ရေကြည်ရာမြက်နုရာ

ရေကြည်ရာမြက်နုရာ
Published 21 February 2015
စိုးခိုင်ညိန်း

“ရေကြည်ရာမြက်နုရာ” ဆိုတဲ့စကားကို လူတိုင်းနားလည်ပြီးသား ဖြစ်သည်။ အစစအရာရာ အဆင်မပြေသော ကိုယ့်ရပ် ကိုယ့်ရွာကိုစွန့်ပြီး အစစအရာရာ အဆင်ပြေနိုင်တဲ့ အရပ်ကို သွားရောက်ပြီး လုပ်ကိုင်စားသောက် နေထိုင်ကြတဲ့အခါမျိုးမှာ ရေကြည်ရာမြက်နုရာ ဆိုတဲ့စကားကို သုံးလေ့ရှိကြသည်။ ဒီလိုပဲ ရေကြည်ရာမြက်နုရာ ရှာနေကြရတာပဲဟု ဆိုလေ့ရှိကြသည်။ အများအားဖြင့်တော့ ဖွံ့ဖြိုးမှုမရှိသော အဘက်ဘက်က နိမ့်ကျ ဆင်းရဲလှသော ကျေးလက်တောရွာ အရပ်ဒေသများကို ရေမကြည်မြက်မနုသော အရပ်များဟု ဆိုရမည် ထင်သည်။ အဆင်ပြေတဲ့ အရပ်ဒေသများကို သွားရောက် လုပ်ကိုင်စားသောက်နေကြသော လူအများစုများသည် ဆင်းရဲသော ကျေးလက်တောရွာဒေသက လူများဖြစ်ကြသည်။ ရေကြည်ရာမြက်နုရာအရပ်ဆိုတော့ လူတိုင်းနေချင်ကြသည်။ အဘက်ဘက်က နိမ့်ကျသော၊ မဖွံ့ဖြိုးသော လုပ်ကိုင်စားသောက်ရတာ ခက်ခဲသော ရေမကြည် မြက်မနုတဲ့ အရပ်ဒေသများကိုတော့ လူတွေ သိပ်မနေချင်ကြပေ။တစ်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်သည်။ သူက နယ်ဘက်ပြန်တော့မည်ဟု ဆိုပါသည်။ မိမိက ရေကြည်ရာမြက်နုရာ ပြောင်းတော့မှာပေါ့ဟု ပြောလိုက်မိသည်။ သူက ပြန်ပြောပါသည်။ ရေကြည်ရာမြက်နုရာ ပြောင်းမှာမဟုတ်ဘူး ရေမကြည်မြက်မနုသေးတဲ့အရပ်ကို ရေကြည်အောင် မြက်နုအောင် သွားလုပ်မလို့ ဆိုပါသည်။ သူ့အနေနဲ့ကတော့ ရေကြည်ရာမြက်နုရာမှာ  နှစ်ပေါင်း ၃ဝ လောက် နေခဲ့ပြီးပြီးတဲ့။ ဒါကြောင့် ရေမကြည်မြက်မနုသေးတဲ့ အရပ်တွေကို ရေကြည်အောင် မြက်နုအောင် လုပ်ပေးရမယ်တဲ့။ သူ့စကားကို နားထောင်ပြီး စိတ်ထဲမှာ ဝမ်းသာကြည်နူးသွားပြီး နှုတ်ဆိတ်သွားမိပါသည်။ဟုတ်ပါသည်။ ကျွန်တော်တို့အများစုသည် ရေကြည်ရာမြက်နုရာသို့သာ သွားပြီး ပြောင်းရွှေ့လုပ်ကိုင် စားသောက်ကြတာ များပါသည်။ ရေမကြည်မြက်မနုသေးတဲ့ အရပ်ဒေသများကိုသွားပြီး ရေကြည်အောင် မြက်နုအောင်ပြုလုပ်ပေးဖို့ စိတ်ကူးမရှိကြ။ မိမိတို့၏ ဇာတိချက်မြှုပ် မွေးရပ်မြေကိုပင် ရေမကြည် မြက်မနုလျှင် ထာဝရအပြီးပိုင် စွန့်ထားခဲ့ကြသူတွေပင် မနည်းမနောရှိပါသည်။ အခု မိမိသူငယ်ချင်းကတော့ နယ်ကိုပြန်ပြီး သူတတ်ထားတဲ့ပညာနဲ့ စာသင်ပေးပြီး မျက်စိဖွင့်နားဖွင့်ပေးပြီး လူတွေကို အသိပညာဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးပြီး ရေကြည်အောင် မြက်နုအောင် လုပ်ပေးမည်ဟု ဆိုနေလေပြီ။ သူ့ကို အထင်ကြီးလေးစားသွားမိပါသည်။ကျွန်တော်သည်ပင် ရန်ကုန်မှာ နေလာတာ ကြာလာတော့ တစ်နှစ်တစ်ခေါက်ကိုပင် ရွာကို မပြန်ချင်၊ ပြန်ဖြစ်ရင်တောင် ရွာမှာ ကြာကြာနေလို့မရ တစ်လနှစ်လလောက်ကိုပဲ အောင့်အည်းပြီး နေရလေသည်။ အိမ်မှာက လူသိပ်မရှိ၊ ညီနှစ်ယောက်က ရေကြည်ရာ မြက်နုရာမှာ။ ရွာမှာလည်း လူငယ်အများစုက မရှိကြ၊ အဆင်ပြေရာ အရပ်ဒေသများသို့  သွားအလုပ် လုပ်နေကြသည်။ ကျွန်တော့်ဇာတိရွာသည် လမ်းပန်းဆက်သွယ်ရေး ထိုက်သင့်သလောက် ကောင်းပေမယ့်လည်း ရွာမှာ ပညာတတ်၊ တော်တဲ့တတ်တဲ့သူ မရှိ၍ ဖွံ့ဖြိုးမှု တော်တော်လေးနောက်ကျပါသည်။ စီးပွားရေးအနေနဲ့ လုပ်ကိုင်စားသောက်ဖို့ အတော်ကျပ်တည်းတဲ့ အရပ်ဒေသလို့ ဆိုနိုင်ပါသည်။ တောင်သူများအနေဖြင့် ရွာချမယ့် မိုးတစ်ခုကိုပဲ အားပြုပြီး ထွန်ယက် လုပ်ကိုင်စားသောက်ရတာ ဖြစ်သည်။ မိုးခေါင်သော နှစ်များတွင်တော့ ဘာမှမတတ်နိုင်၍ ဒီအတိုင်း ထိုင်နေရုံပဲရှိသည်။ အဲဒီတော့ ရွာကလူအများစုက ရေကြည်ရာမြက်နုရာသွားပြီး လုပ်ကိုင်စားျသာက်ကြတာ များပါသည်။ဘယ်သူမှ မသွားချင်သော ဝေးလံခေါင်ဖျားသော အရပ်ဒေသများသို့သွားကာ ကျောင်းဆရာ၊ ဆရာမလုပ်နေသောသူများကို သတိရမိသည်။ တစ်လောက အသတ်ခံရသော ကချင်ဆရာမနှစ်ယောက်ကို သတိရမိသည်။ ထိုလုပ်ရပ်သည် တော်တော့်ကိုပဲ ရက်စက် ယုတ်မာသော လုပ်ရပ်ဟု ဆိုရပေမည်။ တကယ်တော့ သူတို့တွေဟာ ရေကြည်အောင် မြက်နုအောင် ပြုစုပျိုးထောင်ပေးနေတဲ့သူများလို့ ဆိုရပေမည်။ အရင်ဆုံးအနေနဲ့ ထိုအရပ်ဒေသက လူငယ်တွေကို အသိပညာ ဖွံ့ဖြိုးတိုးတက်ဖို့၊ ပညာတတ်ဖြစ်ဖို့ ပြုစုပျိုးထောင်ပေးရပေမည်။ ထိုသူများ လူတော်လူကောင်း ဖြစ်လာတဲ့အခါမှာတော့ သူတို့အရပ်ဒေသကို ရေကြည်အောင်မြက်နုအောင် လုပ်သွားကြပေလိမ့်မည်။ကျွန်တော့်သူငယ်ချင်းတချို့ သူတို့၏ မွေးရပ်ဒေသများသို့ပြန်ပြီး စာကြည့်တိုက်ဖွင့်ဖို့ ဦးဆောင်လုပ်နေတာ ရှိပါသည်။ ပညာရေးရန်ပုံငွေ မ,တည်ပြီး တည်ထောင်နေတာလည်း ရှိသည်။ ထိုကဲ့သို့သော လုပ်ရပ်များသည် ကိုယ့်မွေးရပ်ဒေသကို ရေကြည်အောင် မြက်နုအောင်လုပ်ဆောင်နေကြတာပဲဟု ကျွန်တော်ကတော့ ယူဆမိပါသည်။ အဓိက,က တော့ လူ့စွမ်းအားအရင်းအမြစ်ကောင်းဖို့ လုပ်ရမည်။ အသိပညာဖွံ့ဖြိုးတိုးတက်သော လူမှုအသိုင်းအဝိုင်းကို ဖော်ဆောင်ရမည်။ထိုသူများမှတစ်ဆင့် မိမိတို့၏ အရပ်ဒေသများကို ဖွံ့ဖြိုးတိုးတက်အောင် ရေကြည်အောင် မြက်နုအောင် လုပ်ဆောင်ရပေမည်။ရေကြည်ရာမြက်နုရာ ဖွံ့ဖြိုးတိုးတက်သော အရပ်ဒေသတစ်ခုဖြစ်ဖို့ ထိုအရပ်ဒေသမှာ နေထိုင်သော လူတို့၏အသိပညာက အရေးပါ ပါသည်။ ထိုလူအများထဲကမှ ဦးဆောင်တဲ့ ခေါင်းဆောင်က အသိပညာနဲ့ အတတ်ပညာ အားကောင်းပြီး စိတ်ကောင်းနှလုံးကောင်းရှိဖို့က ပိုပြီးတော့ ပဓာနကျပါသည်။ ရွာတစ်ရွာဆိုပါလျှင် ထိုရွာကိုအုပ်ချုပ်သော ခေါင်းဆောင်က အရည်အချင်းပြည့်ဝဖို့ လိုပါသည်။ နိုင်ငံတစ်နိုင်ငံဆိုလျှင် နိုင်ငံကို အုပ်ချုပ်သော ခေါင်းဆောင်က အရေးကြီးပါသည်။ရေကြည်ရာမြက်နုရာအရပ် ဆိုတာကလည်း သည်အတိုင်းနေရင်း ထိုင်ရင်းဖြစ်လာသည် မဟုတ်။ ထိုအရပ်ဒေသမှာနေသော သူများ၏ ကြိုးစားအားထုတ်မှုများကြောင့် ရေကြည်ပြီး မြက်နုခဲ့တာဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံသည် နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက ရေမကြည်မြက်မနုတဲ့ အရပ်ဒေသများ ဖြစ်နေခဲ့ပြီလား မသိပါ။ ရေကြည်ရာမြက်နုရာ နိုင်ငံတကာသို့သွားရောက်ပြီး အလုပ် လုပ်ကိုင်နေသောသူတွေက များပြားလွန်းလှပါသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတစ်ခုတည်းမှာ ပင် တရားဝင်ရော တရားမဝင်ရော အလုပ်သမားဦးရေက နည်းနည်းနောနော မဟုတ်။ ငါးသန်းလောက်ရှိသည်ဟု ဆိုပါသည်။ ကိုယ့်နိုင်ငံမှာထက်စာရင် အဘက်ဘက်က သာလွန်သော အရပ်ဒေသဆိုတော့ လူအများစုက သွားချင်ကြပေလိမ့်မည်။ လူမပြောနဲ့ တိရစ္ဆာန်များပင်လျှင် သူတို့သဘာဝအရ ရေကြည်ရာ မြက်နုရာအရပ် ပြောင်းရွေ့နေထိုင်တတ်တဲ့ သဘောရှိသည် မဟုတ်လား။ကျွန်တော်တို့ လုပ်ရမှာ နှစ်ခုပဲရှိပါသည်။ ရေကြည်ရာမြက်နုရာပြောင်းချင်ရင် ပြောင်း၊ မပြောင်းချင်ဘူးဆိုရင် ကိုယ့်အရပ်ဒေသကို ရေကြည်အောင် မြက်နုအောင်လုပ်ဖို့ပဲ ဖြစ်သည်။ ကိုယ့်ဒေသကို ရေကြည်ရာ မြက်နုရာအဖြစ် လုပ်နိုင်ပြီဆိုလျှင် အနယ်နယ် အရပ်ရပ်က ကိုယ့်ဒေသဆီသို့ ဝင်ရောက်လာပေလိမ့်မည်။ ဟိုအရင်က တံငါရွာက လေးတစ်ရွာကနေ အခုတော့ အာရှရဲ့ထိပ်သီးဖြစ်နေတဲ့ စင်ကာပူနိုင်ငံဟာ အရင်တုန်းကတော့ ရေမကြည်မြက်မနုဖြစ်ခဲ့တဲ့ အရပ်ဒေသတစ်ခုပေါ့။အခုတော့ ရေကြည်ရာမြက်နုရာ အရပ်ဖြစ်နေပြီဆိုတော့ ကိုယ့်ဆီက လူတွေ သွားနေကြတာ အားလုံးအသိပင်။ တကယ်လို့များ ကျွန်တော်တို့က သူတို့ထက်သာအောင် လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ ကိုယ်တို့က သွားစရာမလိုတော့ဘူးပေါ့။ သူတို့က ပဲ ကိုယ့်ဆီ လာရတော့မှာပေါ့။ အဲဒီတော့ ကိုယ့်မြေကိုယ့်ရေ ကိုယ့်ဒေသတွေကို မစွန့် ခွာဘဲ ရေကြည်အောင် မြက်နုအောင်လုပ်ကြဖို့ပါပဲ။ရေမကြည်မြက်မနုသေးတဲ့ နယ်ဘက်ကိုပြန်ပြီး ရေကြည်အောင်မြက်နုအောင်လုပ်မယ်ဆိုတဲ့ ကျွန်တော့်သူငယ်ချင်းကို လေးစားအထင်ကြီးမိရင်း ကျွန်တော်လည်း ပညာစုံတဲ့ တစ်နေတော့ ရေမကြည်မြက်မနုသေးတဲ့ ကျွန်တော့်အရပ်ကိုပြန်ပြီး ရေကြည်အောင် မြက်နုအောင် လုပ်မယ်လို့ စိတ်ထဲ တေးမှတ်ထားလိုက်မိပါတယ်။ တစ်နေ့နေ့ပေါ့။