လူရယ်လို့ဖြစ်လာကြရင် လောကဓမ္မတာအရ အနိမ့်အမြင့်၊ အတက်အကျ၊ အရှုံးနဲ့ အနိုင်၊ အဆိုးနဲ့အကောင်းဆိုတဲ့ လောကဓံတရားတွေကို ရင်ဆိုင်ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။ လူချင်းတူပေမယ့် အသက်ရှူတာချင်း မတူဆိုသလိုပဲ။ မွေးဖွားချိန်ကစပြီး ဘဝကို အခတ်အခဲမရှိ အစစအရာရာပြည့်စုံ ကြွယ်ဝစွာနဲ့ ဖြတ်သန်းကြီးပြင်းကာ လျှောက်လှမ်းနေသူတွေနဲ့ မွေးဖွားချိန်ကစပြိး အရာရာချို့တဲ့စွာနဲ့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဆင်းရဲကျပ်တည်းစွာ ဖြတ်သန်းကျော်ဖြတ်နေရသူတွေ ရှိနေကြပါတယ်။ ထို့အတူ မိဘဘိုးဘွားအစဉ်အဆက် မှန်ကန်တဲ့ရပ်တည်ချက်တွေနဲ့ ကြိုးစားရုန်းကန်ပြီး ချမ်းသာလာကြတဲ့သူတွေရှိသလို အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပေါင်းကာ မတရားသဖြင့် ရယူပိုင်ဆိုင်မှုတွေ နဲ့ ချမ်းသာကြွယ်ဝနေကြတဲ့ ခါတော်မီ ခေတ်ပျက်သူဌေးတွေလည်း ရှိနေကြပါတယ်။ ဘဝကို ရိုးရိုးသားသားကြိုးစားပြီး မှန်ကန်တဲ့ ရပ်တည်ချက်တွေ၊ ရည်ရွယ်ချက်တွေနဲ့၊ ကြိုးစားရုန်းကန် လျှာက်လှမ်းနေကြပေမယ့် ခေတ်စနစ်ရဲ့ ဆိုးမွေတွေကြောင့် လုပ်သလောက် အကျိုးခံစားခွင့်မရရှိကြဘဲ လမ်းလျှောက်ရင်း လမ်းပျောက်နေကြတဲ့သူတွေ တစ်နေ့တခြား များပြားလာခြင်းဟာ နိုင်ငံအတွက် ကောင်းသောအနေအထား တစ်ရပ်တော့ မဟုတ်ပါဘူး။လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်ဖြစ်စေ ရေရှည်တည်တံ့ ခိုင်မြဲဖို့ဆိုတာ ခဲယဉ်းနေပါလိမ့်မယ်။ မိမိတို့ မိသားစုရဲ့ ရပ်တည်ချက်တွေ၊ လုပ်ဆောင်ချက်တွေဟာ မိမိတို့ အကျိုးစီးပွားကို ဦးတည်နေတယ်ဆိုပေမယ့် မိမိတို့ မိသားစုအတွက် ကောင်းကျိုးတွေဟာ ပတ်ဝန်းကျင်ကို ဆိုးကျိုးတွေ၊ အနှောင့်အယှက်တွေ၊ ဝန်ထုပ်ဝန်ပိုးတွေ မပေးမိဖို့လိုပါတယ်။ ထို့အတူပါပဲ မိမိတို့အဖွဲ့အစည်း အောင်မြင်တိုးတက်ကြီးပွားပြီး ရေရှည်တည်တံ့ခိုင်မြဲဖို့ အခြားသော အဖွဲ့အစည်းတွေ၊ ပြည်သူတွေရဲ့အပေါ်မှာ ဆိုးကျိုးတွေ၊ ဝန်ထုပ်ဝန်ပိုးတွေ မပေးမိဖို့ လိုပါတယ်။ မိမိတို့လျှောက်တဲ့လမ်း၊ မိမိတို့အဖွဲ့အစည်း လျှောက်တဲ့လမ်းဟာ မှန်ကန်မယ်၊ တရားမျှတမယ်၊ မှန်ကန်တဲ့ ရပ်တည်ချက်၊ ရည်ရွယ်ချက်တွေရှိပြီး အများပြည်သူ အကျိုးစီးပွားကို ရှေးရှုမယ်ဆိုရင် ပြည်သူလူထုရဲ့ ကြိုဆိုမှု၊ ထောက်ခံအားပေးမှုတွေနဲ့ မလွဲမသွေ ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မိမိတို့လျှောက်တဲ့လမ်း၊ မိမိတို့အဖွဲ့အစည်း လျှောက်တဲ့လမ်းဟာ အများပြည်သူတွေ အကျိုးစီးပွားအတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေ ဖြစ်လာမယ်။ မှန်ကန်တဲ့ ရပ်တည်ချက်တွေ မဲ့နေမယ်။ တရားမျှတမှု မရှိဘူး။ ပြည်သူတွေနဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေမယ်ဆိုရင်တော့ ပြည်သူအများစုရဲ့ ကန့်ကွက်မှု ဆန့်ကျင်ရှုတ်ချမှု၊ ပြစ်ပယ်ဒဏ်ခတ်မှုတွေနဲ့ မလွဲမသွေ ရင်ဆိုင်ကြရမှာပဲ ဖြစ်ပါတယ်။လောကရဲ့ ဓမ္မတာအရ ဘယ်အဖွဲ့အစည်း ဘယ်သူမဆို လျှောက်ရတဲ့ ဘဝခရီးလမ်းတစ်လျှောက်မှာ အခက်အခဲ အကျပ်အတည်းပေါင်းစုံကို ရင်ဆိုင်ကျော်ဖြစ်ရမှာ ဖြစ်ပါတယ်။ အခက်အခဲ အကျပ်အတည်းတွေကို ရင်ဆိုင်ဖြတ်ကျော်ခြင်းမရှိဘဲ ရရှိတဲ့ အောင်မြင်မှုဆိုတာ ရေရှည်တည်တံ့ မခိုင်မြဲနိုင်ပါဘူး။ လွယ်လွယ်နဲ့ အနိုင်ရမယ်။ လွယ်လွယ်နဲ့ အောင်မြင်မယ်။ လွယ်လွယ်နဲ့ ချမ်းသာကြီးပွားမယ်ဆိုရင် အဲဒါတွေဟာ လွယ်လွယ်နဲ့ပဲ ဇာတ်သိမ်းသွားကြပါလိမ့်မယ်။ မှန်ကန်တဲ့ ရပ်တည်ချက်တွေ၊ ခိုင်မာတဲ့စိတ်ဓာတ်တွေ၊ မဆုတ်မနစ် ကြိုးစားအားထုတ်မှုတွေ၊ မလျှော့တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့သာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းတွေကို ကျော်ဖြတ်သွားနိုင်ကြမှာ ဖြစ်ပါတယ်။ဘဝကို ရေစုန်မျောပြီး အလွယ်လိုက်ကာ ဖြတ်လမ်းလိုက်ပြီး အောင်မြင်ကြီးပွားလိုသူတွေအနေနဲ့လည်း သူတို့ကို မသေချာ မရေရာမှုတွေနဲ့ တရားဥပဒေရဲ့ ဒဏ်ခတ်မှုတွေ ဥစ္စာဓနနဲ့ အာဏာတွေဟာ မှန်ကန်တဲ့ ရပ်တည်ချက်၊ ရည်ရွယ်ချက်တွေ ကင်းမဲ့နေမယ်။အတ္တအကျိုးကို ရှေ့တန်းတင်ထားကြမယ်ဆိုရင် အဆုံးတစ်နေ့ ပြည်သူတွေရဲ့ ဒဏ်ခတ်ခြင်း၊ ရှုတ်ချခြင်း၊ ဆန့်ကျင်ခြင်းတွေ နဲ့ မလွဲမသွေ ဧကန်မုချ ကြုံတွေ့ကြရမှာပဲ ဖြစ်ပါတယ်။မှန်ကန်တဲ့ ရပ်တည်ချက်တွေ၊ ရည်ရွယ်ချက်တွေနဲ့အတူ လျှောက်လှမ်းနေကြတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေဟာ ဘယ်သူ့မျက်နှာကိုမှ ထောက်နေစရာ ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုပါဘူး။ မိမိတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ ရပ်တည်ချက်တွေ ရည်ရွယ်ချက်တွေဟာ အများပြည်သူ အကျိုးစီးပွားအတွက် ဦးတည်နေမယ်။ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမှ ဆိုးကျိုးသက်ရောက်မှု မရှိဘူး။ ထိခိုက်နစ်နာမှုတွေ မရှိဘူးဆိုရင် ကြောက်စိတ်တွေကင်းပြီး အင်အားတွေလည်း အလိုလို တိုးပွားလာမှာ ဖြစ်ပါတယ်။ ကြောက်စိတ်ကင်းပြီး မှန်ကန်တဲ့ ရပ်တည်ချက်၊ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ရည်ရွယ်ချက်၊ ဆုံးဖြတ်ချက်တွေရှိမှသာ လိုရာခရီးကို ရောက်မှာဖြစ်ပါတယ်။ အထူးသဖြင့် ဘယ်နယ်ပယ်မှာပဲ ဖြစ်ဖြစ် မိမိတို့ရဲ့ ရပ်တည်ချက်တွေ၊ ရည်ရွယ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေဟာ ဘယ်သူ့ပယောဂမှ မပါဘဲ မိမိတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင် ရပ်တည်ချက်တွေဖြစ်ဖို့ အရေးကြီးလှပါတယ်။ “ အများယောင်လို့ ယောင်ရတယ်။ အမောင်တောင် မှန်းမြောက်မှန်းမသိ” ဆိုတာမျိုး မဖြစ်ဖို့ လိုပါတယ်။မှန်ကန်တဲ့ ရပ်တည်ချက်တွေနဲ့အတူ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဆုံးဖြတ်ချက် ချနိုင်သူတွေများလာမှသာ မိမိတို့နိုင်ငံသွားလိုတဲ့ ရည်မှန်းချက်ခရီးကို ရောက်အောင် အခက်အခဲမရှိ ရင်ဆိုင်ဖြတ်ကျော် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ယနေ့အချိန်အခါဟာ စာရေးသူတို့နိုင်ငံရဲ့ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီခရီးလမ်းဟာ အလွန်ကြမ်းတမ်းတဲ့ အချိန်ကာလကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ နဂိုကတည်းကမှ မချောမွေ့လှတဲ့ ခရီးဟာ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလ နီးကပ်လာတာနဲ့အမျှ အတားအဆီး အခက်အခဲတွေနဲ့ ကြုံတွေ့ကြုံတွေ့၊ နောက်မဆုတ်စတမ်း မှန်ကန်တဲ့ ရပ်တည်ချက်၊ ခိုင်မာတဲ့ စိတ်ဓာတ်ရည်ရွယ်ချက် ဆုံးဖြတ်ချက်တွေနဲ့အတူ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့ ရှေ့ဆက်လှမ်းကြရမှာပဲ ဖြစ်ပါတယ်။ အောင်မြင်မှုနဲ့ ဆုံးရှုံးမှုဆိုတာ ဒွန်တွဲနေလျက်ပါ။ အောင်မြင်မှုရရှိဖို့ ကြိုးစားမှုတိုင်း ဆုံးရှုံးမှုဆိုတာတွေဟာ ကြုံ တွေ့နေရစမြဲပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အထပ်ထပ်အခါ ဆုံးရှုံးမှုတွေကနေ ဟာကွက်၊ ပျော့ကွက်တွေကို သင်ခန်းစာယူပြီး မိမိတို့ လျှောက်လှမ်းမယ့်လမ်းခရီးကို ခရီးလမ်းဆုံးသည့်တိုင် အကျပ်အတည်း အတားအဆီး အခက်အခဲတွေကို ဖြတ်ကျော်ကာ လျှောက်လမ်းကြရမှာ ဖြစ်ပါတယ်။အမှန်တကယ်တော့ နိုင်ငံတော်အနာဂတ်ရဲ့ အရေးကြီးတဲ့ အချိန်ကာလမှာ တစ်ဦးနဲ့ တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမုန်းတရားနဲ့ သံသယစိတ်တွေ ဖယ်ရှားပြီး ယုံကြည်မှုတွေ အပြည့်အဝထားကာ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အနာဂတ်ကောင်းကျိုးကို အတူတကွ ဖော်ဆောင်ကြဖို့ အချိန်တန်နေပါပြီ။ အမျိုးသားရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေး ဖြစ်စေ၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးဖြစ်စေ၊ ပညာရေးအတွက် တွေ့ဆုံဆွေးနွေးရေးဖြစ်စေ၊ အများပြည်သူ အကျိုးစီးပွားကိုရှေးရှုတဲ့ မှန်ကန်တဲ့ ရပ်တည်ချက်တွေ ရှိဖို့လိုပါတယ်။ အစိုးရအဖွဲ့အစည်းဖြစ်စေ၊ တပ်မတော်ဖြစ်စေ၊ အတိုက်အခံအဖွဲ့အစည်းဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်စေ၊ နယ်ပယ်ပေါင်းစုံက အရပ်ဘက်အဖွဲ့အစည်းဖြစ်စေ၊ တိုင်းရင်းသားပြည်သူတွေကို မျက်နှာမမူဘဲ မှန်ကန်တဲ့ ရပ်တည်ချက်တွေ၊ ရည်ရွယ်ချက်တွေကနေ သွေဖည်သွားမယ်ဆိုရင်တော့ တိုင်းရင်းသား ပြည်သူတွေနဲ့ အလှမ်းဝေးနေမှာပဲ ဖြစ်ပါတယ်။မည်သို့ပင်ဆိုစေကာမူ နိုင်ငံနဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားအပေါ် မှန်ကန်တဲ့ ရပ်တည်ချက်တွေ ရည်ရွယ်ချက်တွေထားရှိတဲ့ လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ၊ ပြည်သူတစ်ရပ်လုံးက ထောက်ခံအားပေးနေမှာ ဖြစ်သလို ဘယ်လိုပင် ခက်ခဲကြမ်းတမ်းတဲ့ ခရီးကြမ်းဖြစ်စေ၊ ပြည်သူတွေရဲ့ ဝန်းရံမှုနဲ့အတူ ကျော်လွှားလွန်မြောက်နိုင်မှာ ဖြစ်ပါတယ်။ အများပြည်သူ အကျိုးစီးပွားကို ရှေးရှုတဲ့ ဒီမိုကရေစီခရီးကြမ်းမှာ ဘယ်လိုပင် အန္တရာယ်အမှောင့်ပယောဂ၊ နိုင်ငံရေးလှည့်ကွက်တွေကို ဖန်တီးထားစေကာမူ နိုင်ငံနဲ့ တိုင်းရင်းသားပြည်သူတွေအပေါ်ထားရှိတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေရဲ့ မှန်ကန်တဲ့ ရပ်တည်ချက်တွေ ခံယူချက်တွေနဲ့အတူ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေရဲ့ နင်းခြေကျော်ဖြတ်ခြင်းကို မလွဲမသွေခံကြရမှာ ဖြစ်ပါတယ်။ သို့ဖြစ်၍လည်း “ခေါင်းဆောင်လုပ်တဲ့သူတွေဟာ ကိုယ်ယုံကြည်တဲ့ကိစ္စကို တိုင်းသူပြည်သားတွေကို ပြောရဲရမယ်၊ ရှင်းပြနိုင်ရမယ်။ အသက်စွန့်သင့်တဲ့နေရာမှာ စွန့်ရဲရမယ်။ ပရိယာယ် သုံးသင့်တဲ့နေရာမှာ သုံးရမယ်၊ အချိန်အခါလိုက်ပြီး လုပ်ရမယ်။ အများယောင်လို့ ယောင်ရတယ် အမောင် တောင်မှန်းမြောက်မှန်းမသိဆိုရင် ခေါင်းဆောင်မဟုတ်ဘူး။ ကိုယ့် ကိုယ်ကိုယ် မယုံတဲ့လူဟာ ဘယ်အခါမှ တခြားလူကို မယုံဘူး။ ကိုယ့်တိုင်းသူပြည်သားကိုလည်း မယုံဘူး။ ကျွန်တော့်အဖို့ ကျွန်တော့်ကို ကျွန်တော် ယုံတယ်။ ခင်ဗျားတို့ကိုလည်း ယုံကြည်တယ်။ဗမာ့လွတ်လပ်ရေး ယုံကြည်တယ်။ ဘယ်ကိစ္စမဆို လုပ်ရင်မှားတယ်၊ မှန်တယ်ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်”ဆိုတဲ့ ၁၉၄၇ ခု နှစ် ဖေဖော်ဝါရီ ၂၈ ရက်က ရန်ကုန်မြို့ မြူနီစီပယ်ခန်းမမှာ ပြောကြားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကို အလေးအနက်ထားကာ တိုင်းပြည်နဲ့ပြည်သူတွေရဲ့ အနာဂတ်အတွက် မှန်ကန်တဲ့ရပ်တည်ချက်၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှသာ ဒီမိုကရေစီခရီးကြမ်းကို ဖြတ်ကျော်နိုင်မှာ ဖြစ်ပါကြောင်း တိုက်တွန်းဆော်ဩ ရေးသားလိုက်ရပါတယ်။
မှန်ကန်သောရပ်တည်ချက်နှင့် ဖြတ်ကျော်ရမည့်ခရီးကြမ်း
Most Read
Most Recent
10 hours ago
10 hours ago
10 hours ago
10 hours ago
10 hours ago
10 hours ago