အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အားနည်းချက်များကို ပြုပြင်ရန် NLD တွင် တာဝန်ထမ်းဆောင်သူများ မှန်ကန်မှု ရှိစေရေး ပြည်သူများ ဝိုင်းဝန်းထိန်းကွပ်ပေးရန် မတ် ၁ ရက်က ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ လူထုတွေ့ဆုံပွဲတွင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်သည်။ဒေါ်အောင်ဆန်းစုကြည်သည် မတ် ၁ ရက် ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ ပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် ၁ဝဝ ပြည့် ဂုဏ်ပြုဟောပြောပွဲသို့ တက်ရောက်ရန် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှ ပြည်မြို့သို့ သွားရောက်ရာ အင်္ဂပူမြို့သို့ ရောက်ရှိစဉ် ကြိုဆိုနှုတ်ဆက်သူများအား ၁၅ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူကို အားကိုးပြီး ရပ်တည်ခဲ့တာဟာ အခုဆိုရင် အနှစ် ၃ဝ နီးပါးလောက် ရှိပါပြီ။ အနှစ် ၃ဝ လောက်နီးပါးမှာ ကျွန်မတို့မှာ အခက်အခဲတွေလည်း ရှိခဲ့သလို ကျွန်မတို့ အဖွဲ့ချုပ်ထဲမှာ အားနည်းချက်များလည်း ရှိခဲ့တာကို ဝန်ခံပါတယ်။ ကျွန်မတို့ အဖွဲ့ချုပ်ထဲမှာ အားနည်းချက်ပြုပြင်ဖို့ ပိုပြီးတော့ ဆက်ပြီးတော့ နိုင်ငံရဲ့ အကျိုးကို ပြုနိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ဖို့ဆိုရင် ပြည်သူတွေကိုပဲ အားကိုးရမှာပါ။ ပြည်သူတွေ ဝိုင်းဝန်းပြီးတော့ ထိန်းကွပ်ပေးပါ။ ဒီအဖွဲ့ဟာ အစကတည်းက ထူထောင်ခဲ့တာ ကျွန်မရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထူထောင်တာဟာ ဒီနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် အမြစ်တွယ်ဖို့ပဲ” ဟု ပြောကြားသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြံခင်းမြို့မှ ပြည်သူများ ကြိုဆိုနေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
စစ်မှန်သည့် ဒီမိုကရေစီစနစ် ဆိုသည်မှာ ရိုးရှင်းစွာ ပြောရမည် ဆိုပါက ပြည်သူကို တန်ဖိုးထားရမည့် စနစ်ပင်ဖြစ်ကြောင်း၊ အထက်ကနေပြီး ပြည်သူကို လုပ်ချင်သလို လုပ်ဆောင်ပါက မည်ကဲ့သို့ပင် ဒီမိုကရေစီဟု ပြောပြော ဒီမိုကရေစီစနစ် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ပြည်သူတွေဟာ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်အကောင်အထည်ဖော်နိုင်မယ့် ပုံစံသွင်းနိုင်မယ့် အနေအထားရောက်အောင် နိုင်ငံရေး စနစ်တစ်ခုကို ပြောင်းလဲဖို့ လိုတာပါ။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီမိုကရေစီရရေးအတွက် လုပ်ဆောင်နေတဲ့ အခါမှာ အားနည်းချက်တွေရှိရင် ပြည်သူကပဲ ဝိုင်းပြီးတော့ ပြုပြင်ပေးရမှာပါ။ ပြည်သူကဝိုင်းပြီးတော့ ပြုပြင်မှ ကျွန်မတို့ ရှေ့ကိုဆက်သွားနိုင်မှာပါ။ ဒီနိုင်ငံကို အကျိုးရှိအောင် ကျွန်မတို့အဖွဲ့ချုပ်ကို လုပ်စေချင်တယ်။ အဲဒါကြောင့် ပြည်သူလူထု အနေနဲ့ ကျွန်မတို့ အဖွဲ့ချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ မှန်မှန်ကန်ကန် လုပ်ဆောင်နေဖို့ ဝိုင်းဝန်းပြီးတော့ ထိန်းကွပ်ပေးကြပါ၊ အားပေးကြပါ၊ တိုက်တွန်းကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်၏ ဟင်္သာတမြို့မှ ပြည်မြို့သွားရာ ခရီးစဉ်တွင်း လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူအများအပြားက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
NLD ၏ အားနည်းချက်များကို ပြုပြင်ရန် NLD တွင် တာဝန်ထမ်းဆောင်သူများ မှန်ကန်မှု ရှိစေရေး ပြည်သူများ ဝိုင်းဝန်းထိန်းကွပ်ပေးရန် အင်္ဂပူမြို့ လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ















