သတင်းစာဆရာများ၏ ဘိုးအေ ဦးဘိုးဝဇီရ

သတင်းစာဆရာများ၏ ဘိုးအေ ဦးဘိုးဝဇီရ
Published 19 February 2015
နီငြိမ်း (အညာတက္ကသိုလ်)

ဘိုးဝဇီရကား မည်သူပါနည်း။ ကုန်းဘောင်ခေတ် မင်းတုန်းမင်းကြီး လက်ထက် ၁၂၃၆ ခုနှစ်တွင် စတင်ထုတ်ဝေသော ရတနာပုံသတင်းစာတွင် စာရေးတော်ကြီး၊ စာတည်း၊ အယ်ဒီတာချုပ်ခဲ့သူ ဖြစ်သည်။ဘိုးဝဇီရကို အမရပူရမြို့ ပုထိုးတော်ကြီးအနီး သရက်ပင်ရွာတွင် ၁၂ဝဝ ပြည့်နှစ် နှောင်းတန်ခူးလဆုတ် ၄ ရက်၌ သေနုတ်စာရေးကြီး မင်းလှရာဇာဘွဲ့ခံ ဦးထွန်းနှင့် ဇနီး ဒေါ်မှီတို့က မွေးဖွားခဲ့ပါသည်။ ငယ်စဉ်ကပင် ဉာဏ်ရည် ဉာဏ်သွေး အလွန်ကောင်းသူဖြစ်၏။၁၃ နှစ်သားအရွယ်တွင် ဖခင်ကြီးက ခင်မကန်တိုက်ဆရာတော်ထံ အပ်ကာ စာသင်စေပါသည်။ ခင်မကန်တိုက်ဆရာ ဦပဏ္ဍိတက ၁၆ နှစ်သား အရွယ်တွင် ရဟန်းဝတ်ပေးခဲ့သည်။ ဆရာကြီး၏ ငယ်မည်မှာ မောင်လွင်ဖြစ်၏။ သူ၏ ဉာဏ်ရည်ကို အကဲခတ်၍ ဆရာတော်က ရှင်ဝဇီရဟု ဘွဲ့ပေးခဲ့သည်။ရှင်ဝဇီရသည် ခင်မကန်တိုက်တွင် သုံးနှစ်စာသင်ကာ ဒက္ခဏာရာမကျောင်းသို့ ပြောင်း၍ စာလိုက်သည်။ ရှင်ဝဇီရမှာ အခြားကိုရင်များနှင့် မတူ၊ စာအံ စာကျက် မပျင်း။ ထက်ထက်မြက်မြက် သွက်သွက် လက်လက် ရှိလှ၏။ ပါဠိပါဠ်သားများ ရွတ်ဖတ်ရာ၌ ဠာန်းကရိုဏ်းကျကျ ရွတ်သည်။ဘုရားကြီးဒက္ခဏာရာမ၌ ခြောက်နှစ် စာသင်ပြီး မန္တလေးတောင်ခြေသစ် ဆိမ့်ဆရာတော်ထံ စာသင်ပြန်သည်။ ထို့နောက် ခင်မကန်တိုက် ပြန်လာပြီး လူဝတ်လဲသည်။ ဦးကြီးတော်သူ နံ့သာနန်းခုံမင်း ဦးနင်း၏ ရှေ့ဖတ်စာရေးအဖြစ် လိုက်ပါပြီး အောက်ပြည်အောက်ရွာအထိ ရောက်ခဲ့သည်။ ထို့ကြောင့် ဘာသန္တရ ဗဟုသုတများသာမက ဒေသန္တဗဟု သုတများပါ စုံလင်လာသည်။နောင်တွင် မြောင်လှမြို့စား ဦးခြိမ့်နှင့် တွေ့ပြီး တပည့်ခံသည်။ ဦးခြိမ့်ထံမှ စာပေဗဟုသုတများ စွာရခဲ့၏။ ဦးဝဇီရသည် မကြာမီ ကင်းဝန်မင်းကြီးနှင့် ဆုံမိသွားသည်။ သို့အတွက် ဘဝ အလှည့်အပြောင်း ဖြစ်ခဲ့ရသည်။ ကင်းဝန်မင်းကြီးက မောင်လွင်ကို ရတနာပုံသတင်းစာ၌ စာတည်း (စာရေးတော်တာဝန်) ပေးပြီး တစ်လလျှင် ၁၅ ကျပ် စားစေသည်။ထိုစဉ်က ရတနာပုံသတင်းစာအုပ်ချုပ် သူမှားဘာသာ ခြောက်မျိုးတက်သော တရုတ်၊ မြန်မာကပြား ဦးအဟီး ဖြစ်၏။ မောင်လွင်သည် ဦးအဟီး၏ လက်ထောက်ဖြစ်လာပြီး သတင်းစာလုပ်ငန်းကို စိုက်လိုက်မတ်တတ် ဆောင်ရွက်ခဲ့ပါသည်။ သူ၏ စာအရေးအသားကို လူကြိုက်များ၍ သတင်းစာစောင် ရေတက်လာသည်။ တစ်လလေးကြိမ်ထုတ် သတင်းစာ အရှိန်ရလာသည်။ ယောအတွင်းဝန် ဦးဘိုးလှိုင်(ရာဇဓမ္မသင်္ဂဟကျမ်းရေးသူ)နှင့် ဦးခြိမ့်တို့ကလည်း မောင်လွင်အား လိုအပ်တာ ဝိုင်းကူသည်။မောင်လွင်၏ အစွမ်းအစကြောင့် တစ်လ ၁၅ ကျပ်စားဘဝမှ ၆ဝ စား ဖြစ်လာသည်။ မင်းတုန်းမင်းကြီးကလည်း ဦးဝဇီရကို လွန်စွာ မြှောက်စားခဲ့သည်။ သို့အတွက် သံတော်ဆင့်ရာထူး တိုးမြှင့် ခန့်ထားခဲ့သည်။ ၁၂၄ဝ ပြည့်နှစ်  နန်းတွင်းအရေးအခင်းများ ပေါ်လာသောအခါ ဦးဝဇီရမှာ မင်းဖြစ်ကိုတွေးပြီး အမှုထမ်းဘဝမှ ထွက်ကာ ခင်မကန်တိုက်သို့ ပြန်လာပြီး ခိုလှုံနေထိုင်သည်။ သတင်းစာအလုပ်ကိုပင် မလုပ်နိုင်တော့ပါ။နန်းတွင်းရေး ရှုပ်နေချိန်တွင် ဦးဝဇီရသည် မန္တလေးမှ စစ်ကိုင်းဘက်ကူးပြီး ဆားတောင်ရွာတွင် နေထိုင်ခဲ့သည်။ အသက်ကလည်း ၃၆ နှစ်ရှိခဲ့ပါပြီ။ ဆားတောင်အနီး မကျီးဖြူရွာသူ မသိန်းနှင့် အိမ်ထောင်ကျကာ သားဦးမောင်ကျင့်ကို မွေားဖွားခဲ့သည်။ မောင်ကျင့်နောက် မောင်မြင့်၊ သမီး မမကြီးကို မွေးခဲ့သည်။ဆရာကြီးသည် ဆားတောင်တစ်ဝိုက် ဗေဒင်ဟောခြင်း၊ မှုခင်းများ ဆုံးဖြတ်ခြင်း၊ ဆေးဝါးကုသခြင်း လုပ်ကိုင်ခဲ့ပါသည်။ ဆရာကြီးသည် သတင်းစာလုပ်ငန်းကိုသာမက မြန်မာစာ ပေလေ့လာဆည်းပူခြင်း၊ ကျောက်စာများရေးခြင်း၊ ရတုများ၊ ရကန်များ စပ်ဆိုခြင်း ဒွေးချိုး၊ လေးချိုး၊ မော်ကွန်း တေးထပ်ကဗျာများလည်း စပ်ခဲ့သည်။ ဆရာကြီးတို့ သတင်စာခေတ်က အယ်ဒီတာအာဘော်ရေးရာ၌ နဘေကာရန်များဖြင့် ရေးတတ်သည်။ ဆရာကြီးသည် ရှေးပေးချပ်ရေ တစ်ထောင်ကျော်ကို နှုတ်ငုံဆောင်ကာ အသက် ၈ဝ အရွယ်အထိ ရွတ်ဖတ်ပြနိုင်သည်။ဆရာကြီး အသက်ရလာသောအခါ မောင်ကျင့်၊ မောင်မြင့်တို့ကို ရဟန်းပြုပေးပြီး စောင့်ရှောက်မှုခံယူခဲ့သည်။ မင်းတုန်းမင်းကြီးက ရတနာပုံသတင်းစာအား လွတ်လပ်ခွင့် အပြည့်ပေးသည်။ ငါမကောင်းငါ့အကြောင်း ရေး၊ ငါ့မိဖုရားတွေ မကောင်းရင် မိဖုရားတွေ အကြောင်းရေးဟု ခွင့်ပြုထားရာ သတင်းစာဆရာကြီး ဦးဝဇီရသည် အယ်ဒီတာဘဝတွင် မှန်ကန်မျှတစွာ အရှိကိုအရှိအတိုင်း ဖော်ထုတ်ခဲ့သည်။ သီပေါခေတ်တိုင်အောက် မြန်မာနိုင်ငံကပင့် ဖိတ်သော်လည်း ကျွန်အဖြစ် နွံနစ်မခံလို၍ အောက်ပြည်အောက်ရွာသို့ ဆင်းသွားခဲ့သည်။ဆရာကြီး ဘိုးဝဇီရ၏ အရည်အသွေးမှာ မှတ်တမ်းတင်လောက်အောင် ကောင်းပါသည်။ ဆရာကြီး ဦးချမ်းမြ (မြကေတု)က ဆရာကြီး ရေးသောတပေါင်းဘွဲ့ သံချိုးတစ်ပိုဒ်ကို ဤသို့ရှာဖွေသင်ကြားခဲ့သည်။ ဘိုးဝဇီရ၏ လေးချိုးကို လေ့လာကြည်နိုင်ရန် ဖော်ပြပါသည်။ပူရှိန်ရှိန်နွေအစဘိုးဝဇီရစပ်ဆိုသည်* ရဂုံဦး၊ ငုံဖူးကာ၊ လှိုင်ပွေလီလို့ ခိုင်ရွှေဖီ ပေါ်စလုတွင်မှ ဖော်ပြုငယ်တောင်လေ ပြည်ကြောင့်၊ ရောင်ရွှေရည်ဝါအရွက်ကယ်နှင့် ဖဂုကာကြယ်ပြိုင်မြန်းအရော့ထင့်၊ ဆန်းပါဘိ အထွေထွေ။* ရွက်နုပေါ တတောငယ် တနယ်ဆီကာ ပွင့်မညီငုံတစ်ဝက်ကယံနှင့်...စုံဖက်ဖွယ် သာယာတုန်း လေဘိညာနန်းမှာ တောင်မ ဝင်ရော့သလား၊ မညှိုးင်ရိုးခိုင်တင့်တွေ နှင့် အခိုးလှိုင်ဖြိုးမြိုင်တင့်ပြန်တော့ များပွင့်ဝေဝေ။* တူမခြား ကျူသားငယ်ငွေအရောင် နှင့် ဆွေသောင်မှာ ဆွေမောင်ငှက်ငယ်တို့ ဆင်းသက်လို့အော်နေ ပျော်လေတဲ့ချိန် တပေါင်း။* ကပ်လုံးငယ်ပြောင် မြတ်ဘုန်းခေါင် စိန္တေပျော်မှ ပြည်တော်ကို ထေရ်ကျော်တစ်ခု ငယ်နှင့် ခါအမီ ယာယီလှမ်းသည်ဟု မိန့်ကျမ်းညီစာတွေဆိုကြ၊ သာချိုပြေအကုန်ဘွဲ့ပါတဲ့... ပူရှိန်ရှိန် နွေကိုမည်သောကြောင့် ရွှေလငယ် တူမယွန်းပါဘူး မလွမ်းအောင် ဘက်မှာတန်းနိုင်ပါ့ ဆွေပျံဖို့ကောင်း”ဟူ၍ ဖြစ်ပါကြောင်း တင်ပြပါသည်။ကျမ်းကိုး-    ကဗျာယဉ်စာယဉ်(ဦးချမ်းမြ)-    မြန်မာ့ဆယ်နှစ်လ(သတိုးသောင်း)-    ဝေါဟာရ လီနတ္တဒီပနီ (ဦးချိန်)