လောက်ကိုင်ဒေသ တိုက်ပွဲများနှင့်ပတ်သက်၍ တပ်မတော်က သတင်းစာရှင်းလင်းပွဲကျင်းပ

လောက်ကိုင်ဒေသ တိုက်ပွဲများနှင့်ပတ်သက်၍ တပ်မတော်က သတင်းစာရှင်းလင်းပွဲကျင်းပ
Published 22 February 2015

လောက်ကိုင်ဒေသ တိုက်ပွဲများနှင့်ပတ်သက်၍ တပ်မတော်က သတင်းစာရှင်းလင်းပွဲကျင်းပ၊ ပန်ဆန်းဒေသတွင် “ဝ”အဖွဲ့မှ လက်နက်များ ထုတ်လုပ်နေကြောင်း၊ တရုတ်-မြန်မာနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များတွင် တရုတ်တပ်မတော်မှ တပ်ဖွဲ့ဝင်များနှင့် တရုတ်နိုင်ငံသားများ စစ်ရေးအကြံပေး၊ သင်တန်းနည်းပြများအဖြစ် ဝင်ရောက် စစ်မှုထမ်းဆောင်နေမှုများရှိဟု ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများ ထွက်ဆိုကြောင်း ရှင်းလင်း
လောက်ကိုင်ဒေသသို့ ကိုးကန့် သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်သည့် တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ဖေဖော်ဝါရီ ၂၁ ရက်တွင် ဘုရင့်နောင့်ရိပ်သာရှိ ခန်းမတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါတိုက်ပွဲများတွင် ဖုန်ကြားရှင်အဖွဲ့နှင့်အတူ KIA ၊ “ဝ” ၊ မိုင်းလား၊ TNLA၊ အက်စ်အက်စ်အေ (ဝမ်ဟိုင်း) အဖွဲ့တို့ ပါဝင်တိုက်ခိုက်ကြောင်း သတင်းစာရှင်းလင်းပွဲအရ သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက“ကိုးကန့် သောင်းကျန်းအဖွဲ့တွေနဲ့ ပါဝင်တိုက်ခိုက်နေတဲ့ အဲဒီအဖွဲ့တွေအနေနဲ့ ကိုယ့်တာဝန် ကိုယ်ယူရမယ်။ အခုဟာက ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာကို ထိပါးလာတဲ့အတွက် တပ်မတော်အနေနဲ့ အလျှော့မပေးဘူး။ ဆက်လက် တိုက်ခိုက်မယ်” ဟု ဆက်လက်ပြောကြားသည်။
ကိုးကန့်သောင်းကျန်းသူအဖွဲ့သည် ၎င်းတို့၏ နယ်မြေများကို ပြန်လည်သိမ်းယူနိုင်ရန်အတွက် လူ၊ လက်နက်အင်အား ဖြည့်တင်းလျက်ရှိကြောင်း၊ ၎င်းတို့ တစ်ဖွဲ့တည်းအားဖြင့် မဖြစ်နိုင်သည့်အတွက် အထူးသဖြင့် ဝ အဖွဲ့၊ မိုင်းလား၊ KIA ၊ TNLA အဖွဲ့များ၏ အကူအညီဖြင့် ပူးပေါင်းအဖွဲ့ ဖွဲ့စည်းထားကြောင်း ပြောကြားသည်။

လောက်ကိုင်ဒေသတိုက်ပွဲများနှင့်ပတ်သက်၍ တပ်မတော်က ဖေဖော်ဝါရီ ၂၁ ရက်တွင် သတင်းစာရှင်းလင်းပွဲကျင်းပစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)
ထို့အပြင် ကိုးကန့်သောင်းကျန်းသူများ ကိုင်ဆောင်သည့် လက်နက်များတွင် “ဝ” အဖွဲ့ မှ ထုတ်လုပ်သည်ဟုသိရသော ပုံစံ ၈၁-၁ ချေမှုန်းရေးရိုင်ဖယ်များ ရှိကြောင်း၊ ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသားများ၏ ထွက်ဆိုချက်များအရ ပန်ဆန်းဒေသတွင် “ဝ” အဖွဲ့မှ လက်နက်များ ထုတ်လုပ်နေကြောင်း၊ တရုတ်- မြန်မာနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များတွင် တရုတ်တပ်မတော်မှ တပ်ဖွဲ့ဝင်များနှင့် တရုတ်နိုင်ငံသားများသည် စစ်ရေးအကြံပေး၊ သင်တန်းနည်းပြများအဖြစ် ဝင်ရောက် စစ်မှုထမ်းဆောင်နေမှုများရှိကြောင်း ဆက်လက်ပြောကြားသည်။
ကိုးကန့်သောင်းကျန်းသူများနှင့် အခြားအဖွဲ့များ ဖွဲ့စည်းထားသည့် ပူးပေါင်းအဖွဲ့ ရည်ရွယ်ချက်မှာ ကိုးကန့်ဒေသ တစ်ခုလုံးအား သိမ်းပိုက်ရန်ဖြစ်ကြောင်း၊ ထို့အပြင် တရုတ်-မြန်မာနယ်စပ်မှ တစ်ဆင့် မြစ်ကြီးနားအထိ သိမ်းပိုက်ရန် ရည်ရွယ်ထားသည်ဟု သိရှိရကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။
ဆက်လက်၍ ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသားရှစ်ဦး၏ ပြောကြားချက်များအရ လောက်ကိုင်ဒေသ တိုက်ပွဲများတွင် တရုတ် ကြေးစားစစ်သားများ ပါဝင်သည်မှာ မှန်ကန်သည်ဟု ထွက်ဆိုကြကြောင်း ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံသား ရှစ်ဦး လက်နက်များနှင့်အတူဝင်ရောက်လာသည့် လမ်းကြောင်းကို ပြသစဉ်
ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက“တိုက်ပွဲအတွင်း အနီးကပ် ကွပ်ကဲသံများတွင် ကချင်စကား၊ “ဝ” စကားသံတွေ ပါဝင်နေတယ်ဆိုတာ တွေ့ရပါတယ်။ နောက်ပြီးတော့ အမျိုးသမီးအသံတွေပါ ကြားနေရတယ်ဆိုတာကို တိုက်ပွဲမှာ ပါဝင်ခဲ့သူတွေက ပြန်လည်ပြောပြပါတယ်။ နောက်ပြီးတော့ ကေအိုင်အေ၊ မိုင်းလား၊ ဝအဖွဲ့တွေ ပါဝင်ပတ်သက်နေပါတယ်” ဟု ပြောကြားသည်။
“ဒီနေ့ဆိုရင်လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ အခု အစည်းအဝေးခန်းထဲ မဝင်ခင်အထိ တိုက်နေကြတုန်းပဲ။ လေကြောင်းပစ်ကူတွေ အပါအဝင်ပေါ့။ ဒီဒေသမှာ ကိုးကန့်သောင်းကျန်းသူတွေ ခြေကုပ်မယူနိုင်တဲ့အထိ တိုက်ခိုက်မယ်။ ပြီးရင်တော့ ကိုးကန့်ဒေသကို အေးချမ်းတည်ငြိမ်အောင် အမြန်ဆုံးတည်ဆောက်သွားမယ်”ဟု ဒုတိယဗိုလ်ချုပ်ကြီးက ပြောကြားသည်။

“ဝ” အဖွဲ့ စက်ရုံမှထုတ်လုပ်သည့် ချေမှုန်းရေးရိုင်ဖယ်နှင့် တရုတ်လက်ပစ်ဗုံးကို ပြသစဉ်
နယ်စပ်ဒေသများတွင် လက်နက်မှောင်ခိုဈေးကွက် ကျယ်ပြန့်နေကြောင်း၊ အဆိုပါဈေးကွက်များကို နယ်စပ် လက်နက်ကိုင်အဖွဲ့များမှ စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ် လုပ်ကိုင်နေကြကြောင်း၊ ထို့အတွက် နိုင်ငံအတွင်းသို့ လက်နက်ခဲယမ်းများ အရေအတွက် မည်မျှ ရောက်ရှိနေမည်ကို မသိရှိနိုင်ကြောင်း ဆက်လက်ပြောကြားသည်။
“အခုတိုက်ပွဲမှာ KIA က မပါဘူးလို့ ငြင်းထားတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်နေတဲ့ ကိုက် ၅ဝ လောက်အတွင်းမှာ အမိန့်ပေးတဲ့ အသံက အကျယ်ကြီး အော်ပြောရတာပါ။ တရုတ်အသံတွေ၊ “ဝ” အသံတွေ၊ ကချင်အသံတွေ၊ ရှမ်းအသံတွေ ကြားနေရတယ်ဆိုတာကို တိုက်ပွဲမှာ ရောက်နေတဲ့ ကျွန်တော်တို့ဆီက အရာရှိတွေရော၊ စစ်သည်တွေကရော ပြန်ပြောပြတာတွေ ရှိပါတယ်”ဟု ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။

ကိုးကန့်သောင်းကျန်းသူအဖွဲ့၏ အသုံးအဆောင်ပစ္စည်းများ ပြသစဉ်
လောက်ကိုင်ဒေသတိုက်ပွဲတွင် ဖေဖော်ဝါရီ ၁၂ ရက်မှ ယနေ့အထိ တပ်မတော်မှ အရာရှိ ခုနစ်ဦး၊ အခြားအဆင့် စစ်သည် ၄၇ ဦး အသက်ပေးခဲ့ရကြောင်း၊ အရာရှိ ၁၂ ဦး နှင့် အခြားအဆင့် ၉၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိတစ်ဦး အပါအဝင် ခုနစ်ဦး ကျဆုံးခဲ့ကြောင်း၊ ကိုးကန့်သောင်းကျန်းသူအဖွဲ့မှလည်း အကျအဆုံး များပြားသည်ဟု ဒေသခံများက ပြောဆိုကြောင်း သတင်းစာရှင်းလင်းပွဲအရ သိရသည်။
တပ်မတော်၏ တရားသော စစ်ဆင်နွှဲနေမှုကို တစ်နိုင်ငံလုံးရှိ ပြည်သူများက ထောက်ခံလျက်ရှိကြောင်း၊ ထိခိုက်ကျဆုံးသည့် စစ်သည်များအတွက် လှူဒါန်းမှုများကို အဆင့်အတန်း မခွဲခြားဘဲ ခွဲဝေပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ပြည်သူများ၏ လှူဒါန်းငွေ စုစုပေါင်းမှာ ကျပ် ၂ ဒသမ ၄ ဘီလျံ ခန့် ရှိကြောင်း ဆက်လက်ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲတွင် ပြသထားသော “ဝ” တပ်ဖွဲ့စခန်းနယ်မြေအား တွေ့ရစဉ်
ကကပြည်မှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းက “တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ မြဝတီဖေ့စ်ဘွတ်ကနေ အမြဲဖော်ပြသွားမှာပါ။ နောက်ပြီးတော့ သတင်းစာဂျာနယ်တိုက်တွေရဲ့ အီးမေးလ်တွေကတစ်ဆင့် အမြဲတမ်း ပေးပို့သွားမှာပါ။ ဖုန်းနဲ့ ဖြေဖို့ကျတော့ နည်းနည်းတော့ ခက်ပါတယ်”ဟု ပြောကြားသည်။
လောက်ကိုင်ဒေသ တိုက်ပွဲများတွင် ၎င်းတို့အဖွဲ့ ပါဝင်ခြင်းမရှိဟု KIA က ငြင်းဆိုထားကြောင်း သိရသည်။ TNLA အဖွဲ့ကမူ အဆိုပါတိုက်ပွဲများတွင် ၎င်းတို့ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။ သို့ရာတွင် “ဝ” အဖွဲ့ကမူ တိုက်ပွဲများတွင် ပါဝင်ခြင်း ရှိ မရှိကို ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားရာ လောက်ကိုင်ဒေသတွင် တပ်မတော်(လေ) မှ ရဟတ်ယာဉ်တစ်စင်းအား ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)

 

Most Read

Most Recent