လွှတ်တော်သို့ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း ရောက်ရှိနေပြီဖြစ်သော်လည်း ကျောင်းသားများတောင်းဆိုသည့် ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား အပြီးသတ်ဆွေးနွေးအတည်ပြုနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ရည်ကပြောကြားသည်။ဖေဖော်ဝါရီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးပြီးနောက် သတင်းထောက်များမေးမြန်းသည့်မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။"ဒီနေ့ လွှတ်တော်ကိုရောက်ပါတယ်။ အမျိုးသားလွှတ်တော်မှာစဆွေးနွေးမယ်။ ရှေ့တစ်ပတ်ထဲမှာ ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံကြားနာကြမယ်။ ပြည်သူတွေဆီက အကြံဉာဏ်တွေလာမှာပဲ။ အခုလည်း စာတွေစဝင်နေပြီ။ အဲဒါတွေအကုန်လုံးကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေအကုန်လုံးကို ရှင်းပြဦးမယ်။ သူတို့အားလုံးနားလည်သွားအောင်ပါ။ နောက်ကျောင်းသားတွေကိုလည်း လွှတ်တော်ကိုခေါ်ပြီးဆွေးနွေးဦးမယ်။ NNER ကိုလည်းခေါ်မယ်။ ပြည့်ပြည့်စုံစုံနဲ့ ကျောင်းသားဆန္ဒတွေနဲ့အနီးစပ်ဆုံးဖြစ်အောင်လုပ်ပေးမယ်။ ကတိပေးခဲ့ပါတယ်" ဟုပြောကြားသည်။ဆက်လက်၍ "ကြားနာတယ်ဆိုတာ အင်္ဂလိပ်ဘာသာစကား Hearing ကိုဘာသာပြန်တာ။ ကြားနာတယ်ဆိုတာက သူ့အမြင်ကိုယ့်အမြင်ယူတာ။ လွှတ်တော်ထဲရောက်တဲ့အခါကျတော့ ဥပဒေကြမ်းကော်မတီက ဒီဥပဒေကြမ်းကြီးကို အစီရင်ခံစာအဖြစ်တင်လိုက်ရတယ်။ ဒီလိုသုံးသပ်တွေ့ရှိပါတယ်လို့တင်လိုက်ရတယ်။ ဒီဥပဒေကကျယ်ပြန့်တဲ့အတွက် ဥပဒေကြမ်းကော်မတီဝင် ၁၅ ယောက်၊ ကော်မရှင် ၁၅ ယောက် စုစုပေါင်း လူ ၃၀ သဘောနဲ့မတင်ဘူး။ ကျယ်ပြန့်တယ်။ ကျောင်းသားတွေဘက်ကထပ်ပြောဦး။ NNER ဘက်ကလည်းထပ်ပြောဦး။ အခြားလူတွေလည်းထပ်ပြောဦး။ ပြည့်ပြည့်စုံစုံကြားရမှ ဒီဥပဒေအပေါ်မှာသုံးသပ်ကြမယ်" ဟု ၎င်းကဆိုသည်။
ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံကြားနာကြမယ်။ ပြည်သူတွေဆီက အကြံဉာဏ်တွေလာမှာပဲ။ အခုလည်း စာတွေစဝင်နေပြီ။ အဲဒါတွေအကုန်လုံးကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေအကုန်လုံးကို ရှင်းပြဦးမယ်။ သူတို့အားလုံးနားလည်သွားအောင်ပါ။ နောက်ကျောင်းသားတွေကိုလည်း လွှတ်တော်ကိုခေါ်ပြီးဆွေးနွေးဦးမယ်။ NNER ကိုလည်းခေါ်မယ်။ ပြည့်ပြည့်စုံစုံနဲ့ ကျောင်းသားဆန္ဒတွေနဲ့အနီးစပ်ဆုံးဖြစ်အောင်လုပ်ပေးမယ်။ ကတိပေးခဲ့ပါတယ် . . .
ကျောင်းသားများကို ဖေဖော်ဝါရီနောက်ဆုံးပတ်အတွင်း လွှတ်တော်သို့ ခေါ်ယူဆွေးနွေးမည်ဟု သိရသည်။ထို့နောက် ကျောင်းသားများ နောက်ဆုံးပြင်ဆင်ပေးရန်တောင်းဆိုထားသည့် ဖေဖော်ဝါရီ ၂၈ ရက်မတိုင်မီ အပြီးသတ် လွှတ်တော်မှအပြီးသတ်ဆောင်ရွက်ပေးရန် ရှိ၊ မရှိ မေးခွန်းနှင့်ပတ်သက်၍ ဦးခင်မောင်ရည်က "မပြီးနိုင်ဘူး။ လက်လွတ်စပယ်လုပ်လို့မရဘူး။ လွှတ်တော် Procedure ရှိတယ်။ ဒီနေ့အမျိုးသားလွှတ်တော်ရောက်လာပြီ။ အမျိုးသားလွှတ်တော်မှာဆွေးနွေးချိန်ရှိတယ်။ အားလုံးကျေနပ်ပြီဆိုရင် လွှတ်တော်ထဲတင်မယ်။ လွှတ်တော်ကမဲခွဲဆုံးဖြတ်မယ်။ အတည်ပြုလိုက်ပြီဆိုပါစို့။ ပြည်သူ့လွှတ်တော်ကိုပို့ရတယ်။ သူတို့က ဒုတိယအကြိမ်ပြန်ဆွေးနွေးရတယ်။ သူတို့လည်းအချိန်ယူမှာပေါ့။ အဲဒီနှစ်ခုကမညီဘဲ သဘောထားကွဲရင် ပြည်ထောင်စုကြီးပြန်တင်ရသေးတာ။ အဲဒီ Process ကိုတော့ ကျော်ခွင့်မရှိတာအမှန်ပဲ။ ကျောင်းသားတွေကတောင်းဆိုနေတယ်။ နိုင်ငံတော်ကလည်းပြောထားတယ်။ အဲဒီအတွက် ဒီဥပဒေကို အရင်ဥပဒေတွေထက်တော့ မြန်မြန်ဆန်ဆန်ဖြစ်အောင် ကြိုးစားပေးပါမယ်။ သို့ပေမဲ့ အဆင့်ဆိုတာတော့ကျော်လို့မရဘူး။ အဲဒါလေးတွေကိုနားလည်စေချင်ပါတယ်။ တစ်ပြည်လုံးကိုလည်းနားလည်စေချင်ပါတယ်" ဟု ဦးခင်မောင်ရည်ကဆိုသည်။တင်သွင်းလာသည့်ဥပဒေကြမ်းနှင့်ပတ်သက်၍ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ၌ အတည်ပြုထားသည့်အချက်များကို ဦးစားပေးပြင်ဆင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ၎င်းကဆက်လက်ပြောကြားသည်။















