မြန်မာနိုင်ငံရဲ့ တပေါင်းလရာသီ မြင်ကွင်းတွေဟာ သာယောင့်သာယာအရှိဆုံး အချိန်ကာလ ဖြစ်တယ်။ စာရေးသူတို့အထက် အညာဒေသမှာပင် လတပေါင်းရောက်ပြီဆိုရင် ပန်းမန်သစ်ပင်တွေရဲ့ ရွက်ဝါတွေ မြေမှာခလို့ အနောက်မြောက်ပြန်လေ မြူးဆော်လိုက်တဲ့အခါ လေမှာဝဲလို့ ဟိုတစ်စု ဒီတစ်စု လူးလွန့်နေကြပြီး တမာရွက်နုတွေေ၀ တမာပန်းသင်းရနံ့က ဘဝရဲ့ အမောကို ပြေပျောက်စေခဲ့ပါတယ်။ လယ်တောထဲ ဆင်းကြည့်တဲ့အခါ ရိုးပြတ်နံ့နဲ့ ပက်ကြားအက်ထဲက မြေသင်းနံ့တွေက ငယ်ဘဝရဲ့ ပုံရိပ်ကို ထင်ဟပ်စေပြီး တောသူတောင်သားတွေရဲ့ ဘဝတွေကို ကိုယ်ချင်းစာနာမိပါတယ်။ တစ်နှစ်တာလုံး လယ်ယာတောမှာ လုံးပန်းလုပ်ကိုင်ခဲ့ရတဲ့ ဘဝအမောကို ရွာဦးစေတီဆုတောင်းပြည့် မြတ်စွာဘုရား တပေါင်းလ ဘုရားပွဲတော်မှာ မိဘကျေးဇူးဆပ် ပဋ္ဌာန်းတရားနာ ဆွမ်းကျွေး သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူ ဘဝအတွက် ရိက္ခာထုပ် ယူဆောင်ကာ ဇာတ်ပွဲသဘင်ကြည့် ပျော်ရွှင်ကြည်နူးစေပြီး ပင်ပန်းမှုကို ပြေပျောက်စေပါတယ်။ရဟန်းပင်ဖြစ်ပေမယ့် ရှေးခေတ်စာဆို အကျော်အမော်တစ်ဦးဖြစ်တဲ့ ရှင်ဥတ္တမကျော်က နွေဦးသစ်ချိန် တောလမ်းကို တခမ်းတနား ရေးစပ်ခဲ့သည်။ “သဲခင်းသာဝယ်၊ သီတာကြည်လဲ့၊ ငှက်သံနွဲ့နှင့်၊ လွမ်းဖွဲ့မြိုင်ခြေ၊ မြူခိုးဝေခဲ့၊ လေခမြေသက်၊ ဈာန်ဝိတက်သို့၊ ရွက်သစ်ရော်ရီ၊ ဣန္ဒာနီဝယ်၊ သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား၊ တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့် တိမ်ပြာရောယှက်၊ မရမ်းဖက်ဖို့၊ တိမ်သက်တံရောင်၊ အဝါပေါင်ဝယ်၊ မှောင်ခဲ့တစ်ခါ၊ ပြာခဲ့တချို့၊ ညိုခဲ့တလီ၊ ရီခဲ့တဖုံ မှုန်ခဲ့တစ်ချက်” စသဖြင့် တပေါင်းလရဲ့ သာယာမှုအပေါင်း ခညောင်းနေပုံကို ရေးစပ်တင်ပြခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်ခန့်က မြတ်ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီး ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးတော်မူနေတဲ့အချိန် ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးဟာ သူစံမြန်းနေရာ ကပိလဝတ်နေပြည်တော်သို့ ဘုရားရှင် အဖူးအမြော်ခံ ကြွရောက်တော်မူဖို့အတွက် သူအားကိုးရတဲ့ ကာဠုဒါယီ အမတ်ကြီးကို စေလွှတ်လို့ ပင့်လျှောက်စေခိုင်းခဲ့ပါတယ်။ကာဠုဒါယီအမတ်ကြီးဟာ ဘုရားရှင်ထံရောက်လို့ တရားနာကြားရပြီး အရဟတ္တဖိုလ်ရရှိ ရဟန်းပြုကာ ဖလသမာပတ်ဝင်စား ဈန်ချမ်းသာသုခနဲ့ နေတော်မူတယ်။ ‘မြတ်ဗုဒ္ဓဘုရားရှင်ဟာ ဗာရာဏသီမှ ထွက်ကြွလာခဲ့တာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့မှာ ငါးလတင်းတင်း ပြည့်မြောက်ခဲ့ပါတယ်။ ဒီလပြည့်နေ့မှာ ကာဠုဒါယီမထေရ် ရဟန်းပြုခဲ့တာ ခုနစ်ရက်ရှစ်ရက် လွန်မြောက်တဲ့နေ့ဖြစ်ပြီး ဈာန်သမာပတ်ချမ်းသာမှ ထကာ ဟေမန္တဆောင်းရာသီ လွန်မြောက်ခဲ့လေပြီး ဂိမှာနနွေဦးရာသီအချိန် ရောက်လို့လာပြီ’ ယခုချိန်ခါ ကျေးလက်နေ တောင်သူလယ်သမားတွေဟာ ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းဆည်းပြီးကြပြီမို့ ခရီးသွားတွေ လွယ်ကူစွာ သွားလာနိုင်ကြဖို့ ခရီးဦးတည်ရာ အရပ်တွေမှ ခရီးလမ်းကို ဖွင့်လို့ပေးကြလေပြီ။ မဟာပထဝီ မြေကြီးဟာလည်း စိုပြည်စိမ်းလန်းတဲ့ မြက်ပင်တွေနဲ့ ဖုံးလွှမ်းနေတဲ့အပြင် ပတ်ဝန်းကျင် တောအုပ်တွေလည်း ရွက်ဟောင်းကိုစွန့်လို့ အရွက်သစ်လဲလှယ်ကာ တင့်တယ်စွာ ဖူးပွင့်ကြ သီးကင်းစ ပြုကြလေပြီ။ မပူမအေးလွန်းဘဲ လမ်းတိုင်းလမ်းတိုင်း သွားလာလို့ ကောင်းတဲ့အချိန် ဖြစ်လို့နေပြီ။ ကျေးဇူးရှင် ငါ့ရဲ့မြတ်ဗုဒ္ဓဘုရားသခင် ဆွေတော်မျိုးတော် ခမည်းတော်မင်းကြီးထံ ကြွရောက်ချီးမြှောက်ဖို့ အချိန်အခါ တန်လေပြီလို့ ကြံစည်ဆင်ခြင်ကာ မြတ်ဗုဒ္ဓထံ ချဉ်းကပ် ဂါထာပေါင်း(၆၀)ကျော်နဲ့ ကပိလဝတ်နေပြည်တော်သို့ ကြွရောက်တော်မူလို့ ချီးမွမ်းလျှောက်ထားတဲ့ အချိန်ကာလ ဖြစ်ပါတယ်။
ပုဂံခေတ် အနော်ရထာမင်းဟာ ပုဂံမြို့အနီး ဧရာဝတီမြစ်ကမ်းသဲခုံမှာ ဗုဒ္ဓစွယ်တော်ကို ဌာပနာလို့ စေတီကြီးတစ်ဆူ တည်ထားကိုးကွယ်ခဲ့တယ်။ ရွှေစည်းခုံစေတီရယ်လို့ ယခုတိုင် . . . . .
လျှောက်ထားချက် အပြည့်အစုံကို ရဟန်းစာဆိုတော် ရှင်အုန်းညိုက ရှင်လူအများ လွယ်လင့်တကူ သိရှိနားလည်စေဖို့ ဂါထာခြောက်ထပ် ပျို့အဖြစ် ရေးသားခဲ့ပါတယ်။‘သာသည်ညင်းညင်း၊ မြောက်လေကြွင်းနှင့်၊ ဆီးနှင်းမကုန်၊ ပူဟန်မသည်း၊ ပျံ့ပျံ့ပြည်းသား၊ တိမ်မည်းမဆိုင်၊ မြည်အိုင်ရိုက်ကြူး၊ မင်းလွင်မြူးသား၊ နွေဦးသရစ်၊ အခါဖြစ်၍...’ တစ်ဖန် ‘မင်းလမတွင်၊ အေးမြပျံ့ပျံ့၊ ပန်းရနံ့တည့်၊ မလွန်မခန်း၊ တောင်ထက်ဝန်းတုံ၊ ငုံသွန်းရွှေသား၊ စကားထင်းရှူး၊ ဆိတ်ဖလူးနှင့်၊ ကွမ်းဖူးကံ့ကော်၊ စွယ်တော်ပရဝါ၊ ယင်းမာဖက်ဆွတ်၊ ရင်ခတ်သရဖီ၊ ဘက္ကရီမြစ်ကိုင်း၊ ရွှေနှိုင်းပိတောက်၊ လဲနှင့်ပေါက်လည်း၊ တောက်သည့်မီးရောင်၊ ပြောင်ပြောင်ညီးညီး၊ ပန်းတောင်းကြီးသို့...’ စသဖြင့် စပ်ဆိုခဲ့ပါတယ်။တပေါင်းလဟာ သာယာမှုအပေါင်းတွေနဲ့ ခညောင်းတဲ့လ ဖြစ်တယ်။ ကြည်နူးနှစ်သက်စရာကောင်းတဲ့ မြင်ကွင်းအဖုံဖုံ ရှုခင်းတွေက မနောဖြူလှတဲ့ မြန်မာတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်တွေအား သာသနာတော်သဒ္ဓါ ကြည်ညိုစိတ်တွေ ယိုဖိတ်လာစေပါတယ်။ ကုသိုလ်ပြုလိုတဲ့စိတ်တွေ လှုံ့ဆော်လာလို့ နံနက်ခင်း နေခြည်အေးအေးအောက်မှာ တဖိတ်ဖိတ်တောက်ပနေတဲ့ သဲသောင်ခုံတွေအပေါ် သဲပုံစေတီများ စီတန်းတည်ထား ပူဇော်လေ့ ရှိကြတယ်။ပုဂံခေတ် အနော်ရထာမင်းဟာ ပုဂံမြို့အနီး ဧရာဝတီမြစ်ကမ်းသဲခုံမှာ ဗုဒ္ဓစွယ်တော်ကို ဌာပနာလို့ စေတီကြီးတစ်ဆူ တည်ထားကိုးကွယ်ခဲ့တယ်။ ရွှေစည်းခုံစေတီရယ်လို့ ယခုတိုင် အထင်အရှား ရှိခဲ့တယ်။ သဲပုံစေတီ တည်ထားကိုးကွယ်ခြင်းမှာ ပုဂံခေတ်မှာ ရှိနေပြီလို့ ယူဆလို့ရပါတယ်။ သဲပုံစေတီ တည်ထားကိုးကွယ်ခြင်းဟာ ဗုဒ္ဓခေတ်မတိုင်မီ လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းကာလက ရှိခဲ့တယ်။ ထိုအခါက ဒေဝလဆိုတဲ့ ရသေ့တစ်ပါးဟာ ဟိမဝန္တာတောင်တန်း နတ်တို့ဖန်ဆင်းပေးတဲ့ ကျောင်းသင်္ခမ်းမှာ နေထိုင်တယ်။ တပည့်ရသေ့တွေလည်း ရှိတယ်။ ဒေဝလရသေ့ဟာ သဲပုံစေတီတည်ပြီး ပန်းအမျိုးမျိုးနဲ့ ပူဇော်တယ်။ သဲပုံစေတီမှာ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော် အာရုံနိမိတ်ကိုယူကာ ကြည်လင်သန့်ရှင်းတဲ့ စိတ်ဓာတ်ကို ဖြစ်စေတယ်။ တပည့်ဖြစ်တဲ့ ရသေ့တွေကလည်း ဆရာရသေ့ကြီးကို သဲပုံစေတီ တည်ထားကိုးကွယ်ခြင်းအား မေးမြန်းစုံစမ်းကြပြီး သဲပုံစေတီတွေ တည်ထားကိုးကွယ် ပူဇော်ခဲ့ကြပါတယ်။ဆရာဇော်ဂျီဟာ တစ်ခါက ရှမ်းပြည်မြောက်ပိုင်း ဘော်ကြိုဘုရားပွဲတော်သို့ ရောက်ရှိခဲ့ရာ ဘုရားပွဲတော်မြင်ကွင်းနဲ့ လူမှုဆက်ဆံရေး ခင်မင်မှု သံယောဇဉ်မြင်ကွင်းကို အမှတ်ထင်ထင် ရှိခဲ့တယ်။ ဒီအခါ ကဗျာသန္ဓေစိတ်ပါတဲ့ ဆရာဇော်ဂျီမှာ ‘ကမ္ဘောဇ’ ကဗျာကို နှစ်သက်ဖွယ်ရာ ရေးစပ်ခဲ့တယ်။‘တပေါင်းလပွဲတော်ခါ၊ ဘော်ကြိုမှာ ပျော်လိုဇောနဲ့၊ တောတောင်နှံ့လာ၊ ကချင်မယ်လွယ်ပလိုင်းနဲ့ သင်တိုင်းကနီပြာပြာ၊ ပါလေရဲ့ပန်းဖွား၊ မောရှမ်းတောင်သူနဲ့ ပလောင်သူ၊ နုရွှေပါးနှင်းဆီတဲ့လား။ ကိုးကချင် ဖော်တစ်သင်းနဲ့၊ မောနှင်းဆီမယ်သော်မော်၊ တောင်းဆုပန်သော်၊ ရင်ပြင်ပေါ်စွယ်တော်နဲ့အနန်း၊ နေဝင်လဲမောမြေသူနဲ့၊ အတူတူစေတီဦးမှာ ဖူးခဲ့ရွှင်လန်း’ လို့ ရေးသားခဲ့ပါတယ်။ဆရာသတိုးသောင်းကလည်း မိန်ရာသီတပေါင်းလကို ‘ရာသီမိန် နွေအကူးပေမို့’ လို့ အစချီကာ ‘သာကြည်ထိန် သရေထူးပါဘိ၊ ရာသီမိန် နွေအကူးပေမို့၊ လေရူးရယ်တဲ့ တသုန်သုန်၊ ကိုးခွင်တိုင်းမှာပဲ၊ မြူဆိုင်းကာ ဝေရီရီနှင့်၊ ဖဂ္ဂုဏီစန္ဒီသို့ တောက်လို့ရယ်၊ မောက်တဲ့ခါကြုံ။ မြိုင်ဝဠာမြေတစ်ခွင်မှာတော့ လှိုင်ဖြာဖြာ အင်ကြင်းငယ်တို့ လေတွင်လွင့်ပါလို့ ပျံ့ဖုံဖုံ၊ သြော် နံ့ထုံလို့ ကြိုင်လျှမ်း။ဒီအခါဝယ် ဖော်မဲ့သူ နေမရွှင်မို့၊ ထွေထွေပင် ဖြေဆည်ခဲ့သော်လဲ၊ နွေအဝင်စေတီပွဲမှာ (အိုကွယ်) နွှဲလျက်နဲ့လွမ်း’ ဆိုပြီး ကဗျာဖွဲ့ဆိုခဲ့တယ်။တပေါင်းလဟာ စပါးပေါ်ပြီးချိန် တောင်ယာမှ ဝါဂွမ်း၊ နှမ်း၊ မြေပဲ၊ ပဲအမျိုးမျိုး ပေါ်ချိန်ဖြစ်ပြီး တောင်သူလယ်သမားတွေ ငွေရွှင်ချိန်ဖြစ်လို့ သားရှင်ပြု သမီးနားသ အလှူ မင်္ဂလာပွဲတွေ ပြုလုပ်ကြတယ်။ အထူးသဖြင့် တပေါင်းလဘုရားပွဲတွေကို အနယ်နယ်အရပ်ရပ်မှာ ကျင်းပလေ့ ရှိကြပါတယ်။ တပေါင်းလ ဘုရားပွဲတော်တွေထဲက ရွှေတိဂုံဘုရားပွဲတော်ဟာ အစည်ကားဆုံးပွဲတော်ကြီး ဖြစ်တယ်။ ပဒေသရာဇ်ခေတ်မှ ယနေ့ မျက်မှောက်ခေတ်တိုင်အောင် ဘုရားဝတ်ရွတ်ပွဲ၊ မဟာပဋ္ဌာန်း မြတ်ဒေသနာ ရွတ်ဖတ်ပူဇော်ပွဲ၊ ဆွမ်းဆန်တော်လောင်းလှူပွဲ၊ ပျော်ရွှင်ပွဲတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိတာမို့ မြန်မာတို့ရဲ့ နှစ်သက်ဖွယ်ရာ တပေါင်းလပွဲတော်ရဲ့ အမှတ်သင်္ကေတ ဖြစ်ပါတော့တယ်။