NLD ပါတီကိုယ်စားလှယ်များ၏ တရုတ်နိုင်ငံခရီးစဉ်ရွှေ့ဆိုင်း

NLD ပါတီကိုယ်စားလှယ်များ၏ တရုတ်နိုင်ငံခရီးစဉ်ရွှေ့ဆိုင်း
Published 3 March 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စားလှယ်များ၏ မတ်လတွင်သွားရောက်မည့် တရုတ်နိုင်ငံခရီးစဉ်ကို သွားရောက်မည့်ကိုယ်စားလှယ်များမအားလပ်၍ ရွှေ့ဆိုင်းလိုက်ကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မတ် ၃ ရက်တွင် အတည်ပြုပြောကြားသည်။တရုတ်နိုင်ငံ၏ဖိတ်ကြားချက်အရ NLD ပါတီကိုယ်စားလှယ်များသည် တရုတ်နိုင်ငံသို့ မတ်လအတွင်း ကိုးရက်ကြာသွားရောက်ရန်စီစဉ်ခဲ့ခြင်းဖြစ်ပြီး သွားရောက်မည့်ကိုယ်စားလှယ်များမအားလပ်၍ ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။"အဲဒီခရီးစဉ်မသွားဖြစ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်းမပါပါဘူး။ အဓိကအချက်ကတော့ ကျွန်တော်တို့မအားကြဘူးဗျ။ အလုပ်တွေများလို့ ရွှေ့ဆိုင်းဖြစ်တဲ့သဘောပါ။ နောက်တစ်ခါဖိတ်မှပဲစဉ်းစားမယ်" ဟု NLD ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကပြောကြားသည်။အလားတူ NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ကလည်း "ဥက္ကဋ္ဌခရီးစဉ်မရှိသေးပါဘူး" ဟုပြောကြားသည်။ခရီးစဉ်တွင်ပါဝင်သူ NLD ပါတီ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်ရှားမီးက "ခရီးစဉ်ကရွှေ့ဆိုင်းလိုက်တာပါ။ သွားမယ့်သူက အယောက် ၂၀ လို့သိရပါတယ်။ တရုတ်အစိုးရကဖိတ်တယ်လို့ ကျွန်မကြားတာပဲ" ဟုပြောကြားသည်။တရုတ်နိုင်ငံသည် ယခင်စစ်အစိုးရလက်ထက်တွင် မြန်မာအစိုးရအား ကမ္ဘာ့ဇာတ်ခုံအလယ်တွင် ကာကွယ်ပေးခဲ့ပြီး မြန်မာနိုင်ငံ၏စီးပွားရေးတွင် အခြားနိုင်ငံများထက် လက်ဦးမှုရယူနိုင်ခဲ့သည်။သို့ရာတွင် သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးနောက် မြန်မာနိုင်ငံသည် ယခင်က ဆက်ဆံရေးအေးစက်ခဲ့သည့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပနိုင်ငံများ စသည့်အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာခဲ့ရာ တရုတ်အစိုးရသည် ယခင်က မြန်မာအစိုးရနှင့်သာဆက်ဆံခဲ့ရာမှ အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်ပါ ထိတွေ့ဆက်ဆံလာခဲ့သည်။NLD ပါတီမှ လူကြီးအဖွဲ့နှင့် လူငယ်အဖွဲ့ကိုယ်စားလှယ်များသည် အာဏာရတရုတ်ကွန်မြူနစ်ပါတီ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးများသွားရောက်ခဲ့ဖူးသည်။NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းသွားရောက်မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ယင်းနှင့်ပတ်သက်၍ "တရုတ်နိုင်ငံကိုသွားမယ့်ခရီးစဉ်ဟာ အခုအထိဘာမှမပြင်ဆင်ရသေးပါဘူး။ တိတိကျကျအစီအစဉ်တွေမရှိသေးတာကြောင့် ဘာမှဖြေလို့မရပါဘူး။ ဒါပေမဲ့ တရုတ်ခေါင်းဆောင်တွေနဲ့  အကယ်၍တွေ့ဖြစ်မယ်ဆိုရင်တော့ နိုင်ငံနှစ်နိုင်ငံအတွက် ကောင်းရာကောင်းကျိုးကိုပဲ ကျွန်မတို့ဆွေးနွေးမှာပါ" ဟု ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၅ ရက် မီဒီယာတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။NLD ပါတီသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရမည်ဟုခန့်မှန်းမှုအချို့ရှိနေပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ကို NLD ပါတီက ဖေဖော်ဝါရီ ၉ ရက်တွင်ဖွဲ့စည်းခဲ့သည်။NLD ပါတီကို ၁၉၈၈ ခုနှစ် စက်တင်ဘာတွင်စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၄၉၂ နေရာတွင် ၃၉၂ နေရာအနိုင်ရခဲ့သည်။သို့ရာတွင် ရွေးကောက်ပွဲရလဒ်ကို ထိုစဉ်အချိန်က အာဏာသိမ်းအစိုးရက အကောင်အထည်ဖော်ပေးခြင်းမရှိခဲ့ဘဲ အစိုးရဖွဲ့ရန်ငြင်းဆန်ခံခဲ့ရသည်။ ထို့ပြင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အများစု ဖမ်းဆီးထောင်ချခံခဲ့ရသည်။ အလားတူ ပါတီဝင်များအား ဖမ်းဆီးထောင်ချမှုများပြုလုပ်ခဲ့သည့်အပြင် ပါတီရုံးခွဲများကိုလည်းချိတ်ပိတ်ခဲ့သည်။ထို့နောက် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံဟုဆိုကာ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှသာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာအနက် ၄၄ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာတွင် အနိုင်ရရှိခဲ့သည်။၂၀၁၅ ခုနှစ်ရွေးကောက်ပွဲရက်ကို သြဂုတ်လမတိုင်မီ ထုတ်ပြန်နိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်းများကြိုကောက်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောကြားထားသည်။NLD ပါတီကလည်း ရွေးကောက်ပွဲဆိုင်ရာကြေညာစာတမ်းကို ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ကြေညာပြီးမှသာထုတ်ပြန်မည်ဟု ပြောကြားထားသည်။NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဆိုင်ရာဖြစ်စဉ်များအရ ပထမအကြိမ် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲထက် ဒုတိယအကြိမ် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲက တိုင်းပြည်အတွက် လွန်စွာအရေးကြီးကြောင်းပြောကြားထားသည်။

Most Read

Most Recent