သတ္တုတွင်း ဝန်ကြီးဌာန၏ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံတွင် ကျောက်မီးသွေး တန်ချိန်သန်းပေါင်း ၅၄ဝ ကျော်ခန့်ရှိကြောင်း၊ ၂ဝ၁၃ ခုနှစ် မေလကုန်အထိ ရှာဖွေဖော်ထုတ် မှတ်တမ်းတင်နိုင်ခဲ့သည့် ကျောက်မီးသွေးသိုက် စုစုပေါင်း ၅၆ဝ အထိရှိနေကာ ထပ်မံရှာဖွေတွေ့ရှိနိုင်သည့် အလားအလာ ကောင်းများလည်း ရှိနေကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုကော်မတီ၊ အမျိုးသားစွမ်းအင် မူဝါဒအရ သိရသည်။
သတ္တုတွင်းဝန်ကြီးဌာန အနေဖြင့် ကျောက်မီးသွေးကဏ္ဍ ဖွံ့ဖြိုးလာပါက ကျောက်မီးသွေးထုတ်လုပ်မှု သိသာထင်ရှားစွာ တိုးတက်မည်ဟု မျှော်လင့်ထားပြီး ၂ဝ၃ဝ တွင် ကျောက်မီးသွေးတန်ချိန် ငါးသန်းထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကျောက်မီးသွေးကို အဓိကအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်ဝှမ်းအနီး ကလေးဝဒေသတွင် တွေ့ရှိရကြောင်း၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် တွေ့ရှိထားသည်။
မြန်မာနိုင်ငံတွင် ကျောက်မီးသွေးအရင်းအမြစ် ပေါကြွယ်ဝသော်လည်း အလွန်ဝေးကွာသည့် အရပ်ဒေသတွင် ရှိနေသဖြင့် ထုတ်ယူသုံးစွဲမှုနည်းပါးပြီး၊ နည်းစနစ်တကျထုတ် ယူသုံးစွဲနိုင်မှု မရှိသေးကြောင်းလည်း သိရသည်။ ထို့ပြင် ကျောက်မီးသွေးတွင်းများမှ ကျောက်မီးသွေး ထုတ်ယူခြင်းမပြုမီ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရသည်။
ယခင်က စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများရှိ ကျောက်မီးသွေးတွင်းသုံးခုမှသာ ထုတ်လုပ်ခဲ့ရာမှ လက်ရှိအခြေအနေတွင် ပုဂ္ဂလိကကုမ္ပဏီ ၅၇ ခုနှင့် အစိုးရလုပ်ငန်းများမှ မြန်မာနိုင်ငံ နေရာအနှံ့တွင် တစ်နှစ်လျှင် ကျောက်မီးသွေး မက်ထရစ်တန် ခုနစ်သိန်းခန့် တူးဖော်ထုတ်လုပ်ပေးနေကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျောက်မီးသွေးသည် ယေဘုယျအားဖြင့် အရည်အသွေးနိမ့်သော Lignite နှင့် Subbituminous အမျိုးအစားများ ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း ၁၂ဝ မဂ္ဂါဝပ်စက် တပ်ဆင်အင်အားရှိ တီကျစ်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် တစ်ခုတည်းသော Lignite ကျောက်မီးသွေးသုံး စက်ရုံဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့်မူ လက်ရှိအခြေအနေတွင် စူးစမ်းလေ့လာခွင့်ပြုထားသော (plan) လုပ်ထားသည့် အဆင့်တွင်ရှိနေသော ကျောက်မီးသွေးစက်ရုံ ၁ဝ ရုံရှိနေကြောင်း၊ မည်သည့်စီမံကိန်းကိုမျှ အဆုံးအဖြတ် မပေးရသေးကြောင်း၊ ၎င်းတို့ထဲ၌ တနင်္သာရီတိုင်းဒေသကြီး မြိတ်တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း နှစ်ခု၊ ရေးတွင် တစ်ရုံ၊ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း၊ ထန်းတပင်နှင့် ကျောက်တန်းတို့တွင် တစ်ခုစီ၊ ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်း၊ ဘုတ်ပြင်တို့တွင် တစ်ခုစီ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင် တစ်ခု၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝတွင် တစ်ခုပါဝင်ကြောင်း သိရသည်။
ကမ္ဘာ့နိုင်ငံများတွင် ကျောက်မီးသွေးမှ လောင်စာထုတ်ယူသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ရင်ဆိုင်လာရသည့်နည်းတူ ကျန်းမာရေးဆိုင်ရာ ထိခိုက်သက်ရောက်မှုများ ကြုံတွေ့လာရသဖြင့် ကျောက်မီးသွေးသုံးစွဲမှုအား စီမံချက်ဖြင့် လျှော့ချနေချိန်တွင် မြန်မာနိုင်ငံအနေဖြင့်မူ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တိုးမြှင့်တည်ဆောက်ရန် စီစဉ်နေသည့်အတွက် ဝေဖန်မှုများ ရှိနေသည်။
မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသိုက် စုစုပေါင်း ၅၆၀ အထိ ရှာဖွေတွေ့ရှိထားပြီး ၂၀၃၀ တွင် ကျောက်မီးသွေးတန်ချိန် ငါးသန်းထုတ်လုပ်ရန် ရည်မှန်းထား









