ဖုန်ကြားရှင်အဖွဲ့၏နောက်ကွယ်တွင် တရုတ်ပါဝင်သည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မီဒီယာများကိုပြောကြားသည်။ဝန်ကြီးဦးအောင်မင်းက နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၀ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် "နိုင်ငံတော်သမ္မတရုံး၏ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၅) အရေးပေါ်အခြေအနေကြေညာခြင်းနှင့် အမိန့် အမှတ် (၂/၂၀၁၅) စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းတို့ကို လွှတ်တော်ကအတည်ပြုပေးရန်အဆိုတင်သွင်းခဲ့သည်။အစည်းအဝေးအပြီးတွင် ဖုန်ကြားရှင်တို့ဘက်တွင် တရုတ်စစ်တပ်များပါဝင်နေသည်ဟု သတင်းများထွက်ပေါ်နေခြင်းအပေါ် မှန်ကန်ခြင်း ရှိ မရှိ သတင်းထောက်များကမေးမြန်းရာတွင် "ဖုန်ကြားရှင်တို့ ကိုးကန့်လူမျိုးတွေက တကယ်တမ်းတော့လည်း သူတို့ဟိုဘက်ကမ်း တရုတ်နယ်မြေမှာတော့ သူတို့လူမျိုးတွေရှိပါတယ်။ တရုတ်နယ်မြေမှာ ကိုးကန့်လူမျိုးတွေရှိပါတယ်။ အဲဒီတော့ သူတို့အမျိုးအချင်းချင်းဝင်ပြီးတော့ တိုက်တာ၊ ခိုက်တာတော့ရှိချင်ရှိမှာပေါ့ဗျာ။ တရုတ်ကပါတယ်ဆိုတာတော့ ဒါတော့မဖြစ်နိုင်ပါဘူး။ အခိုင်အမာလည်းမရဘူး။ တရုတ်က နိုင်ငံကြီးဖြစ်တယ်။ နိုင်ငံကြီးဖြစ်တော့ ဒါအင်တာနေရှင်နယ် Law နဲ့ပဲ။ ဒါသူကလုပ်မှာပဲလေ။ သူကိုယ်တိုင်ပါစရာမလိုပါဘူး။ သို့သော်လည်းပဲ ဟိုဘက်ရွာနီးချုပ်စပ်ပေါ့နော်။ တရုတ်နိုင်ငံထဲမှာရှိတဲ့ ကိုးကန့်လူမျိုးတွေရှိတာပေါ့ဗျာ။ သူတို့ကတော့ ပါပြီးတော့ ကူညီပြီးတိုက်တာတို့ဘာတို့ကတော့ ရှိနိုင်တယ်လို့ ဒီလိုပဲတွက်လို့ရတယ်" ဟု ဝန်ကြီးဦးအောင်မင်းကပြောကြားသည်။"ဖုန်ကြားရှင်မှာ နောက်ကွယ်က နိုင်ငံရေးပတ်သက်တာတော့သိပ်မရှိပါဘူး။ သို့သော်လည်း သူကနဂိုကတည်းကိုက အရင်တုန်းက အဲဒီနယ်မြေတွေမှာ စော်ဘွားစနစ်ပဲအုပ်ချုပ်ခဲ့တာကို စော်ဘွားဆိုတာကတော့ ဓားမိုးပြီးအုပ်ချုပ်တဲ့စနစ်ပေါ့။ သူက ဒီစနစ်ကိုကြိုက်တော့ ဒီစနစ်ကိုပြန်ယူတာပေါ့" ဟု ဦးအောင်မင်းကပြောကြားသည်။"အဲဒီတော့ ကျွန်တော်ကဖြစ်စေချင်တာက ပါတီစုံဒီမိုကရေစီစနစ်မှာ အာဏာဟာ ပြည်သူ့လက်ထဲမှာပဲရှိတယ်။ ဒီအာဏာကို သူလက်နက်စွဲကိုင်ပြီးတော့ ဒီအာဏာကိုရယူတာဟာမဖြစ်သင့်ဘူး။ ဒီအာဏာကိုလိုချင်ရင် ပြည်သူရဲ့ထောက်ခံမှုရအောင်လုပ်၊ ပြည်သူရဲ့ထောက်ခံမှုရလို့ရှိရင် ဒီအာဏာပြန်ရမယ်။ အဲဒီတော့ နိုင်ငံတော်သမ္မတကြီးကလည်း ဖုန်ကြားရှင်နဲ့ ဖုန်ကြားပူးဆိုတဲ့ ညီအစ်ကိုနှစ်ယောက်က စာရေးတယ်။ ၂၀၁၁ ခုနှစ်က သူတို့နှစ်ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်။ ပေးထားတဲ့ကြားထဲမှာမှ အခုပြန်ပြီးတော့ ဒီလိုတိုက်ပွဲတွေဖြစ်တဲ့အခါကျတော့ ဒါတော့ကျွန်တော်မြင်တာတော့ ဖုန်ကြားရှင်တို့ကလွန်တယ်လို့ ကျွန်တော်မြင်တယ်။ သူတို့အေးအေးဆေးဆေးပြန်လာလို့ရအောင် ခွင့်ပြုထားတာပဲ။ အဲဒါကိုပြန်မလာဘဲနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုကိုင်တယ်ဆိုတာ မကောင်းဘူး" ဟု ၎င်းကဆက်လက်ပြောကြားသည်။လောက်ကိုင်ဒေသအတွင်း တိုက်ပွဲများမှာ ၁၀ ရက်ကျော်ကြာမြင့်လာပြီဖြစ်ပြီး ချင်းရွှေဟော်အနီးအထိ တိုက်ပွဲအချို့ဖြစ်ပွားလာမှုကြောင့် စစ်ရှောင်သူအရေအတွက်မှာ ပိုမိုမြင့်မားလာနိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့အစည်းများက ပြောကြားထားသည်။လောက်ကိုင်ဒေသအတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ချင်းရွှေဟော်မှ ဒေသခံများနှင့် ကွမ်းလုံရှိ ရွှေ့ပြောင်းအလုပ်သမားများမှာ လားရှိုးမြို့သို့တိမ်းရှောင်လာနေကြောင်း သတင်းရရှိသည်။"ကျွန်တော်မြင်တာပေါ့လေ။ သိပ်မကြာခင်မှာ တည်ငြိမ်သွားမယ်လို့ ဒီလိုပဲတွက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနယ်မြေဒေသမှာ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက လှုပ်ရှားခဲ့တဲ့ဒေသ။ လောက်ကိုင်မှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်တွေအများကြီးရှိပါတယ်။ ရှမ်းလည်းရှိတယ်။ ကိုးကန့်လည်းရှိတယ်။ ကချင်တွေလည်းရှိတာပေါ့နော်။ အများစုက ငြိမ်းချမ်းရေးလိုချင်ကြတာပါ။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးမကြာခင်ရမယ်လို့ ဒီလိုပဲတွက်ပါတယ်" ဟု ဝန်ကြီးဦးအောင်မင်းကပြောကြားသည်။ဆက်လက်ပြီး ၎င်းက "ခင်ဗျားတို့ကစဉ်းစားကြည့်လေ။ ကျွန်တော်တို့က ဒီမိုကရေစီစနစ်ကိုသွားနေတာလေ။ အဲဒီတော့ ဒီနယ်မြေအေးချမ်းသာယာသွားပြီဆိုရင် ပုံစံတကျပြန်လုပ်ရမှာပဲ။ ပြန်လုပ်ရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့အတွက် ပြန်ဖွဲ့ရမှာပဲ။ ဖွဲ့ပြီးတော့လုပ်ရမှာပဲ။ ဘာပဲဖြစ်ဖြစ် ဒါကတော့ ဥပဒေနဲ့အညီဖြစ်ရမှာပဲ။ ပြန်ဖွဲ့ပေးရမှာပဲ။ စိတ်မပူကြပါနဲ့" ဟု မီဒီယာများမေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။ဝန်ကြီးဦးအောင်မင်းက တရုတ်ကိုလည်းကြောက်ရကြောင်း ယခင်ကပြောကြားခဲ့မှုများရှိခဲ့သည်။ ကိုးကန့်ခွဲထွက်အဖွဲ့နောက်ကွယ်တွင် တရုတ်မပါဟုဆိုသော်လည်း ၎င်းတို့သည် တရုတ်စကားပြောသူများဖြစ်ပြီး တရုတ်နိုင်ငံဘက်၌နေထိုင်နေသူများလည်းပါဝင်ခဲ့ကြောင်း စုံစမ်းသိရသည်။ထို့အပြင် ၎င်းတို့ကိုင်ဆောင်ထားသောလက်နက်အချို့မှာ တရုတ်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများဖြစ်သည်ဟုသိရပြီး ထိုလက်နက်များကို "ဝ" အဖွဲ့ (UWSA) ထံမှရရှိကြောင်း သတင်းများလည်းရှိနေသည်။UWSA သည် တရုတ်ထောက်လှမ်းရေးများထံတွင် စစ်ပညာသင်ကြားပေးမှုကိုရရှိထားပြီး ကိုးကန့်ခွဲထွက်များနည်းတူ ၎င်းတို့ဒေသတွင် တရုတ်စကားပြော၊ တရုတ်ငွေကြေးသုံးစွဲသူများဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် အင်အားအကြီးဆုံးဖြစ်သော UWSA တွင် ခေတ်မီစစ်လက်နက်များသာမက လက်နက်စက်ရုံများလည်းပိုင်ဆိုင်ထားသည်။ ထို့အပြင် UWSA ကို နိုင်ငံရေးဦးဆောင်မှုပေးနေသော UWSP ပေါ်လစ်ဗျူရို၌ မြန်မာနိုင်ငံဖွား "ဝ" တစ်ဦးမှမရှိတော့ဘဲ တရုတ်နိုင်ငံဖွား "ဝ" များသာဦးဆောင်နေသည်။"ဝ" နှင့် မိုင်းလားဒေသများသည် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိနေသော်လည်း ထိုဒေသများသို့ လွတ်လပ်စွာသွားရောက်ရန်ခက်ခဲပြီး အစိုးရအုပ်ချုပ်ရေးအဖွဲ့များ သွားရောက်လိုသည်ဆိုပါက ၎င်းတို့၏သဘောတူခွင့်ပြုချက်ပါမှသာ သွားရောက်နိုင်သည့်ဖြစ်စဉ်များရှိခဲ့သည်။ တရုတ်နိုင်ငံဘက်တွင်နေထိုင်သူများမှာမူ "ဝ" နှင့် မိုင်းလားဒေသသို့ အလွယ်တကူဝင်ရောက်နိုင်ကြောင်း သိရသည်။ယခုတိုက်ပွဲဖြစ်စဉ်များတွင် KIA နှင့် TNLA အဖွဲ့များပါဝင်သည်ဟု ပြောကြားမှုများရှိသော်လည်း KIA ကမူ ၎င်းတို့ပါဝင်ခြင်းမရှိကြောင်းငြင်းဆိုထားသည်။ အစိုးရအနေဖြင့်လည်း တိုက်ပွဲဖြစ်စဉ်များအတွက် ကျန်ရှိသောတိုင်းရင်းသားအဖွဲ့များကို ရည်ညွှန်းပြောဆိုနေသည့်တိုင် "ဝ" နှင့် မိုင်းလားအဖွဲ့တို့အား ရည်ညွှန်းမှုမရှိဘဲ ၎င်းတို့ကလည်းပါဝင်ခြင်းမရှိဟု ငြင်းဆိုထားသည်။"ဝ" နှင့် မိုင်းလားအဖွဲ့တို့က လောက်ကိုင်ဒေသဖြစ်စဉ်တွင် ၎င်းတို့အနေဖြင့် စစ်ရေးအရ၊ နိုင်ငံရေးအရ ပါဝင်ပတ်သက်မှု ကူညီထောက်ပံ့မှုမရှိဟုငြင်းဆိုထားသည်။သို့သော် ထောင်ဂဏန်းခန့်ရှိသော ကိုးကန့်တိုက်ခိုက်ရေးသမားများသည် လောက်ကိုင်ဒေသသို့ အလုံးအရင်းနှင့်ဝင်ရောက်ရန်အခက်အခဲရှိပြီး "ဝ" နှင့် မိုင်းလားဒေသများကို ဖြတ်ကျော်ပြီးမှသာ ကြိုတင်စိမ့်ဝင်နိုင်ကြောင်း ပြောဆိုမှုများရှိသည်။သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင် "ဝ"၊ မိုင်းလားနှင့် လောက်ကိုင်ဒေသနယ်မြေများသည် ဆက်စပ်လျက်ရှိနေသည်။UWSA နှင့် ဦးဖုန်ကြားရှင်၏သမက်ဖြစ်သူ ဦးစိုင်းလင်းဦးဆောင်ထားသည့် မိုင်းလားအဖွဲ့တို့သည် နီးကပ်သောဆက်ဆံရေးရှိပြီး ဦးဖုန်ကြားရှင်ကိုယ်တိုင်သည်လည်း လက်ရှိအချိန်တွင် "ဝ"၊ မိုင်းလားနှင့် တရုတ်နိုင်ငံသုံးနေရာအနက် တစ်နေရာ၌ခိုလှုံနေကြောင်း ယူဆဖွယ်ရာများရှိနေသည်။အခြားတစ်ဖက်တွင်မူ မြန်မာအစိုးရအနေဖြင့် အချုပ်အခြာအာဏာအတွက် ထိပါးမှုများရှိလာပါက ဘင်္ဂလားဒေ့ရှ်ကဲ့သို့ အိမ်နီးချင်းနိုင်ငံကို သတိထောက်လွှာပေးပို့သည့်အစဉ်အလာရှိသော်လည်း ယခုဖြစ်စဉ်တွင်မူ တရုတ်အစိုးရသို့ သတိထောက်လွှာပေးပို့ခြင်းမရှိခဲ့ပါ။ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို မြန်မာဘက်ကခေါ်ယူတွေ့ဆုံပြောကြားခဲ့ပြီးချိန်တွင် တရုတ်နိုင်ငံဘက်ကလည်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကိုလည်း ခေါ်ယူတွေ့ဆုံပြောဆိုမှုများရှိခဲ့သည်။ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်နှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရာ၌ တရုတ်နိုင်ငံပိုင်နက်နယ်မြေကိုအခြေပြု ကျောထောက်နောက်ခံယူ၍ မြန်မာနိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် နှစ်နိုင်ငံနားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပေသည်ဟု နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိ ဦးဇော်ဌေး(မှူးဇော်)၏ ဖေဖော်ဝါရီ ၁၉ ရက်ထုတ် ဒီမိုကရေစီတူဒေးသတင်းစာပါဆောင်းပါးတွင် ရေးသားထားသည်။
ဖုန်ကြားရှင်အဖွဲ့၏နောက်ကွယ်တွင် တရုတ်ပါဝင်သည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းပြောကြား















