အိပ်မက်ထဲက နိုင်ငံတော်ကြီး

အိပ်မက်ထဲက နိုင်ငံတော်ကြီး
Published 24 February 2015
အေသင်ဇော်ဇော်

္ဘဉာဏ်ပိုင်းဆိုင်ရာ အားရစရာကောင်းတဲ့ အင်စတီကျူးရှင်းတွေ၊ အရည်အသွေးပြည့်မီနေတဲ့ အခြေခံပညာစာသင်ကျောင်းတွေ၊ ကျန်းမာရေးလိုအပ်ချက်အတွက် ဖြည့်ဆည်းပေးထားတဲ့ ဆေးရုံတွေ၊ အလုပ်အကိုင်အခွင့်အရေး အပြည့်အဝပေးနိုင်တဲ့ စက်ရုံအလုပ်ရုံတွေ၊ ခေတ်မီစက်ပစ္စည်းတွေ အသုံးပြုထားလို့ ကြည့်လိုက်တာနဲ့ နှစ်ထောင်းအားရဖြစ်ရတဲ့ ဝါဝါထိန်ထိန် စပါးခင်းကြီးတွေက ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ပိုသစ်လွင်တောက်ပစေဖို့ မီးမောင်းထိုးပြနေကြတယ်။လိုအပ်ချက်တွေအလိုက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရတွေက တင်ပြတဲ့အခါ ပြန်လည်ချထားပေးတဲ့ နိုင်ငံတော်အသုံးစရိတ်ကို စည်းကမ်းကျနစွာ၊ ခြစားမှု ကင်းကင်းရှင်းရှင်းနဲ့ အသုံးပြုထားတဲ့အတွက် နိုင်ငံအနှံ့အပြားမှာ အရမ်းကို တိုးတက်နေပါတယ်။ တစ်ခါက ဘဝအခြေအနေတွေကြောင့် ပညာရေးမပြီးဆုံးခဲ့ရသူတွေကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ ဝါသနာအလိုက် ကျောင်းဝင်ခွင့် ဖြေဆိုနိုင်မယ့် သင်တန်းတွေ ထားပေးပြီး ညကျောင်းတွေကနေ အတတ်ပညာရှင်တွေ၊ အသိပညာရှင်တွေ မွေးထုတ်ပေးနေတယ်။တူညီမျှတတဲ့ နိုင်ငံသားအခွင့်အရေးကို အစိုးရက အကောင်းဆုံး ချိန်ညှိအုပ်ချုပ်ပေးထားတဲ့အခါ လူတွေဟာ လူနဲ့သူနဲ့ အလွန်တူစွာပဲ လမ်းလျှောက်နေကြတယ်။ ကားစီးနေကြတယ်။ သင်္ဘောစီးနေကြတယ်။ ဘာသာစကားသင်တဲ့အခါ နားထောင်၊ ဖတ်၊ ပြော၊ ရေးဆိုတဲ့ စွမ်းရည်တွေ ဖြည့်ဆည်းရသလိုပဲ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာရေးညာရေးဆိုတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ တက်ညီလက်ညီ ဖွံ့ဖြိုးမှုက အသက်ဝင်နေတဲ့အခါ ကျွန်တော်တို့နိုင်ငံရဲ့ တိုးတက်မှုက ကမ္ဘာ့အလယ်မှာ အားရစရာ ဖြစ်နေတယ်။ကျွန်တော်တို့ နိုင်ငံက လေဆိပ်တစ်ခုခုကို ရောက်လာတာနဲ့ အာရှဒေသတွင်းမှာ နေထိုင်ကြတဲ့ တခြားနိုင်ငံက လူတွေဟာ အံ့သြဘနန်းတွေ ဖြစ်ကြရတယ်။ လေဆိပ်က ဝန်ထမ်းတွေကလည်း စည်းကမ်းရှိပြီး ကိုယ်ရည်ကိုယ်သွေး အရမ်းမြင့်တဲ့သူတွေ ဖြစ်ကြတော့ နိုင်ငံခြားကလာတဲ့သူတွေက အရမ်းလေးစားကြတယ်။ ကျွန်တော်တို့ တခြားနိုင်ငံကို သွားရင်လည်း လေဆိပ်တွေကို ကျော်ဖြတ်တဲ့အခါ လက်ထဲက နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ကို တွေ့လိုက်တာနဲ့ ဘယ်နိုင်ငံပဲဖြစ်ဖြစ် တလေးတစား ဖြစ်ကြတယ်။ တချို့ လေဆိပ်တွေဆို ကျွန်တော်တို့ ဘာသာစကားကို သီးသန့်ပြောနိုင်တဲ့ ဝန်ထမ်းကိုတောင် ခန့်ထားပြီး တရိုတသေ ဂရုတစိုက် ဆက်ဆံကြတယ်။ နောက်ပြီး ကျွန်တော်တို့နိုင်ငံက ခေါင်းဆောင်ကြီးတွေ၊ ပညာရှင်ကြီးတွေရဲ့ အရည်အချင်းတွေကို ချီးကျူးပြီး သူတို့လည်း အဲဒီပုဂ္ဂိုလ်ကြီးတွေကို သိပါတယ်၊ မညံ့ပါဘူးဆိုတဲ့ပုံစံတွေနဲ့ ကျွန်တော်တို့ရှေ့မှာ သူတို့ကိုယ်သူတို့ ဂုဏ်တင်ကြတယ်။အာရှရဲ့ ပညာရေးအဆင့်အမြင့်ဆုံး၊ နည်းပညာ အထွန်းကားဆုံး၊ စီးပွားရေးအကောင်းဆုံး၊ ခြစားမှုအကင်းဆုံး၊ အုပ်ချုပ်မှုစနစ်အကျဆုံး၊ အစိုးရနဲ့ ပြည်သူတွေက ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် ပေးဆပ်မှု အမြင့်မားဆုံး ၁၀ နိုင်ငံစာရင်းမှာ ကျွန်တော်တို့က ထိပ်ဆုံးပိုင်းမှာ ရှိနေတယ်။ကျွန်တော်တို့ နိုင်ငံက လူတွေက ပညာရှင်တွေအဖြစ်နဲ့ပဲ တခြားနိုင်ငံတွေမှာ သွားရောက်ပြီး အလုပ်လုပ်ကိုင်ကြတယ်။ တခြားနိုင်ငံတွေက လူတွေကတော့ ကျွန်တော်တို့ဆီမှာ အလုပ်ကြမ်းတွေ လာလုပ်ကြတယ်။ အလုပ်ကြမ်းဆိုတာကလည်း အားလုံးက စက်မှုထွန်းကားနေတော့ သိပ်အကြမ်းကြီး မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီက လူတွေ သိပ်မလုပ်ချင်တဲ့ အလုပ်မျိုးတွေ သူတို့ လာလုပ်ကြတာပါ။ ဒါပေမဲ့ သူတို့ဆီက အလုပ်ကောင်းတွေထက်တောင် ကျွန်တော်တို့ဆီက အလုပ်ကြမ်းက သက်သက်သာသာနဲ့ စည်းကမ်းရှိရှိ၊ စမတ်ကျကျ လုပ်လို့ရတယ်လေ။ ရတဲ့ ပိုက်ဆံကလည်း တန်ဖိုးချင်းကွာတော့ သူတို့ဟာ နေရပ်ကိုစွန့်ပြီး ဒီမှာပဲ လာရောက်လုပ်ကိုင်ကြတာပေါ့။ ဒီအခြေအနေကို ကောင်းကောင်းသိတဲ့အတွက် ကျွန်တော်တို့ဆီက အလုပ်ရှင်တွေက ကိုယ့်နိုင်ငံသားကို ကောင်းကောင်းနေရာပေးပါတယ်။ နိုင်ငံခြားက လာရောက်အလုပ်လုပ်ကိုင်တဲ့သူတွေထဲမှာ အရမ်းတော်တဲ့သူတွေ တစ်ခါတစ်ရံ ပါလာခဲ့ရင် သူတို့ကို ထိုက်ထိုက်တန်တန်လေးဖြစ်အောင် လုပ်ပေးတာမှန်ပေမယ့် ကိုယ့်နိုင်ငံသားတွေထက်တော့ လစာပိုနည်းပြီး ပေးတယ်။ သူတို့ကလည်း အဲဒါကို ကျေနပ်တယ်။ ကျွန်တော်တို့ နိုင်ငံသားဆိုတာ ကမ္ဘာမှာ အခွင့်ထူးခံလူတန်းစားပဲလေ။ သူတို့ ကောင်းကောင်း သဘောပေါက်တာပေါ့။ ကျွန်တော်တို့လို အခွင့်အရေးရချင်ရင်တော့ တစ်ခွန်းပဲ ပြောလိုက်မယ်။ဆုတောင်းလို့။ နောက်ဘ၀ ဒီနိုင်ငံမှာ လူလာဖြစ်အောင်။ကျွန်တော်တို့ဆီက တက္ကသိုလ်တွေက အရမ်းကို အားရစရာကောင်းပါတယ်။ အခြေခံပညာရေးမှာ တွေးတောတတ်တဲ့ အကျင့်၊ လုံလောက်တဲ့ ဘာသာရပ်ဆိုင်ရာ အခြေခံသဘောတရား၊ လူကျင့်ဝတ်နဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းတတ်မှု စတာတွေကို အထူးဂရုစိုက်ပြီး သင်ပေးလိုက်တဲ့အခါ တက္ကသိုလ်ပညာရေးဟာ တကယ့်လူတော်တွေ မွေးဖွားရာနေရာကြီး ဖြစ်လာခဲ့တယ်။ အထက်တန်းပညာရေးနဲ့ တက္ကသိုလ်ပညာရေး အကူးအပြောင်းမှာ ကိုယ်နှစ်သက်တဲ့ ဘာသာရပ်၊ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဘာသာရပ်ကို ရွေးချယ်ဖို့ ကောလိပ်ပညာရေးကိုလည်း သင်ယူစေပါတယ်။ ဒါကြောင့်မို့ တက္ကသိုလ်ရောက်လာတဲ့ ကျောင်းသားတွေဟာ ယောင်ချာချာမဖြစ်တော့ဘဲ သူတို့ဘာလုပ်ရမယ်။ ဒီတက္ကသိုလ်ကနေ သူတို့ ဘာယူရမယ်ဆိုတာ သိနေကြတယ်။ ကျောင်းသားတစ်ယောက်အတွက် ကျောင်းကသင်တဲ့စာကို တာဝန်ကျေပွန်အောင် လေ့လာဖို့နဲ့ အဲဒီဘာသာရပ်ကို လက်တွေ့ ဘယ်လိုအသုံးချရမယ်ဆိုတာ သိဖို့က အရေးအကြီးဆုံးတာဝန်တွေပဲ မဟုတ်လား။ သူတို့က ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်တွေလေ။သူတို့ရဲ့ စာသင်နှစ်တွေအတွင်း ကိုယ့်တက္ကသိုလ်ကို လာရောက်လေ့လာကြတဲ့ နိုင်ငံစုံက ကျောင်းသားတွေနဲ့ တွေ့တဲ့အခါ ကျွန်တော်တို့ ကျောင်းသားတွေကပဲ ဦးဆောင်ပြီး သက်ဆိုင်ရာဘာသာရပ်တွေကို ဆွေးနွေးကြတယ်။ တခြားနိုင်ငံက ကျောင်းသားတွေထက် အခြေခံအရည်အချင်းအပြင် စဉ်းစားတွေးခေါ်ပုံ ပိုသာတဲ့ ကျွန်တော်တို့ ကျောင်းသားတွေက နိုင်ငံတကာအထိ သူတို့တက္ကသိုလ်တွေရဲ့ ဂုဏ်သတင်းကို ထိုးဖောက်ရောက်ရှိစေတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ တက္ကသိုလ်တွေက ဘွဲ့ရလာတဲ့ ကျောင်းသားတွေဆို တစ်ကမ္ဘာလုံးက အထင်ကြီးကြတယ်။ဂုဏ်ယူစရာအရမ်းကောင်းတဲ့နောက် ကိစ္စတစ်ခုကတော့ ကျွန်တော်တို့နိုင်ငံက လူမှုကွန်ရက်အသုံးပြုတဲ့သူတွေပဲဗျ။ သူတို့က အရမ်းအတွေးအခေါ်တွေ ကောင်းတော့ သူတို့ရေးတဲ့ စာတမ်းတွေ၊ စာတိုပေစတွေ၊ အမြင်တွေ နဲ့ မှတ်ချက်တွေကို နိုင်ငံတကာမှာ ဘာသာတွေပြန်ပြီး စာအုပ်တွေ ထုတ်ဝေနေလိုက်ကြတာ သူတို့ရဲ့ နိုင်ငံအကြီးအကဲတွေအထိတောင် စာအုပ်တွေက ပေါက်ရောက်တယ်။အွန်လိုင်းပေါ်မှာရှိတဲ့အရာတွေဟာ အလိမ်အညာတွေ၊ အမှားတွေဖြစ်ဖို့ ရာခိုင်နှုန်း ၈၀ ကျော်လောက် သေချာနေတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံက လူမှုကွန်ရက် အသုံးပြုသူတွေက ဒီလောက်ဉာဏ်ပညာမြင့်မားစွာ ဝေဖန်သုံးသပ်ပြနေမှတော့ သူတို့ အထင်ကြီး လေးစားလက်ဖျားခါပြီပေါ့ဗျာ။“သားအလုပ်သွားဖို့ မင်းမထသေးဘူးလား..ထ...ထ..ထ..”“ဟာ ငါ အိပ်ရာထဲမှာပါလား”အဘခေါ်နှိုးမှ အတင်းကုန်းထလိုက်တယ်။ အဘက နောက်ကျနေပြီ ရေသွားချိုးတဲ့။ အပြစ်တင်ချင်ပုံပဲ။ ဒါပေမဲ့ ကျွန်တော်လိုချင်တဲ့ နိုင်ငံတော်ကြီးကို အိပ်မက်ထဲမှာ လွတ်လွတ်လပ်လပ် တည်ဆောက်ပစ်လိုက်တာ သူ လုံးဝမသိဘူးလေ။