ပေကုန်ပြီး စာမကျ မဖြစ်စေချင်ပါ

ပေကုန်ပြီး စာမကျ မဖြစ်စေချင်ပါ
Published 18 February 2015
မောင်ဆွေဝင်း (ပဲခူး)

ယနေ့ခေတ်လူငယ်များသည် ပညာ သင်ယူရာတွင် ယခင်ကထက်အခွင့်အလမ်း များစွာရှိနေကြသည်မှာ ဝမ်းသာစရာကောင်း လှပါသည်။ ပြည်တွင်းနှင့်ပြည်ပဝန်ဆောင် မှုလုပ်ငန်းများကလည်း နေရာတိုင်းမှာလက် ညှိုးထိုးမလွဲအောင်ပင် ရှိနေကြသည်။ ဤနေရာတွင် “ပညာ” ဆိုတာဘာလဲ။ ကျောင်းသင်ခန်းစာတွေမှာ သင်ရတဲ့စာတွေက ပညာလား။ ဒါကိုတော့ လူငယ်တွေခွဲခွဲခြားခြား သိထားဖို့လိုပါသည်။ ပညာသင်ကျောင်းသား ကျောင်းသူများအတွက် အရေးကြီးသည့် လမ်းညွှန်ချက်တစ်ရပ်ကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက သူ၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် အောက်ပါအတိုင်း ဖော်ပြခဲ့သည်ကို လေ့လာစေချင်ပါသည်။
“ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကိုပညာဟုမဆိုပေ။ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြောနက်နဲ လှပေသည်။ ကမ္ဘာရှိစာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ်တည်း ဟူသောကျောင်းကြီး၌ ကျွနု်ပ်တို့သည် ပုခက်အတွင်းမှ မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြပေသည်။ ထို့ ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် သူ၏တစ်သက်ပန်တွင် ကုန်ဆုံးသည်ဟုမဆိုနိုင်ပေ။ ပညာတတ်သူသည် လောကအရာရာကို အခွင့်အလမ်းအလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသော ဉာဏ်အားကို လည်းကောင်း မိမိဉာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတ်ကိုလည်းကောင်း ပြုပြင်ပြုစုစီမံထားခဲ့ သူသာလျှင်ဖြစ်သည်။ ဘီအေပင်အောင်စေကာမူ၊ ပါရဂူဘွဲ့ကြီးပင်ရစေကာမူ၊ ပထမကျော်ကြီးပင်ဖြစ်စေကာမူ ပညာဆိုသော ဘဝအဓိပ္ပာယ်ကို ကောင်းစွာသုံးသပ် ဆင်ခြင်နိုင်ခြင်းမရှိခဲ့သော် တကယ်အရာမရောက် အသုံးမဝင်နိုင်ပေ။ ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်ကို ကျော်၍မြင်နိုင်စွမ်းကိုဆောင်နိုင်ရပေမည်။ ပညာသည်လူ၏ ဉာဏ်ကိုသ ာပြုပြင်တိုးချဲ့ ရုံသာမဟုတ်။ လူ၏စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးတက်စေရမည်။ လူထု၏ဆန္ဒအား၊ လုပ်အားကို နူးညွတ်စေရမည်။ ရာဇဝင်ကိုသိရုံသာမဟုတ်။ ရာဇဝင် ကိုဖန်တီးစေရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်။ လောကဓာတ်ပညာကိုတိုး ချဲ့နိုင်ရမည်။ ပညာသည် ကာလ၊ ဒေသ၊ ပယောဂနှင့်ယှဉ်ရမည်။ ပညာတွင်သညာ လည်းပါသည်။ ဉာဏ်နှင့်လည်းယှဉ်ရမည်။ ဉာဏ်ချည်းသာတိုးတက်၍ သညာမရှိပါမူ လည်း ဤမျှပိုမိုဆန်းကြယ် အပြောကြွယ်လှသော ခေတ်သစ်အကြောင်းကို နားမလည်နိုင်ပေ”
ယနေ့ခေတ်လူငယ် အများစုသည် အိုင်စီတီခေါ် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုတွင် နစ်မျောသာယာနေကြပါသည်။ သင်တန်းအမျိုးမျိုး တက်ရောက်ပြီး ဆာတီဖီကိတ်ခေါ် အသိအမှတ်ပြု လက်မှတ်တွေကို သူ့ထက်ငါ များအောင်လိုက်ယူ နေကြကြောင်း မျက်ဝါးထင်ထင် တွေ့မြင်နေရသည်။ သို့အတွက်တော့ ချီးကျူးရပါမည်။ သို့ရာတွင် ယင်းသင်တန်းများသည် “သညာ” ခေါ်မှတ်သားစေခြင်းများကိုသာ စွမ်းဆောင်ပေးကြောင်း လူငယ်များသတိမူရပါလိမ့်မည်။ သညာမှတစ်ဆင့်တက်၍ ပညာအဆင့်ရောက်အောင် ကြိုးပမ်းကြဖို့လိုပါသည်။
သို့မဟုတ်ပါက “ပေကုန်ပြီး စာမကျ” “ပိုးသာကုန် မောင်ပုံစောင်းမတတ်” အဖြစ်များနှင့်ကြုံကာ ကုန်ဆုံးသွားသော အချိန်များ နှမြောစရာ ဖြစ်သွားပါလိမ့်မည်။ ကွန်ပျူတာ သင်တန်းအောင် လက်မှတ်ကိုင်ပြီး အလုပ်လာလျှောက်သော လူငယ်အချို့ကို တွေ့ကြုံဖူးသည်။ လုပ်ငန်းခွင်အတွက် တကယ်စမ်းသပ် ကြည့်သောအခါ သူရထားသည့်လက်မှတ်က ညွှန်းထားသလို မည်မည်ရရ မတတ်တာ တွေ့ရပါသည်။ ထို့အတူ အင်္ဂလိပ်စကားပြော သင်တန်းခြောက်လတက်ပြီး လက်မှတ်တစ်ခု သူများတကာထက် ပိုနေသူ လူငယ်တစ်ဦးကို အင်တာဗျူးကြည့်ရာတွင် ထမင်းစားရေသောက် အင်္ဂလိပ်စကားပြောကိုပင် သူပြန်မပြောတတ်တာလည်း တွေ့ရဖူးပါသည်။ ဤနေရာတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်က ဗောဓိရာဇကုမာရ မင်းသားကိုမေးသည့် မိန့်ကြားချက်တစ်ခုကို အလျဉ်းသင့်၍ တင်ပြလိုပါ သည်။ မြတ်စွာဘုရားရှင်က ဗောဓိရာဇကု မာရမင်းသားအား “သင့်ထံသို့လူတစ်ယောက် သင့်ပညာကို သင်ဖို့လာတယ်။ ဒါပေမဲ့ သူ့ထံမှာ အချက်ငါးချက် ပါလာတယ်။ (၁) သူများခိုင်းလို့သာ လာရတယ် သင်ဆရာအပေါ် ယုံကြည်ချက်မရှိဘူး။ (၂) အဲဒီသူဟာ ကျန်းမာရေးလည်း မကောင်းဘူး။ ခဏခဏ မူးဝေနေမယ် ထိုင်းမှိုင်းနေမယ်။ (၃) မဖြောင့်စင်းဘူး။ မတတ်တာကို တတ်သယောင်ဆောင် မသိတာကို မသိသယောင်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် လိမ်တဲ့သူဖြစ်နေတယ်။ (၄) ပျင်းလည်းပျင်းတယ်။ (၅) ဉာဏ်လည်းမကောင်း ဘူး။ တအားထိုင်းမှိုင်းနေတယ်။ အဲဒီအချက် ငါးချက်ပါရင် တတ်အောင်သင်နိုင်ပါ့မလား” ဟုမေးသည်။
ဗောဓိရာဇကုမာရမင်းသားက အဲဒီအချက်ငါးချက်မပြောနှင့် ဒီအထဲကတစ်ချက် ပါလာရင်တောင် သင်ကြားပေးလို့ မဖြစ်နိုင်ပါဘုရားဟု ပြန်လျှောက်သည်။ သည်တော့မှ မြတ်စွာဘုရားရှင်က ငါဘုရားရဲ့ တရားအဆုံးအမ တော်တွေကို သင်ယူတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့လည်း အဲဒီငါးချက်နဲ့လွတ်မှသင်ယူ လို့ရနိုင်မယ်။ တစ်ချက်ပါရင်တောင်သင်လို့ မရနိုင်ဘူးဟု ပြန်လည်မိန့်ကြားသည်။ ဗုဒ္ဒ မြတ်စွာ၏ဟောကြားချက်မှာ ဗုဒ္ဓဘာသာ ဝင်များအတွက် နိဗ္ဗာန်ရောက်ကြောင်းလမ်း ညွှန်ချက်ဖြစ်သော်လည်း လောကီပညာသင် ယူသူတိုင်းအတွက်လည်း အလေးထားလိုက် နာရမည့်အချက်များ ဖြစ်နေသည်ဟု ဆိုချင်ပါသည်။ အကြောင်းမှာ ပဓာနိအင်္ဂငါးပါးဟုလည်း သတ်မှတ်ထားကြသည့် (၁) ယုံကြည်မှုရှိခြင်း (၂) ကျန်းမာရေးကောင်းခြင်း (၃) ရိုးသားဖြောင့်မတ်ခြင်း (၄) ဝီရိယရှိခြင်း (၅) ဉာဏ်ကောင်းခြင်း အချက်များသည် ပညာသင်ယူနေသူ အားလုံးအတွက် လိုအပ်ချက်များ ဖြစ်နေသောကြောင့်ဖြစ်သည်။
ယနေ့ခေတ် မြန်မာနိုင်ငံတွင် ပညာတတ်များပေါများဖို့ လိုနေတာအမှန်ပဲဖြစ်သည်။ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကျွမ်းကျင် သူတွေလည်း အမြောက်အမြား လိုအပ်နေတာလည်း အမှန်ဖြစ်သည်။ ကိုယ့်နိုင်ငံတိုးတက် ဖွံ့ဖြိုးရေးတွင် အဆိုပါအချက်များက ကြီးမားသောကွက်လပ်များ ဖြစ်မနေရန် လိုပါသည်။ အချိန်တွေသာကုန်ပြီး မိမိလက်ထဲတွင် ဘွဲ့၊ ဒီပလိုမာ အောင်လက်မှတ်တွေ တစ်ပုံကြီးရှိနေပြီး တကယ့်လုပ်ငန်းခွင်ထဲရောက်တော့ ဘာမှမလုပ်တတ် မကိုင်တတ် ဖြစ်နေလျှင်တော့ အဆင်ပြေမည် မဟုတ်ပါ။ “သညာ” ကို “ပညာ” ဟုထင်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသူများ အတွက်တော့ ဂရိအတွေးခေါ်ရှင်ကြီး ဆိုကရေးတီး၏ စကားတစ်ခွန်းကို အမှတ်ရစေချင်ပါသည်။ ဆိုကရေတီးက “လောကမှ ငါသိတာ တစ်ခုတည်းရှိတယ်။ အဲဒါကတော့ ငါဘာမှမသိသေးဘူး ဆိုတာပဲ” (I know one thing that is I know Nothing) ဟုပြောခဲ့ပါသည်။