာ ဆွေးနွေးခဲ့ကြတယ်။ ဖေဖော်ဝါရီလဆန်းပိုင်းမှာ အတည်ပြုခဲ့ပါတယ်။
ဆန္ဒခံယူပွဲ ဥပဒေအရ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်မယ့်ရက်ကို အနည်းဆုံး ရက် ၃ဝ ကြိုတင် ကြေညာရပါမယ်။ မေမှာ လုပ်မယ်ဆိုရင် ဧပြီမှာ ကြေညာဖို့ ဖြစ်ပါတယ်။ ဆန္ဒခံယူပွဲမလုပ်ခင် ဒေသအလိုက် မဲပေးခွင့်ရှိသူ စာရင်းကို ၁၅ ရက် ကြိုတင်ကြေညာရမှာ ဖြစ်ပါတယ်။
ဒါဟာလည်း မေမှာလုပ်မယ်ဆိုရင် ဧပြီလထဲမှာ ကြေညာရမယ့် သဘောပါပဲ။ ဒါပေမဲ့ ဒီလိုလုပ်မယ့် အရိပ်အခြေကို အခုချိန်ထိ မတွေ့ရသေးပါဘူး။ 
ဆန္ဒခံယူပွဲမလုပ်ခင် လုပ်ကိုင်ရမယ့် အချက်နှစ်ချက် ရှိပါတယ်။ ပထမအချက်က ဆန္ဒခံယူပွဲ ဥပဒေအတည်ပြုရေး ဖြစ်ပါတယ်။ ဒုတိယအချက်က ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ချက် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းရေးဖြစ်ပါတယ်။ 
မတ်လ ဒုတိယပတ်ရောက်လာပြီ ဖြစ်ပေမယ့် အဓိက လုပ်ရမယ့် အချက်နှစ်ချက်စလုံး ပြီးပြည့်စုံမှု မရှိသေးပါဘူး။
ဒါဟာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို သတ်မှတ်ချိန်အတွင်း ဖြစ်အောင် လုပ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းဖြစ်စေပါတယ်။
၂ဝ၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို “လုပ်မယ်” လို့ ပြောခဲ့ပေမဲ့ သတ်မှတ်ချိန် ရောက်ခါနီးမှ  “မလုပ်တော့ဘူး” ပြောပြီး ပယ်ဖျက်ခဲ့ပါတယ်။
ဒီအတွက်၂ဝဝ၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ အချိန်အတွင်း လွတ်လပ်မျှတ သန့်ရှင်းစွာ လုပ်မလားဆိုတဲ့ သံသယတွေ ဖြစ်ခဲ့ပါတယ်။
နိုင်ငံတကာ အစီရင်ခံစာတွေမှာ ဒီအချက်ကို သက်သေထားပြီး သူ့တို့သံသယတွေကို ပြောခဲ့ကြပါတယ်။ အခုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒခံယူပွဲကို မကြာခင် လုပ်ရပါတော့မယ်။ 
မေလ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဟာ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအကြို မှတ်ကျောက်တင်ခံဖို့ ဖြစ်လာပါတယ်။ ဒါကိုရွှေ့ဆိုင်းမယ်၊ ပယ်ဖျက်မယ်ဆိုရင် နိုဝင်ဘာမှာလုပ်မယ့် ရွေးကောက်ပွဲက ဘာအာမခံချက်မှ မရှိသလို ဖြစ်သွားပါလိမ့်မယ်။
(၂)
လူထုဆန္ဒခံယူပွဲလုပ်ဖို့ အဓိကကျတဲ့ အချက်နှစ်ချက်ထဲက ပထအချက်ပြီးပြတ်ခြင်း မရှိသေးပါဘူး။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ ပြင်ဆင်တဲ့ ဥပဒေကို လွှတ်တော်မှာ အတည်မပြုရသေးတဲ့ အချက်ဖြစ်ပါတယ်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်မှာ သမ္မတဦးသိန်းစိန်က လက်မှတ်ထိုး ထုတ်ပြန်ပါတယ်။
ဥပဒေအပိုဒ် ၁၁ (က) နဲ့ ပတ်သက်ပြီး အငြင်းပွားမှု ဖြစ်နေတာကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးရဲ့ အဆုံးအဖြတ်ကိုရယူဖို့ ကျန်နေပါတယ်။
ဝှိုက်ကတ်ကိုင်ဆောင် ထားသူတွေကို မဲပေးခွင့်ပြုထားတဲ့ အချက်ပါ။
“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပသည့် နေ့ရက်တွင် အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများသည်  ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်” လို့ ဥပဒေပုဒ်မ ၁၁ (က) မှာ ဖွင့်ဆိုပါတယ်။
နိုင်ငံသား မဖြစ်သေးဘဲ ဝှိုက်ကတ်ကိုင်သူများကို နိုင်ငံသားတစ်ဦးရဲ့ အမြင့်ဆုံး အခွင့်အရေး မဲပေးခွင့်ပေးခဲ့တာ ဖြစ်သလို၂ဝဝ၈ ခုနှစ်  ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တွေနဲ့ ဆန့်ကျင်ခဲ့ပါတယ်။
ဒါကို ဖြေရှင်းနိုင်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က ဝှိုက်ကတ်တွေရဲ့ သက်တမ်းကို ကန့်သတ်ခဲ့ပါတယ်။ မတ်လကုန်မှာ ဝှိုက်ကတ်တွေရဲ့သက်တမ်း ကုန်ဆုံးပါမယ်။ ဆန္ဒခံယူပွဲမှာ သူတို့မဲပေးခွင့် မရှိတော့ပါဘူး။
ဒါပေမဲ့ ဥပဒေမှာ အသက်ဝင်နေဆဲဖြစ်တဲ့ အချက်ကို တရားဝင် ပယ်ဖျက်ရပါဦးမယ်။
ဥပဒေ ပုဒ်မ ၁၁ (က) အငြင်းပွားမှုကို အဆုံးအဖြတ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးကို တင်ပြထားပါတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက် ရောက်မလာသေးပါဘူး။
ခုံရုံးရဲ့ ဆုံးဖြတ်ချက်ရရှိပြီးမှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒဒေ ပြင်ဆင်ချက် ဥပဒေကြမ်းကို လွှတ်တော်တင်ရမှာ ဖြစ်ပါတယ်။ ပြီးမှ အတည်ပြုရမှာပါ။
ဒါဟာ ဆန္ဒခံယူပွဲလုပ်ဖို့ အဓိကကျတဲ့ အချက်နှစ်ချက်ထဲက ပထမအချက် ပြီးပြတ်ခြင်း မရှိသေးဘူးဆိုတာ ဖြစ်ပါတယ်။
(၃)
ဒုတိယအချက်က၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် တင်ရေးဖြစ်ပါတယ်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအခန်း ပုဒ်မ ၄၃၅ မှာ  “ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ရာခိုင်နှုန်း ၂ဝ က တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမည်” လို့ ဖော်ပြထားပါတယ်။ ပြင်မယ်ဆိုရင်လုပ်ရမယ့် ပထမဆုံး အဆင့်ပါ။
ပုဒ်မ ၄၃၆ (က) မှာ “ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂)ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆ဝ၊ အခန်း(၄) ပုဒ်မ ၇၄၊ ၁ဝ၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂ဝဝ၊  ၂ဝ၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆)ပုဒ်မ  ၂၉၃၊ ၂၉၄၊ ၃ဝ၅၊ ၃၁၄၊ ၃၂ဝ၊ အ ခန်း(၁၁) ပုဒ်မ ၄၁ဝ မှ ၄၃၂ ထိ၊  အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” လို့ ဖော်ပြပါတယ်။
ပြင်ဆင်ဖို့အတွက် ဒုတိယအဆင့်မှာ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူဖို့ဖြစ်ပါတယ်။ တတိယအဆင့်က ဆန္ဒခံယူပွဲလုပ်ပြီး ၅ဝ+၁ ဆန္ဒမဲနဲ့ ပြင်ဆင်ဖို့ ဖြစ်ပါတယ်။
လက်ရှိ ပြင်ဆင်လိုတဲ့ အခြေအနေ၊ ပြင်ဆင်လိုတဲ့ ပုဒ်မတွေဟာ လူထုဆန္ဒခံယူပွဲလုပ်ပြီးမှ ပြင်လို့ရမယ့် အချက်တွေ ဖြစ်ပါတယ်။          
ဒီအတွက် အဆင့်သုံးဆင့် ဖြတ်ကျော်ရပါမယ်။ ဆန္ဒခံယူပွဲက တတိယအဆင့် ဖြစ်ပါတယ်။ တတိယအဆင့် ရောက်ဖို့ အဆင့်နှစ်ဆင့်ကို အရင်ကျော်ဖြတ်ရပါမယ်။
တတိယဆင့်ကို မေလမှာ ပြုလုပ်မယ်ဆိုရင် ပထမဆင့်နဲ့ ဒုတိယဆင့်ကို မတ်လနဲ့ ဧပြီမှာ အပြီးဖြတ်ရပါမယ်။ ပထမဆင့်နဲ့ ဒုတိယဆင့်ကို လုပ်ဆောင်ဖို့ အခုချိန်ထိ အစပျိုးတာ မတွေ့ရသေးပါဘူး။
(၄)
အခုလုပ်နေတဲ့ လွှတ်တော်ပုံမှန် အစည်းအဝေးတွေက ဧပြီ ၁ဝ ရက်မှာ ပြီးမယ်လို့ ခန့်မှန်းထားပါတယ်။ ဧပြီ ၁၁ ရက်ကနေ ၂၁ ရက်က နှစ်သစ်ကူးရုံးပိတ်ရက်ရှည် ကာလဖြစ်ပါတယ်။ ဒီကာလ နောက်ပိုင်းမှာ ရုံးဖွင့်ရက် ခုနစ်ရက်ပဲ ရှိပါတယ်။ ဒီခုနစ်ရက်အတွင်း ပုံမှန်အတိုင်း နောက်တစ်ကြိမ် လွှတ်တော်အစည်းအဝေး ပြန်စနိုင်ဖို့ ခက်ပါတယ်။ အထူးအစည်းအဝေး ခေါ်ယူနိုင်ပေမယ့် မသေချာပါဘူး။
ဒီအတွက် မေလ ဆန္ဒခံယူပွဲ မတိုင်မီ လုပ်ရမှာတွေ ပြင်ဆင်ဖို့အတွက် ပျှမ်းမျှအချိန်၂၄ ရက် (ရုံး ပိတ်ရက်များ ထုတ်နုတ်ပြီး) ပဲ ရှိပါတယ်။
မေလဆန်းရောက်မှ ဆွေးနွေးမယ်ဆိုရင် ဆန္ဒခံယူပွဲဟာ ဇွန်လနောက်ပိုင်း ရောက်သွားနိုင်ပါမယ်။ နိုဝင်ဘာမှာ ရွေးကောက်ပွဲ လုပ်မှာဖြစ်လို့ ဇူလိုင်နောက်ပိုင်းဟာ အစိုးရအတွက် သာမကဘဲ နိုင်ငံရေးပါတီတိုင်း အလုပ်များမယ့်ကာလ ဖြစ်ပါတယ်။
ဒါကြောင့် အခုလုပ်နေတဲ့ လွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဘယ်လောက်လုပ်နိုင်မလဲ ဆိုတာ အရေးပါလာပါတယ်။
လွှတ်တော်ကိုယ်စားလှယ် တစ်ချို့ရဲ့ ပြောကြားချက်အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက ဘေးရောက်နေတယ်လို့ ဆိုပါတယ်။ တစ်ချို့က ရပ်ဆိုင်းနေတယ်လို့ ပြောပါတယ်။ ဒါဟာမေလ ဆန္ဒခံယူပွဲအတွက် မရေရာဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့အပြိုင် လွှတ်တော်မှာ အရေးတကြီး ဆွေးနွေးနေရတဲ့ အကြောင်းအရာ သုံးရပ်ရှိပါတယ်။ ပထမတစ်ခုက အစိုးရဘတ်ဂျက် ကိစ္စ၊ မတ်လကုန်မှာ အပြီးဖြတ်ရပါမယ်။ ဒုတိယအချက်က အမျိုးသားစီမံကိန်းဆိုင်ရာမူနဲ့ အခြေခံတွေဖြစ်ပါတယ်။ ဒါလည်း ဘတ်ဂျက်နဲ့အတူ မတ်လကုန် အပြီးလုပ်ရမှာပါ။
ကြားဖြတ်လုပ် နေရတာက အမျိုးသားပညာရေး ဥပဒေပြင်ဆင်ချက် ဥပဒေမူကြမ်း ကိစ္စဖြစ်ပါတယ်။ ဒီအတွက် ကြားနာမှုက မတ် ၅ ရက်ကနေ ၁၅ ရက်အထိ ဖြစ်ပါတယ်။ (အရပ်ခေါ်) မျိုးစောင့်ဥပဒေ လေးရပ်ကိစ္စကလည်း လွှတ်တော်ကို ဖိစီးထားပါတယ်။
(၅)
အမျိုးသားပညာရေး ဥပဒေပြင်ဆင်မှု ဥပဒေကြမ်းကို မတ် ၅ ရက်ကနေ ၁၅ ရက်အထိ ကြားနာမှာဖြစ်ပေမယ့် ဖြစ်နေတဲ့ အခြေအနေတွေအရ ပြီးပြတ်နိုင်ခြေ နည်းပါတယ်။
ကြားနာပွဲကို ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ကျောင်းသားကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) တို့ မတက်ကြပါဘူး။ သူတို့ကို ဖယ်ထားပြီး အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ချက်ဥပဒေကို အတည်ပြုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒီနေရာမှာ ကျောင်းသားတွေ နဲ့ NNER မတက်တာကို အပြစ်ပုံချလို့ မရပါဘူး။ သူတို့ မတက်ရတဲ့ အကြောင်းရင်းက ရှင်းပါတယ်။ လက်ပံတန်းမှာ အိမ်ပြန်ဖို့ ပြင်နေတဲ့ ပင်မကျောင်းသား သပိတ်စစ်ကြောင်း ပိတ်ဆို့ခံထားရတာ၊ ပင်မကျောင်းသား သပိတ်စစ်ကြောင်း ထောက်ခံသူတွေကို အကြမ်းဖက် နှိမ်နင်းဖြိုခွင်းတာ၊ ဖမ်းဆီး ပုဒ်မတပ်တာတွေက ရှုပ်ထွေးမှုတွေကို ပိုပြီးဦးတည်စေတာ ဖြစ်ပါတယ်။
တင်းမာမှု အရင်းခံတိုင်းက အစိုးရအပေါ် ယုံကြည်မှု ကင်းမဲ့လို့ ဖြစ်ခဲ့တာချည်းပါပဲ။ ယုံကြည်မှုကင်းမဲ့နေချိန်မှာ အင်အားသုံး ဖိနှိပ်တာတွေကြောင့် မယုံကြည်မှု ပိုတိုးလာပါတယ်။ ဒီအတွက် အင်အားသုံးဖိနှိပ်၊ ပုံဖျက်သူတွေမှာသာ တာဝန်ရှိပါတယ်။
ဒါပေမဲ့ အမျိုးသားပညာရေး ဥပဒေပြင်ဆင်မှုမှာတောင် ဒီလောက်ခက်ခဲနေရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက ပိုပြီးခက်ခဲဖို့ပဲ ရှိပါတယ်။
(၆)
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လွှတ်တော်မှာ စပြီး အသံပြုခဲ့တာက ၂ဝ၁၃ ခုနှစ် မတ်လ ဖြစ်ပါတယ်။
၂ဝ၁၃ ခုနှစ် မတ် ၂ဝ ရက်မှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က လွှတ်တော်မှာ အဆိုတင်ပါတယ်။
အဲဒီအဆို အတည်ဖြစ်ခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်မှာ ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ဝင် ၁ဝ၉ ဦး ပါဝင်ခဲ့ကြပါတယ်။
၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး အကောင်အထည်ဖော်မှု ကော်မတီကို အဖွဲ့ဝင် ၃၁ ဦးနဲ့ ဖွဲ့ပါတယ်။ ဒီအဖွဲ့ရဲ့ အစီရင်ခံစာကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်မှာ လွှတ်တော်ကို တင်သွင်းပါတယ်။
သူတို့ရဲ့ နောက်ဆုံးအစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မပေါင်း ၄၅၇ ခု၊ ဇယား ၅ ခု ရှိတဲ့အနက် ပုဒ်မ ၂၁ဝ၊ ဇယား ၅  ခုက အပိုဒ် ၂၃ ခုကို ပြင်ဆင်ဖို့ ဖော်ပြခဲ့ပါတယ်။
အကောင်အထည်ဖော်ရေး ကော်မတီရဲ့ နောက်ဆုံးအစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ၁၄၁ ဦး ဆွေးနွေးကြပါတယ်။ ဒီဆွေးနွေးချက်တွေကို အခြေခံပြီး ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို အခုလက်ရှိလုပ်နေတဲ့ လွှတ်တော် အစည်းအဝေးမှာ တင်သွင်းဖို့ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။
လက်တွေ့မှာ တင်သွင်းနိုင်မှု မရှိသေးပါဘူး။
(၇)
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်အချိန်ပြင်နိုင်မလဲဆိုတဲ့ မေးခွန်းကို လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင် အတိအကျ ဘာမှမပြောနိုင်ပါဘူး။
အခုချိန်ထိတော့ ပြင်ဆင်ရေးဘက် ခြေလှမ်းလှည့်တာ မတွေ့ရသေးဘူးလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက သတ်မှတ်ချက်တွေအတိုင်း အသေးစိတ်ပြင်မယ်ဆိုရင် ဒီနှစ်ထဲပြီးဖို့တောင် မလွယ်ဘူးလို့ ထင်ကြေးပေးခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြင်ဆင်ဖို့အတွက် ဒုတိယအဆင့်အထိ ပြီးသွားပြီ၊ တတိယဆင့်အတွက် လုပ်နေပြီလို့ ဆိုပါတယ်။ ဥပဒေကြမ်းအတွက် ပြီးစီးမှု ရာခိုင်နှုန်းကို အတိအကျ မပြောနိုင်သေးဘူးလို့ သူကပြောထားပါတယ်။
ပုဒ်မ ၄၃၅ ပြဋ္ဌာန်းချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်းတင်ပြဖို့ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်ရဲ့ ပြောကြားချက်တွေ အရလည်း လွှတ်တော်ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်းရဲ့ ထောက်ခံချက်ကို စုဆောင်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ဦးခင်မောင်ရီပြောတဲ့ တတိယဆင့်အတွက် လုပ်နေပြီဆိုတဲ့ အချက်ပါ။
ပုဒ်မ ၄၃၅ ပြဋ္ဌာန်းချက်အတိုင်း လွှတ်တော်ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်းကို စုဆောင်းပြီဆိုပေမယ့် သူတို့က ဘယ်အချိန်မှာ ပြင်ဆင်ချက် ဥပဒေကြမ်း တင်သွင်းမလဲဆိုတာ မသိရသေးပါဘူး။
ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို ပြည်ခိုင်ဖြိုးပါတီက တရားဝင် တင်သွင်းခဲ့တယ်၊ လေ့လာသုံးသပ် အကောင်အထည်ဖော်ရေး အဖွဲ့တွေမှာလည်း ပြည်ခိုင်ဖြိုးက ပါဝင်ဆွေးနွေးခဲ့တယ်၊ ဥပဒေကြမ်း တင်သွင်းသူ ၂ဝ ရာခိုင်နှုန်းကလည်း ပြည်ခိုင်ဖြိုးပဲ ဖြစ်နေတာကြောင့် ဘယ်လောက် မြန်မြန်ဆန်ဆန် လုပ်မလဲဆိုတာလည်း ပြည်ခိုင်ဖြိုးပေါ်မှာပဲ မူတည်သလို ဖြစ်နေပါတယ်။
(၈)
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမှာ အခြေခံကျပြီး အရေးပါဆုံးအချက်ဖြစ်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ပြည်ခိုင်ဖြိုးရဲ့ သဘောထားက ပြတ်သားမှုမရှိပါဘူး။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက မပြင်ဆင်လိုကြောင်း ပြောထားပါတယ်။
ပုဒ်မ ၅၉ (စ) အတွက် တပ်မတော်က သဘောထားမှတ်ချက် ပေးမထားပါဘူး။ ပြည်ခိုင်ဖြိုးက ချင့်ချိန်စဉ်းစားဖို့ အကြံပြုထားပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ပယ်ဖျက်ဖို့ ယတိပြတ်ပြောထားပေမယ့်  ပြည်ခိုင်ဖြိုးရဲ့ အကြံပြုချက်က ယတိပြတ် ပြောထားတာမျိုး မဟုတ်ပါဘူး။
ဒါကိုကြည့်ခြင်းအားဖြင့် ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး ခရီးရောက်ဖို့ ခက်ခဲမှုများစွာ ရှိပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီရဲ့ အစီရင်ခံစာမှာ ပုဒ်မ ၂ဝ၁ ခုကို ပြင်ဆင်သင့်တယ်လို့ ဆိုပါတယ်။ အဲဒီပုဒ်မတစ်ခုချင်းစီမှာ သဘောထားအမျိုးမျိုး ရှိနေကြပါတယ်။
ဥပမာအားဖြင့် ပုဒ်မ ၅၉(စ) ပြင်ဆင်ဖို့အတွက် မတူညီတဲ့ သဘောထားရှစ်ခု ရှိပါတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက် မတူညီတဲ့ သဘောထား ရှစ်ခုရှိပါတယ်။ ဒီလိုပဲပုဒ်မတိုင်းမှာ မတူညီတဲ့ သဘောထားများစွာ ရှိနေပါတယ်။
ပြင်ဆင်ချက် ဥပဒေကြမ်းကို ရေးဆွဲချိန်မှာ မတူညီတဲ့ သဘောထားတွေကို အကုန်ထည့်သွင်း မလား၊ ဘယ်လိုအချက်တွေကို ဘုံထုတ်ပြီး ထည့်သွင်းမလဲဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေက “မသိသေးဘူး” လို့ ပြောကြပါတယ်။
အကယ်၍ အကောင်အထည်ဖော်မှု ကော်မတီ အစီရင်ခံစာမှာ ပါဝင်တဲ့ အချက်တိုင်းကို ဥပဒေကြမ်းအဖြစ် ဖော်ပြပြီး ပုဒ်မ ၄၃၅ ပြဋ္ဌာန်းချက်အတိုင်း လွှတ်တော်ကို တင်သွင်းမယ်၊ ပြီးတဲ့အခါပုဒ်မ ၄၃၆ (က) ပါ ပြဋ္ဌာန်းချက်အတိုင်း ဆွေးနွေးအတည်ပြု ကြမယ်ဆိုရင် လာမယ့်အချိန် ၂၄ ရက် အတွင်း ပြီးစီးနိုင်ဖို့ မလွယ်ကူပါဘူး။ 
ပြင်ဆင်သင့်တယ်လို့ဆိုတဲ့ ပုဒ်မ ၂ဝ၁ ခု၊ ဇယား ၅ ခုက အပိုဒ် ၂၃ ခုကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုနဲ့ အတည်ပြုမယ်၊ ပြီးတဲ့နောက် ဆန္ဒခံယူပွဲ လုပ်မယ်ဆိုရင်လည်း ပုဒ်မ ၂ဝ၁ ခုလုံး ကို မဲပေးသူတွေ သိရှိထားမှသာလျှင် ဖြစ်နိုင်ပါလိမ့်မယ်။ ခက်ခဲပါမယ်။
ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ စဉ်းစားနေတဲ့ အချက်နှစ်ချက် ရှိပါတယ်။
ပထမအချက်က အရေးကြီး ပုဒ်မအချို့ကို ထုတ်နုတ်ပြီး ပြင်ဆင်မယ်ဆိုတဲ့ ထင်မြင်ချက် ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းမှာ အဲဒီသဘောထားရှိတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ ပြောပါတယ်။
ဒုတိယအချက်က ပုဒ်မ ၄၃၆ (ခ)မှာပါရှိတဲ့ ပြဋ္ဌာန်းချက်နဲ့ ဆန္ဒခံယူပွဲမလုပ်ဘဲ ပြင်ဆင်မလားဆိုတဲ့ ထင်မြင်ချက် ဖြစ်ပါတယ်။
ဒုတိယအချက်ကို ရွေးချယ်ကြမယ်ဆိုရင် တိုင်းရင်းသားတွေဘက်က ပြင်ဆင်လိုတဲ့ ဇယားပါအချက်တွေကို ပြင်နိုင်မယ်။ NLD အပါအဝင် ပြည်သူအများစု လိုလားနေတဲ့ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (စ)ပြင်ဆင်ဖို့က အလှမ်းဝေးသွားမှာ ဖြစ်ပါတယ်။
ပထမအချက်ကို ရွေးချယ်မယ်ဆိုရင် ပုဒ်မ ၂ဝ၁ ခုလုံး ပြင်ဆင်ဖို့ ခက်ခဲပါတယ်။ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(စ) အပါအဝင် အခြားအရေးကြီးတဲ့ အချက်အနည်းငယ်ကိုပဲ ပြင်ဖို့ဆိုရင်လည်း ဒါကို လက်မခံနိုင်သူတွေက ပြည်ခိုင်ဖြိုးပါတီထဲမှာတင် အများအပြား ရှိနေကြပါတယ်။
ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခုဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းပဲ ဖြစ်ပါတယ်။
ဒီအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ လေးပွင့်ဆိုင် ဒါမှမဟုတ် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့လိုတယ်၊ အဲဒီကတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆက်သွားနိုင်လိမ့်မယ်လို့ လွှတ်တော်အမတ်တစ်ချို့က ထင်ကြေးပေးပါတယ်။
ဒါပေမဲ့ အခုချိန်မှာ လေးပွင့်ဆိုင် ဖြစ်မလာသေးသလို ခြောက်ပွင့်ဆိုင်အတွက် လမ်းစမပေါ်သေးပါဘူး။ ဥပဒေလေ့လာသုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် တစ်ဦးကတော့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ကိုယ်တိုင်အခက် တွေ့နေတယ်လို့ ပြောပါတယ်။
သေချာတာက ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းဟာ အခုထိ မပြီးသေးပါဘူး။
(၉)
၂ဝ၁၅ ခုနှစ်အလွန် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြည်သူလူထုရော၊ နိုင်ငံတကာပါ စောင့်ကြည့်နေတဲ့ အချက်နှစ်ချက် ရှိပါတယ်။
ပထမအချက်က ရွေးကောက်ပွဲ မတိုင်ခင်မှာ အရေးကြီးတဲ့ ပုဒ်မတွေကို ပြင်ဆင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်ပါတယ်။ ဒုတိယ အချက်က ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ အချိန်အတွင်း (အောက်တိုဘာအကုန် နိုဝင်ဘာလဆန်း) လွတ်လပ်ပြီး သန့်ရှင်းမျှတစွာ ပြုလုပ်နိုင်ရေး ဖြစ်ပါတယ်။
ဒီနှစ်ချက်စလုံးကို လုပ်မယ်ဆိုတဲ့ Timing နဲ့ ကတိကို အစိုးရ၊ လွှတ်တော်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင်ပေးခဲ့တာပါ။
ပေးထားတဲ့ ကတိကို ဖျက်လို့ မရပါဘူး။ ၂ဝ၁၄ ခုနှစ် ကြား ဖြတ်ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောခဲ့တယ်။ ပြီးတဲ့နောက် အကြောင်းပြချက်တွေပေးပြီး ကတိဖျက်ပါတယ်။
အခုဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို မေမှာလုပ်မယ့် Timing ကို လွှတ်တော်က ပေးပါတယ်။ ဒါပေမဲ့ အခုချိန်ထိ ဥပဒေကြမ်း ဖြစ်မလာသေးသလို လွှတ်တော်မှာ ဆွေးနွေးခြင်းလည်း မရှိသေးပါဘူး။ အချိန် ၂၄ ရက်ပဲ ကျန်ပါတော့တယ်။
လူထုဆန္ဒခံယူပွဲ Timing ကို ဖျက်လို့ မရပါဘူး။ လူထုဆန္ဒခံယူပွဲကို ရွေ့ဆိုင်းခြင်းဟာ ရွေးကောက်ပွဲကို ရွေ့ဆိုင်းနိုင်တယ်ဆိုတဲ့ သံသယကို ပိုကြီးထွားစေမှာပါ။
အခုချိန်မှာ ရွေးကောက်ပွဲကို ၂ဝ၁၆ ခုနှစ်၊ နှစ်ဆန်းပိုင်းကို ရွေ့ဖို့ပြင်နေတယ်ဆိုတဲ့ သတင်းတွေ ရထားပါတယ်။ အတည်ပြုဖို့ လုပ်နေပါတယ်။ ဒါပေမဲ့ ၂ဝ၁၅ ခုနှစ်ထဲမှာ လုပ်မယ်ပြောခဲ့တာက အစိုးရရဲ့ “ကတိ” ပါ။ ကတိဖျက်ရင် ယုံကြည်မှုပျက်ပါမယ်။
ရွေးကောက်ပွဲကို ရွေ့ဆိုင်းမယ်၊ လွတ်လပ်ပြီး သန့်ရှင်းမျှတစွာ လုပ်မပေးဘဲ ညစ်ပတ်မယ်ဆို မတည်ငြိမ်မှုတွေ ဆက်ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ပေးထားတဲ့ Timing၊ ကတိတွေအတိုင်း အတိအကျ လုပ်ပေးဖို့က အစိုးရနဲ့ လွှတ်တော်မှာပဲ တာဝန်ရှိပါတယ်။
အခုချိန်ထိတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တောင်ပေါ်အလံစိုက်ဖို့ ကမ်းမမြင်ရသေးပါဘူး။

ပုဒ်မ ၄၃၆ (က)နှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်နိုင်မှု ကော်မတီ၏ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မှု အစီရင်ခံစာ၌ ဖော်ပြထားသော သဘောထား အမျိုးမျိုး
၁။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မပြင်ဆင်လိုပါကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြ ပေးရန်နှင့် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရန် အကြံပြု။
၂။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက “နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဦးတည်ဆောင်ရွက်လျက်ရှိရာ ဖွဲ့စည်းပုံအခြခံဥပဒေ ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူများနှင့် ပြည်သူ့ကိုယ်စားလှယ်များသည် အရေးပါမှု အခန်းကဏ္ဍကို အခြေအနေ အချိန်အခါနှင့် လိုက်လျောညီစွာ တိုးမြှင့်ပေးရမည်ဖြစ်သည်” ဟု အကြံပြုခဲ့သည်။
၃။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက “ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခြင်း ခံရသော ကိုယ်စားအားလုံး၏ သုံးပုံနှစ်ပုံက ပြင်ဆင်ရန် သို့မဟုတ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အထမြောက်ပါက ဆန္ဒမဲပေးသူ ဦးရေ၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် ပြင်ဆင်သင့်ပါသည်” ဟု အကြံပြုခဲ့သည်။
၄။ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီက “ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၅ဝ ရာခိုင်နှုန်းကျော် (ထက်ဝက်ကျော်) ဆန္ဒဖြင့် ပြင်ဆင်ရန် သဘောတူပါက ပြင်ဆင်ရမည်” ဟု အကြံပြုခဲ့သည်။
၅။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက “ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်  ၅ဝ ရာခိုင်နှုန်းနှင့်အထက် တက်ရောက်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ထောက်ခံမဲ သုံးပုံနှစ်ပုံက သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ မဲဆန္ဒပေးသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” ဟု အကြံပြုခဲ့သည်။
၆။ ချင်းတိုးတက်ရေးပါတီက “ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ပြင်ဆင်ရန် သဘောတူလျှင် ပြင်ဆင်နိုင်ရမည်” ဟု အကြံပြုခဲ့သည်။
၇။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက “ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆ဝ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းက ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” ဟု အကြံပြုခဲ့သည်။
၈။ ကျန်ကော်မတီဝင်များက “ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆ဝ၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁ဝ၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂ဝဝ၊ ၂ဝ၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃ဝ၅၊ ၃၁၄၊  ၃၂ဝ၊ အခန်း (၁၁) ပုဒ်မ ၄၁ဝ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၏ သုံးပုံနှစ်ပုံက ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ လာရောက် ဆန္ဒမဲပေးသူ အားလုံး၏ ၅ဝ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” ဟု အကြံပြုခဲ့သည်။
 
 
 

Most Read

Most Recent