(၁)
လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ် စစ်ကြောင်းကိစ္စက ရေချိန်ပိုမြင့်နေတယ်။ ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို ဖြိုခွင်းဖို့ရည်ရွယ်ပြီး ရဲတပ်ဖွဲ့ဝင် အင်အားကိုလည်း အလွန်အကျွံ ပြင်ထားတာ တွေ့နေရတယ်။
မိထ္ထီလာ ပဋိပက္ခမှာ အမည်မသိ ဒေါသထွက်နေတဲ့ လူအုပ်ကြီးကို ရင်ဆိုင်ခဲ့တဲ့အချိန်တုန်းက ရဲတွေကို ဒီလောက်များများ မတွေ့ခဲ့ဘူး။ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မီးရှို့ဖျက်ဆီး၊ လူသတ်တာတွေ လုပ်နေချိန်မှာ ရဲတွေတားဆီးခဲ့တာကို မတွေ့ရဘူး။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ရဲ့ သတင်းထောက်ကိုယ်တိုင် ရဲအရာရှိတစ်ဦးနဲ့ မီးသတ်ကားပေါ်ရှိနေတုန်း ဒေါသထွက်နေတဲ့ လူအုပ်ကြီးနဲ့ တွေ့တဲ့အခါ ထွက်ပြေးခဲ့ရဖူးတယ်။
ဒီအတိုင်းပဲ မန္တလေး ပဋိပက္ခ ဖြစ်စဉ်မှာ၊ လားရှိုးပဋိပက္ခဖြစ်စဉ်တွေမှာ အမည်မသိ ဒေါသထွက်နေတဲ့ လူအုပ်ကြီးဆိုတာ အမြဲပေါ်လာတယ်။ ဖျက်ဆီးမှုတွေ လုပ်ခဲ့ကြတယ်။ ရဲတွေ မတားဆီးခဲ့ကြပါဘူး။ ဒီလို ဖြစ်စဉ်တွေမှာ ရဲကဘာမှ မတားဆီးပဲ လွှတ်ပေးသလိုဖြစ်ခဲ့တဲ့ အထောက်အထားတွေ ကျွန်တော်တို့ဆီမှာ အများအပြား ရှိပါတယ်။
လူများစွာ သေကြေခဲ့ရ၊ အိုးအိမ်တွေ ဖျက်ဆီး မီးရှို့ခဲ့ရတဲ့ အချိန်မှာ ရဲတွေမတားဆီးခဲ့ပေမဲ့ ဖျက်လိုဖျက်ဆီး ဘာမှမလုပ်တဲ့ ကျောင်းသားတွေကို ဘာလို့အင်အားသုံး ဖြိုခွင်းဖို့ ပြင်နေတာလဲ။ မေးခွန်းထုတ်ပါတယ်။
ပင်မသပိတ်စစ်ကြောင်း ကျောင်းသားသပိတ်မှာ ပါဝင်နေတဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုမှုက ပညာရေးလို့ပဲဆိုဆို အဲဒီ နောက်ကွယ်မှာ နှစ် ၂၀ ကျော် ဖိနှိပ်ခံခဲ့ရတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကြောင့် ဖြစ်ခဲ့တာပါပဲ။ နောက်ကွယ်မှာ ဘယ်သူတွေ ပါတယ်ပြောပြော ဖြစ်ရပ်တိုင်းမှာ အားလုံးရင်ဆိုင်နေရတဲ့ အကြပ်အတည်းက အတူတူပဲဖြစ်တယ်။
အခု ရဲတပ်ဖွဲ့ရဲ့အင်အား သုံးထားတဲ့ ပုံစံက ကျောင်းသားတွေရဲ့ နိုင်ငံရေး နိုးကြားစိတ်၊ ပြည်သူတွေရဲ့နိုင်ငံရေး နိုးကြားစိတ်ကို အစွမ်းကုန်ဖိနှိပ်မယ့် ပုံစံမျိုး ဖြစ်နေတယ်။
(၂)
၁၉၂၀ ခုနှစ်မှာ ပေါ်ခဲ့တဲ့ ကျောင်းသားသပိတ်၊ ၁၉၃၆ ခုနှစ်၊ ၁၉၃၈ ခုနှစ်တွေမှာ ပေါ်ခဲ့တဲ့ ကျောင်းသားသပိတ်တွေဟာ လွတ်လပ်ရေးရလိုတဲ့ ဆန္ဒပြင်းပြမှုကြောင့် ကျောင်းသားအရေး ကိစ္စတွေစပြီး ဖြစ်ခဲ့တာချည်းပဲ။
ဒီအတိုင်းပဲ ၁၉၆၂ ခုနှစ် ကျောင်းသား သမဂ္ဂအဆောက်အဦ ဖောက်ခွဲဖြိုဖျက်ခံခဲ့ရတဲ့ အရေးအခင်း၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေး အခင်း၊ ၁၉၇၆ ခုနှစ် မတ်လ မှိုင်းရာပြည့်အရေးအခင်းတွေဟာ ကျောင်းသားအရေးက စခဲ့တာတွေချည်းပဲ။
၁၉၈၈ ခုနှစ် မတ်လမှာဖြစ်ခဲ့တဲ့ ကိုဖုန်းမော်ဖြစ်ရပ် ဆိုရင်လည်း အထွေထွေ ကြပ်တည်းမှုကတစ်ဆင့် ဖြစ်လာတဲ့ ကျောင်းသားအရေးက စခဲ့တာပဲ။
ကျောင်းသားအရေးဆိုပေမဲ့ နိုင်ငံရေးပါတာကို မငြင်းဘူး။ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကိုတွန်းလှန်ဖို့ ကြိုးစားတဲ့ ကျောင်းသားအရေးတိုင်းမှာ နိုင်ငံရေးပါတယ်။
အခုဖြစ်နေတဲ့ ကျောင်းသားအရေးမှာလည်း နိုင်ငံရေးပါတယ်။
အာဏာရှင်စနစ်ဆိုးကို လိုလားတဲ့၊ အာဏာရှင်ဒေါက်တိုင်တွေ၊ အခွင့်ထူးခံ လူတန်းစားတွေကလွဲပြီး ကျန်တဲ့သူတိုင်းက အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်လာတဲ့ ကျောင်းသားအရေးကို မထောက်ခံစရာ အကြောင်းမရှိဘူး။ အကုန်ထောက်ခံတယ်။
အခုလည်း မတ်လထဲ အာဏာပိုင်တွေနဲ့ ကျောင်းသားတွေကြား တင်းမာမှုတွေဖြစ်နေပြီ။ ဒါဟာ အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်ခဲ့တာ။ ဒါပေမဲ့ ၁၉၈၈ ခုနှစ် မတ်လမှာ ဖြစ်ခဲ့သလို ရုပ်ဆိုးအကျည်းတန်မှုတွေ ထပ်မဖြစ်စေချင်တော့ဘူး။ ညင်သာတဲ့ ဖြေရှင်းမှုကိုပဲ လိုလားတယ်။
ဒါပေမဲ့ အခုမြင်နေရတဲ့ အခင်းအကျင်းတွေက ၁၉၈၈ ခုနှစ် မတ်လပုံစံမျိုးဖြစ်အောင် ဦးတည်နေသလိုပဲ။ အကယ်၍ ဖြိုခွင်းခဲ့မယ်ဆိုရင်၊ အဲဒီဖြိုခွင်းမှုမှာ ကျောင်းသားတစ်ဦးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီဆိုရင် ပြဿနာက ပိုကြီးထွားတော့မယ်။ မတ်လဆိုတာ ရာသီဥတုပူပြီး လူတိုင်းကို သွေးပူစေတဲ့ အခြေအနေ။ ဒီအချိန်မှာ အကြမ်းဖက်ဖြိုးခွင်းတာလုပ်ရင် ဒေါသသွေးတွေ ဆူပွက်ကုန်မယ်။
ကျွန်တော့် သဘောသာ မကဘဲ၊ ကျွန်တော်တို့ Eleven Media Group ရဲ့ သဘောထားကတော့ အကြမ်းဖက်ဖြိုခွင်းမှုကို လုံး၀ မလိုလားဘူး။ ကျောင်းသားတွေကိုလည်း ရန်ကုန်ကို မချီတက်စေချင်ဘူး။ လွှတ်တော်မှာပဲ အဆင့်ဆင့် ဖြေရှင်းသွားစေချင်တယ်။ ထိပ်တိုက်တိုးတာမျိုး မဖြစ်စေချင်ဘူး။ ဒီလိုပဲ ကျောင်းသားတွေရဲ့ နိုင်ငံရေး နိုးကြားစိတ်ကို ကွန်မြူနစ် တံဆိပ်ကပ်ပြီး နှိပ်ကွပ်တာကိုလည်း လက်မခံဘူး။ နိုင်ငံရေး သွေးထွက် သံယိုမှု မဖြစ်ချင်ဘူး။ ဒါကျွန်တော်တို့ရဲ့ သဘောထားပဲ။
(၃)
ကျောင်းသားအရေး တင်းမာနေချိန်မှာ သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်တွေ့ခဲ့တာကရော ဘာသဘောလဲ။
ကျောင်းသားအရေးမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲ ရောက်နေတဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်လို့ နိုင်ငံရေးသမားတစ်ဦးရဲ့ ဘောင်ထဲကပဲ ပြောတယ်။
ဒီအချက်ကို အခွင့်ကောင်းယူပြီး လက်ပံတောင်းအရေးမှာ ပြည်သူတွေကို အညံ့ခံစေသလို ကျောင်းသားအရေးမှာလည်း အညံ့ခံခိုင်းစေချင်တာလား။
လက်ပံတောင်းကိစ္စ ကော်မရှင်မဖွဲ့ခင်၊ အစီရင်ခံစာမထွက်ခင်မှာ သံဃာတွေကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းခဲ့လို့ ပြည်သူလူထုရဲ့ ဒေါသတွေ ဆူပွက်ခဲ့တယ်။ အုံကြွမှုဖြစ်တော့မလို ဖြစ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြားဝင်ခိုင်းတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပဲ ပြင်ပေးတော့မလို၊ ပုဒ်မ ၄၃၆ ကိုပဲ ပြင်ပေးတော့မလို၊ ပုဒ်မ ၅၉(စ)ကိုပဲ ပြင်ပေးတော့မလိုနဲ့ မက်လုံးတွေပေးခဲ့တယ်။ အစီရင်ခံစာ ထွက်ပြီးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေအကြား မကျေလည်မှုတွေ ဖြစ်ခဲ့တယ်။ လူထုနဲ့ ရန်တိုက်ပေးသလိုပုံစံ ဖြစ်သွားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တာလည်း ဖြစ်မလာခဲ့ဘူး။
အခုလည်း ကျောင်းသားအရေး တင်းမာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်တွေ့ပြန်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့၊ ရွေးကောက်ပွဲအောင်မြင်စွာ လုပ်ဖို့တွေ ပြောပြန်တယ်။
လက်ပံတောင်းအရေးလို ကျောင်းသားအရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြားဝင်ခိုင်းပြီး ကျောင်းသား၊ ပြည်သူတွေနဲ့ ရန်တိုက်ပေးတော့မှာလား။
ရှင်းရှင်းပြောရရင် မတ် ၂ ရက် နေပြည်တော် တွေ့ဆုံမှုဆိုတာ ဆွေးနွေးပွဲပုံစံ မဟုတ်ပါဘူး။ သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ပြီး briefing ပေးတဲ့ ပုံစံမျိုးပါပဲ။ စာကိုးကြောင်းနဲ့ ဓာတ်ပုံဖော်ပြတဲ့ အစိုးရသတင်းစာ ဖော်ပြချက်မှာ ဒေါ်အောင်ဆန်းစုကြည်က ခပ်ကျုံ့ကျုံ့ထိုင်ပြီး သမ္မတဦးသိန်းစိန်ပေးတဲ့ briefing ကို နားထောင်နေပုံမျိုးပဲ တွေ့ရပါတယ်။
ထုတ်ပြန်ချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။
ပြည်သူလူထုက အသေးစိတ် သိချင်ကြတယ်။ ဖွဲ့စည်းပုံပြင်ဖို့ဆိုရင် ဘယ်ပုဒ်မတွေ ပြင်မှာလဲ။ ပုဒ်မ ၄၃၆ လား၊ ပုဒ်မ ၅၉(စ) လား။ ရွေးကောက်ပွဲ ကတိကဝတ်က ဘာလဲ။ မသိရပါဘူး။
ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုနေတဲ့ လေးပွင့်ဆိုင်တွေ့ဖို့ဆိုတာ တစွန်းတစ်စတောင် မတွေ့ရဘူး။ ခြောက်ပွင့်ဆိုင် အရိပ်အငွေ့လည်း မတွေ့ရပါဘူး။
(၄)
သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်တွေ့တာ ဒါပါနဲ့ဆို ခြောက်ကြိမ်ရှိပါပြီ။ တွေ့ခဲ့တဲ့ အကြိမ်တိုင်း ပြန်ကြည့်လိုက်ပါ။ အစိုးရအဖွဲ့ အကြပ်အတည်း တွေ့နေချိန်တိုင်း ခေါ်တွေ့ခဲ့တာချည်းပဲ။
တွေ့ဆုံမှုတိုင်းမှာ သမ္မတ ဦးသိန်းစိန်ဘက်က ကတိလိုလို၊ သဘောထားလိုလို ပြောခဲ့တာတွေ ရှိမှာပဲ။ အဲတာတွေ ဘယ်လောက်တည်ခဲ့လဲ၊ ဘယ်လောက်ဖြစ်ခဲ့လဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အသိဆုံး ဖြစ်ပါလိမ့်မယ်။
အခုမှ မဟုတ်ဘူး။ ဦးစောမောင်၊ ဦးသန်းရွှေ၊ ဦးခင်ညွန့်တို့နဲ့လည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ခဲ့ဖူးတာပဲ။ ဦးသန်းရွှေနဲ့ဆို အကြိမ်ကြိမ် တရားဝင်တွေ့ခဲ့ဖူးတယ်၊ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ မစခင်တုန်းကလည်း ဦးသန်းရွှေကို အသိမပေးဘဲ ဦးခင်ညွန့်ရဲ့ လူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လျို့ဝှက်တွေ့ခဲ့ကြဖူးပါတယ်။ ဒီအကြောင်းတွေကို ဦးခင်ညွန့်က “ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ”စာအုပ်မှာ ထည့်ရေးခဲ့တယ်။
အဲဒီတွေ့ဆုံမှုမှာတွေ ဘာတွေ ပြောခဲ့ကြတယ်၊ ဘယ်လို ကတိကဝတ်တွေ ရှိခဲ့ကြတယ်၊ ဘာကြောင့် အဆင်မပြေတာတွေ ဖြစ်ခဲ့သလဲဆိုတာ ပြည်သူတွေ မသိရဘူး။ အာဏာရှင်တွေဘက်က ထုတ်မပြောသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း မပြောခဲ့ပါဘူး။ ဒါပေမဲ့ ဒီအချိန်မှာ ထုတ်ပြောသင့်တဲ့ အရာတွေရှိတယ်လို့ ထင်တယ်။
အကြိမ်ကြိမ်တွေ့ဆုံခဲ့၊ ဘာမှ ထူးမလာတာတွေကို ကြည့်ပြီး ခဏ ခဏ အလိမ်ခံနေရတာပဲလို့ ပြည်သူတွေက မြင်ကြပါတယ်။
အစိုးရအနေနဲ့ပဲ ဖြစ်ဖြစ်၊ အာဏာရှင်စနစ် လိုလားသူတွေပဲ ဖြစ်ဖြစ် ကိုယ့်အကျိုးစီးပွားတစ်ခုတည်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးမလုပ်သင့်တော့ဘူး။
(၅)
အခုချိန်မှာ နိုင်ငံတကာရဲ့ အမြင်တွေပါ ပြောင်းလဲလာပါပြီ။
နိုင်ငံတကာရဲ့ အမြင်ဆိုတဲ့ နေရာမှာ တရုတ်နဲ့ အမေရိကန်ရဲ့ သဘောထားကိုပဲ ကြည့်လိုက်ပါ။
မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍအရေးပါကြောင်းကို တရုတ်နိုင်ငံက ထုတ်ပြောလာပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်မှာ တရုတ်အစိုးရ အာဘော် Global Times သတင်းစာက ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့တယ်။ De-militarizing politics critical for Myanmar ဆိုတဲ့ ဆောင်းပါး ဖြစ်ပါတယ်။
ဆောင်းပါးရှင် Ding Gang ရေးခဲ့ပြီး မြန်မာအစိုးရကိုရော၊ တရုတ်အစိုးရကိုပါ နားချခဲ့တဲ့ ဆောင်းပါးမှာ ဖော်ပြခဲ့တာက မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဆောင်နိုင်သူ ဖြစ်နေတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အရေးကြီးတယ်၊ လွှတ်တော်အခြေခံစနစ်ကို ရွေးထားပြီးဖြစ်လို့ စစ်အုပ်ချုပ်ရေး ပြန်လာနိုင်တော့မှာ မဟုတ်ဘူး၊ နိုင်ငံရေးနဲ့စီးပွားရေးမှာ တပ်မတော်ဘက်က လျော့ချမှသာလျှင် တိုင်းရင်းသားတွေ အဖွဲ့နဲ့ ယုံကြည်မှု တည်ဆောက်နိုင်မယ်၊ မြန်မာနိုင်ငံရဲ့ ဘုံအကျိုးစီးပွား အရာထင်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖယ်ထားလို့ မရဘူး၊ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဝင်ထိန်းထားဖို့ဆိုတာ သင့်တော်မှုမရှိတော့ကြောင်း စတာတွေကို ဖော်ပြခဲ့ပါတယ်။
မြန်မာအစိုးရဘက်က တစ်စိုက်မတ်မတ် ရပ်တည်ရေးသားလေ့ရှိတဲ့ Global Times သတင်းစာက ဒီလိုအာဘော်ထွက်လာတာက တရုတ်အစိုးရကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်ပြောင်းလာပြီဆိုတာ ပြနေခြင်းပါပဲ။
တရုတ်ရဲ့ အမြင်ပြောင်းလာသလို အမေရိကန်အမြင်ကလည်း မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ထုတ်မရဘူးဆိုတဲ့ အချက်အပေါ် အခိုင်အမာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ အမြင်လည်း ဒီအတိုင်း ဖြစ်ပါတယ်။
ဒါဟာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အချိန်မီ ပြင်ဆင်ဖို့လိုတယ်၊ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး သန့်ရှင်းမျှတဖို့ လိုတယ်ဆိုတာကို တိုက်တွန်းနေကြတာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဘူး၊ ရွေးကောက်ပွဲ ညစ်ပတ်မယ်ဆိုရင် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှု ဖြစ်လာမှာ သေချာပါတယ်။
အခုလည်း ဦးအောင်သောင်းကို Targeted Sanction လုပ်ခဲ့သလို ကျန်တဲ့သူတွေကို ဆက်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတာ သံတမန်အသိုင်းအဝိုင်းကြားမှာ ပြောဆိုနေကြပါပြီ။
၁၉၉ဝ ပြည့်နှစ်အမှားကို ၂ဝ၁၅ ခုနှစ် ထပ်လုပ်ရင် အရင်ထက်ပိုဆိုးတဲ့ အရေးယူပိတ်ဆို့ခံရမှုကို ကြုံရမှာ သေချာပါတယ်။
(၆)
လက်ရှိဖြစ်နေတဲ့ အခြေအနေတွေမှာ တာဝန်အရှိဆုံးက သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သဘောထား တင်းမာနေသူတွေပဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကတိဖျက်ပြီး စစ်အာဏာသိမ်းတာကို နိုင်ငံတကာက လက်မခံပါဘူး။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း အာဏာသိမ်းမယ့်ပုံ မရှိဘူးဆိုတာကို မကြာသေးခင်က သူဖြေတာတဲ့ အင်တာဗျူးအဖြေတွေကို ကြည့်ရင် တွေ့နိုင်ပါတယ်။
ပြီးခဲ့တဲ့ လောက်ကိုင်ဒေသတွင်း တိုက်ပွဲမှာလည်း သမ္မတ ဦးသိန်းစိန်အစိုးရက အမှတ်ဝင်ယူဖို့ ကြိုးစားခဲ့ပေမဲ့ တပ်မတော်ကပဲ ထောက်ခံမှု ရခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော် ဘာလုပ်ရမလဲဆိုတာကိုလည်း သူတို့ ကောင်းကောင်းသိခဲ့ပါတယ်။ အစိုးရနဲ့ တပ်မတော်ကိုလည်း ပြည်သူက ခွဲခြား မြင်လာပါတယ်။
ဒါကြောင့် လက်ရှိ အခြေအနေတွေကို တည်ငြိမ်အောင်လုပ်ဖို့ သမ္မတ ဦးသိန်းစိန်မှာပဲ အဓိကတာဝန်ရှိပါတယ်။ ကျောင်းသားအရေးအပါအဝင် ပြည်သူတွေရဲ့ အထွေထွေအကြပ်အတည်းကို သမ္မတဦးသိန်းစိန်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးတို့ ဘယ်လို သဘောထားမလဲ။ တပ်မတော်က နိုင်ငံရေးကနေ နောက်ပြန်ဆုတ်မယ့်သဘော ရှိပါတယ်။
ဦးသိန်းစိန်ရော၊ ဦးဌေးဦး အပါအဝင် ပြည်ခိုင်ဖြိုးပါတီက ခေါင်းမာသူတွေ သဘောထား တင်းမာမယ် ဆိုရင် အခု အစိုးရလက်ထက် လုပ်ခဲ့သမျှ အရာအားလုံး ပျက်စီးသွားပါလိမ့်မယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ကျောင်းသားအရေး အပါအဝင် ဖြစ်လာတဲ့ အရေးကိစ္စတိုင်းမှာ နိုင်ငံရေး ပါပါတယ်။ ဘာကြောင့် နိုင်ငံရေးပါသလဲဆိုရင် အာဏာရှင်စနစ်ဆိုးရဲ့ ဖိနှိပ်ခဲ့မှုကြောင့် ဖြစ်ပါတယ်။ ဒါကို ကွန်မြူနစ်တွေကြောင့်ဆိုပြီး တံဆိပ်ကပ် ပုံဖျက်ပြောလို့ မရပါဘူး။ အာဏာရှင် စနစ်ဆိုးကြောင့် ဖြစ်လာတဲ့ နိုင်ငံရေးပါသော လှုပ်ရှားမှုတွေ ချုပ်ငြိမ်းဖို့ဆိုရင် အာဏာရှင်စနစ်ဆိုးကို ဖယ်ရှားပေးမှသာ အဖြေရပါလိမ့်မယ်။
အရေးဆိုမှုတိုင်းကို ဆန်စင်ရာ ကျည်ပွေ့လိုက်ပြီး အပြစ်ရှာ ပုံဖျက်နေမယ်၊ အင်အားသုံး ဖြိုခွင်းမှုတွေ ဆက်လုပ်နေမယ်ဆိုရင် နာကျည်းစိတ်နဲ့ အကျည်းတန်မှုတွေ ပိုများလာရုံကလွဲပြီး အရေးဆိုမှုတွေ ချုပ်ငြိမ်းသွားမှာ မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ပြတ်ပြတ်သားသား ၊ရှင်းရှင်းလင်းလင်း ပြည်သူကို ချပြရပါမယ်။ သဘောထား တင်းမာနေတာ မဟုတ်သလို ထိပ်တိုက်တိုးစရာလည်း မရှိပါဘူး။ ဒီလိုပါပဲ။ ဖုံးကွယ်စရာ မလိုပါဘူး။
ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အသုံးချပါလို့ ပြောပေမယ့် လူထုကတော့ ခဏခဏ အသုံးချခံနေရတာကို မနှစ်သက်ပါဘူး။ ဒီတစ်ခါ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့သမျှ အားလုံးကို မချွင်းမချန် ပြည်သူကို ပြောပြရပါလိမ့်မယ်။ လူထုက သူတို့ခေါင်းဆောင်ဟာ ခဏ ခဏ အလိမ်ခံနေရတာကိုတော့ မနှစ်သက်ပါဘူး။
ကျောင်းသားတွေကို အကြမ်းဖက်နှိမ်နင်းလို့ သွေးထွက်သံယို ဖြစ်လာခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် ဆိတ်ဆိတ်နေလို့ မရနိုင်တော့ပါဘူး။ လူထုခေါင်းဆောင်ဟာ လူထုကို တာဝန်ခံရပါလိမ့်မယ်။