အမြင်မတော် ဆင်တော်နှင့် ခလောက်

အမြင်မတော် ဆင်တော်နှင့် ခလောက်
Published 23 February 2015
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံရှေ့နေများကွန်ရက်)

အမျိုးသားပညာရေး ဥပဒေမူကြမ်း၊ ကျောင်းသားသပိတ်စစ်ကြောင်းများ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ၊ လောက်ကိုင်တိုက်ပွဲများဖြင့် သတင်းစာမျက်နှာများတွင် ပြင်းထန်စွာ မြည်ဟည်းပေါက်ကွဲနေစဉ် အသံတိတ် သတင်းတစ်ပုဒ် ကြားဖြတ် ပေါ်ပေါက်လာပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲ . . ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစေရမည်တဲ့...။ (၁၆.၂.၂၀၁၅) နေ့က ရန်ကုန်မြို့ Park Royal Hotel တွင် ကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရာ အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ပါတီစွဲ မထားရန် ကော်မရှင်ဥက္ကဋ္ဌ ထပ်မံသတိပေးဟူသည့် ဓာတ်ပုံစာသားကို ဖတ်ရတော့ ငါးခူ သံပရာသီး ညှစ်ထားသလို၊ မချိုမချဉ် ပြုံးရမလား၊ ငယ်စဉ် ကလေးဘဝတုန်းကလို ‘ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော’ ဟု အော်၍ မပြုံးဘဲ ဝါးလုံးကွဲ ရယ်လိုက်ရမလားဟု အတွေးပေါ်မိပါသည်။စစ်အစိုးရ အဆက်ဆက်တွင် သမိုင်းတွင်သော ဟာသများ ရှိခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ‘မန်ကျည်းထန်းလျက် မျိုးချန်း ကျန်တာ အကုန်ပို့’ တို့၊ ‘ဥပဒေက မည်သို့ပင် ဆိုစေကာမူ’ တို့ ကျော်ကြားခဲ့ပြီး နဝတခေတ် ဗိုလ်ချုပ်မှူးကြီးစောမောင် လက်ထက်တွင်မူ ‘ဝဲသာမကောင်းရင် ပြင်လိုက်ပေါ့’၊ ‘ကျွန်းပင်ကြီးက ကိုင်းပင်ကြီးကိုမှီ ကိုင်းပင်ကြီးက ကျွန်းပင်ကြီးကိုမှီ’ တို့၊ သမ္မတကြီး ဦးသိန်းစိန်လက်ထက် နွားနို့သောက်၊ ဖယောင်းတိုင်ထွန်းပြီး တစ်နေ့နှစ်ထောင်နှင့် နယ်လှည့်ပါးရိုက်သူ စသဖြင့် အံ့ဖွယ်သုတ အလီလီ ပေါ်ပေါက်ခဲ့ပါသည်။ ယခု ရွေးချယ်တင်မြှောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးကလည်း ကိုယ့်ဘဝကိုယ် သတိမရ၍ပဲလား၊ မျက်နှာပြောင် တိုက်၍လား မသိ အရပ်ဘက် အဖွဲ့အစည်းများ ပါတီမစွဲရန် ပြောခြင်းမှာ ကျန်အဖွဲ့အစည်းများတော့ ပါတီစွဲခွင့် ရှိသည်ဟု ဆိုလိုရင်းပေလား။ရွေးကောက်ပွဲတစ်ပွဲ၊ လွတ်လပ်သန့်ရှင်း တရားမျှတမှု ရှိမရှိမှာ ရွေးကောက်ပွဲကော်မရှင်ပေါ်တွင် ရာနှုန်းအတော်များများ တည်မှီနေသည်။ နိုင်ငံတကာ စံနှုန်းအရတော့ ရွေးကောက်ပွဲ ကော်မရှင်ဟူသည် အာဏာရပါတီ၊ အစိုးရနှင့် သာမက အတိုက်အခံနှင့် ပါလွတ်ကင်းပြီး အများပြည်သူ ယုံကြည်ကိုးစားမှုရှိသည့် ပုဂ္ဂိုလ်များ၊ အထူးသဖြင့် တရားလွှတ်တော်ချုပ် တရားသူကြီးများက ဆောင်ရွက်လေ့ ရှိကြပါသည်။ မြန်မာ့သမိုင်းတွင် အသန့်ရှင်းဆုံး ရွေးကောက်ပွဲဟု မော်ကွန်းတင်ခဲ့သည့် ၁၉၆၀ ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲ အပြီးအနိုင်ရကာ အစိုးရဖွဲ့ခဲ့သည့် ဝန်ကြီးချုပ် ဦးနုက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းအား ခေါ်ယူတွေ့ဆုံပြီး ရွေးကောက်ပွဲအတွင်း စစ်တပ်ဘက်လိုက်မှုများကို တိုင်ကြားသည်။ဗိုလ်ချုပ်ကြီးနေဝင်း ဒေါသထွက်ပြီး ဗိုလ်မှူးချုပ် အောင်ရွှေ၊ ဗိုလ်မှူးကြီး ချစ်ခိုင်၊ ဗိုလ်မှူးကြီး ကြည်ဝင်း စသည့် တပ်မှူးများကို တပ်မှထွက်ခိုင်းသည်။ ၁၉၇၄ ခုနှစ်၊ လမ်းစဉ်ပါတီ အစိုးရလက်ထက် ရွေးကောက်ပွဲများကိုတော့ မည်သူမှ စိတ်မဝင်စား၊ ပြည်သူတစ်ရပ်လုံးက ကိုယ်နှင့်မသက်ဆိုင်သလို (အမှန်တကယ်လည်း မသက်ဆိုင်ပါ) ဘာသိဘာသာ နေခဲ့ကြသည်။ နဝတ စစ်အစိုးရခေတ် ၁၉၉၀ ရွေးကောက်ပွဲကြီးကိုတော့ ဒီမိုကရေစီ အင်အားပြပွဲကြီးအဖြစ် ပြည်သူတစ်ရပ်လုံး ပါဝင်ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တစ်ခဲနက် မဲပေးခဲ့ကြသည်။ အမှန်စင်စစ် ထိုရွေးကောက်ပွဲမှာလည်း လွတ်လပ်တရားမျှတမှု အပြည့်အဝရှိသည်ဟု မဆိုနိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ချထားပြီး အတိုက်အခံ အများစုကို ထောင်သွင်းအကျဉ်းချကာ ရက်ရက်စက်စက် ဖိနှိပ်ပြီး၊ ဓားမိုးကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။ ပြိုင်ဘက်လက်ဝှေ့သမားကို နောက်ပြန် လက်ထိတ်ခတ် ယှဉ်ပြိုင်သည့်ပွဲတွင် မသမာသူတို့ ခွက်ခွက်လန်၊ မရှုမလှ ရှုံးနိမ့်ခဲ့ကြရသည်။ ထိုစဉ်က ရွေးကောက်ပွဲ ကော်မရှင်မှာ အာဏာရ စစ်အစိုးရနှင့် လည်းကောင်း၊ မဆလပါတီနှင့် လည်းကောင်း တိုက်ရိုက် မပတ်သက်သည့် ဦးဘဌေး၊ ဦးစောကြာဒိုး၊ ဆရာချယ် စသူတို့ ပါဝင် ကြီးကြပ်ခဲ့ကြသည်။ သိပ်ဗြောင်မကျဟု ဆိုရပါမည်။
ရွေးကောက်ပွဲတစ်ပွဲ၊ လွတ်လပ်သန့်ရှင်း တရားမျှတမှု ရှိမရှိမှာ ရွေးကောက်ပွဲကော်မရှင်ပေါ်တွင် ရာနှုန်းအတော်များများ တည်မှီနေသည်။ နိုင်ငံတကာ စံနှုန်းအရတော့ ရွေးကောက်ပွဲ ကော်မရှင်ဟူသည် အာဏာရပါတီ၊ အစိုးရနှင့် သာမက အတိုက်အခံနှင့် ပါလွတ်ကင်းပြီး အများပြည်သူ ယုံကြည်ကိုးစားမှုရှိသည့် ပုဂ္ဂိုလ်များ၊ အထူးသဖြင့် တရားလွှတ်တော်ချုပ် တရားသူကြီးများက ဆောင်ရွက်လေ့ ရှိ . . . . .

ယခု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌမှာ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) တစ်နည်းအားဖြင့် ယခင်စစ်အစိုးရလက်ထက် ဆဋ္ဌမဆင့်ခေါင်းဆောင်ဟု နိုင်ငံတကာက သတ်မှတ်ခြင်းခံရသူ ဖြစ်သည်။ စစ်လက်နက်ပစ္စည်း အဝယ်တော်တစ်ဦးလည်း ဖြစ်သည်။ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်ဖြစ်ပြီး တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက် ခံရသူလည်း ဖြစ်သည်။၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၃၉၈ (ခ)တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။၃၉၈။ (ခ) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်(၁) အသက် ၅၀ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။(၂) အသက်ကန့်သတ်ချက်မှအပ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ ဖြစ်ရမည်။(၃) (ကက) ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ဖြစ်စေ၊ အလားတူ အထူးတာဝန် တစ်ခုခုတွင် ဖြစ်စေ အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူ ဖြစ်ရမည် သို့မဟုတ်(ခခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေး အရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ရမည် သို့မဟုတ်(ဂဂ) တရားလွှတ်တော် ရှေ့နေအဖြစ် အနည်းဆုံး နှစ် ၂၀ အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူ ဖြစ်ရမည်။ သို့မဟုတ်(ဃဃ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ ဖြစ်ရမည်။(၄) သိက္ခာသမာဓိနှင့် ပြည့်စုံပြီး အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်ရမည်။(၅) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်း မရှိသူ ဖြစ်ရမည်။(၆) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။(၇) နိုင်ငံရေးပါတီဝင် မဟုတ်သူ ဖြစ်ရမည်။(၈) လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ ဖြစ်ရမည်။(၉) လစာ၊ စရိတ်၊ ကြေးငွေရသော အခြားမည်သည့် ရာထူးကိုမျှ လက်ခံခြင်း မပြုသူ ဖြစ်ရမည်။ယင်းစံနှုန်းများနှင့် တိုက်ဆိုင် စိစစ်လျှင် ယင်းပုဒ်မ-၃(ကက) (ခခ)(ဂဂ) အချက်များနှင့် တစ်ချက်မှ ပြည့်စုံခြင်း မရှိဘဲ ၃ (ဃဃ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသူ ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ ဖြစ်ရမည်ဟူသည့် အချက်နှင့်သာ ကိုက်ညီကြောင်း တွေ့ရပါသည်။ (အရှင်မွေးလျှင် နေ့ချင်းကြီးသည့် ပြဋ္ဌာန်းချက် ဖြစ်ပါသည်) ယင်းပုဒ်မ-၇၊ ပုဒ်မ-၈ တို့အရ နိုင်ငံရေးပါတီဝင် မဟုတ်သူ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ ဖြစ်ရပါမည်။ (၁၆.၂.၂၀၁၁) တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီး (၁၇.၂.၂၀၁၁) ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ဥပဒေကို လက်တစ်လုံးခြား ရှောင်ရှားခြင်း ဟုတ်မဟုတ် ခွင့်ပြုသင့်မသင့် စဉ်းစားရမည့်အချက် ဖြစ်သည်။ ပိုဆိုးသည်မှာ ရွေး/ကောက် ဥက္ကဋ္ဌက သမ္မတ ခရီးစဉ်များတွင် လိုက်ပါခဲ့ခြင်း၊ ပြီးခဲ့သည့်နှစ် ပုသိမ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကြိမ်းမောင်းပြီး ‘ကျုပ်လုပ်ပိုင်ခွင့် ရှိတယ်၊ တွေ့မယ် ဝင်ချင်ဝင် မဝင်ချင်နေ’ စသဖြင့် ကြားနေ သမာသမတ်ရှိသူ တစ်ဦးပုံစံမျိုး မဟုတ်ဘဲ ဒေါသတကြီး အငြိုးထားနေသူပုံပေါက်ခြင်း စသည်တို့မှာ မသင့်တော်ပါ။ ဇာတ်လမ်းက ဒီတွင်မရပ်၊ ကိုယ့်အခွင့်အာဏာ ကိုယ့်နေရာမဟုတ်ဘဲ အာဏာပြန်သိမ်းမယ် စသဖြင့် ခြိမ်းခြောက်ပြောဆိုခဲ့ခြင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ညီလာခံတက်ခြင်း စသည့်စွပ်စွဲချက်များ ပေါ်ထွက်နေပြန်ပါသည်။နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် ယဉ်ကျေးဖွယ်ရာ ပြောတတ်သူ လူကြီးလူကောင်းတစ်ဦး ဖြစ်ရုံသာမက ဖြောင့်မတ်တည်ကြည်သူတစ်ဦး ဖြစ်သည်ဟုလည်း ကျွန်တော် ယူဆပါသည်။ ယောက်ျားပီပီ၊ စစ်သားပီပီ၊ ရဲရဲရင့်ရင့် ရန်သူကိုရင် ဆိုင်တတ်သူဟုလည်း ကျွန်တော်ယုံကြည်ပါသည်။ ရွေးကောက်ပွဲတွင် ကြိုမဲများ၊ သူခိုးမဲများ၊ ညစ်ကွက် လှည့်ကွက်များဖြင့် အနိုင်ရခြင်းထက် ရိုးဖြောင့်စွာ ယှဉ်ပြိုင်ရင်း ရှုံးနိမ့်သည်က ပိုဂုဏ်ရှိပါသည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အောက်ရှိ တိုင်းနှင့်ပြည်နယ် ၁၄ ခု တိုင်းကော်မရှင်များ၊ ခရိုင် ၆၆ ခုမှ ခရိုင်ကော်မရှင်များ မြို့နယ် ၃၃၀ မှ မြို့နယ်ကော်မရှင်၏ အဖွဲ့ဝင်များကို အစိုးရဌာနဆိုင်ရာမှ ကိုးဦးနှင့်မဲရုံအတွက် တာဝန်ယူရမည့် ကော်မရှင်က ဖွဲ့စည်းထားသူ ၆ ဦး၊ စုစုပေါင်း ၁၅ ဦးဖြင့် အဖွဲ့တိုင်းတွင် ဖွဲ့စည်းထားသည်။ ဆိုခဲ့သည့်အတိုင်း ရွေး/ကော် ဥက္ကဋ္ဌမှာ အာဏာရပါတီထိပ်တန်း၊ ခေါင်းဆောင်ကြီး၊ အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီးဖြစ်ပြီး ကျန်အဖွဲ့ဝင်တို့မှာလည်း အစိုးရဌာန ဝန်ထမ်းအငြိမ်းစား အများစုနှင့် အစိုးရနှင့် နီးစပ်သူများ ဖြစ်ပါသည်။ ကော်မရှင်ခွဲ အသီးသီးမှ ခြောက်ဦးစီပါဝင်သည့် အဖွဲ့ဝင် အများစုမှာ တပ်မတော် အငြိမ်းစားများဖြစ်ပြီး၊ အခြားဌာနဆိုင်ရာ ပါဝင်သူ ဆိုသူများမှာလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဟောင်း အများစုနှင့် တပ်အငြိမ်းစားများသာ ဖြစ်ကြပါသည်။ဤအခြေအနေတွင် သုံးချက်တွက်နည်းဖြင့် တွက်ကြည့်လျှင်ပင် ၂၀၁၅ ရွေးကောက်ပွဲ၏ လွတ်လပ်မှု အလားအလာမှာ အတော်မှေးမှိန်နေသည်ဟု ဓမ္မဒိဋ္ဌ အခြေအနေများက ညွှန်ပြနေပေသည်။ နိုင်ငံရေးပါတီများက ရွေးကောက်ပွဲကော်မရှင်ကို မကန့်ကွက်ခြင်းမှာ မကန့်ကွက်ရဲ၍လား၊ ကန့်ကွက်လျှင်လည်း ဘာမျှထူးလာမည် မဟုတ်ဟု ယူဆ၍လား မပြောတတ်ပါ။ သို့ဆိုလိုက်၍ ရွေး/ကော်ဥက္ကဋ္ဌ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးကို ဘက်လိုက်မည်၊ မလျော်မကန် ဆောင်ရွက်မည်ဟု ဆိုလိုခြင်း၊ စွပ်စွဲခြင်း မဟုတ်ပါ။ ‘မပြေးသော် ကန်ရာရှိ’ ဟုဆိုနိုင်သည့် ‘အမြင်မတော်..ဆင်တော်နှင့်ခလောက်’ အခြေအနေမျိုးမို့ ကာယကံရှင်က ဂုဏ်သိက္ခာရှိရှိ၊ သတ္တိရှိရှိဖြင့် မိမိနှင့် မသင့်တော်ကြောင်း၊ တာဝန်ခံကာ နုတ်ထွက်လျှင်ဖြင့် လူသာဓုခေါ်...နတ်သာဓုခေါ် ကောင်းလှောင့်တေး...ကောင်းလှောင့်တေးဟု ဆိုရပေမည်။ သို့ရာတွင် ဦးသာဗြော၏ ကြေးစည်ကြီးကဲ့သို့ မြည်လိမ့်မည် ထင်ပါသည်။