အမှန်တွေချည်း မဟုတ်ပါဘူး။ အင်တာနက်မှာ တွေ့ရသမျှ အရာရာကို မယုံပါနဲ့။ တကယ်တော့ မီဒီယာသုတေသနပြုသူတွေရဲ့ လေ့လာချက်အရ သတင်းဌာန များစွာတို့ဟာ အချက်အလက်အမှန်နဲ့ စိတ်ကူးထင်မြင်ချက်ကို လုံလုံလောက်လောက် မခွဲခြားနိုင်ကြဘူးလို့ ဆိုပါတယ်။ အတည်မပြုရသေးတဲ့ ကောလာဟလတွေကို အားပေးအားမြှောက် ပြုတတ်ပြီး သတင်းမှားတွေ အွန်လိုင်းမှာ အကြီးအကျယ် ပျံ့နှံ့သွားစေပါတယ်။“အွန်လိုင်းမီဒီယာတွေဟာ တိကျတဲ့ သတင်းအချက်အလက် ရင်းမြစ်တစ်ရပ်အဖြစ် ဆောင်ရွက်ရမယ့်အစား လျင်မြန်ဖို့နဲ့ လူတွေနဲ့ အဆင်ပြေဖို့ကိုပဲ ကြိုးစားပြီး မကြာခဏဆိုသလို သတင်းမှားတွေကို အားပေးအားမြှောက် ပြုတတ်ပါတယ်”လို့ ကိုလံဘီယာတက္ကသိုလ် ဒစ်ဂျစ်တယ်ဂျာနယ်လစ်ဇင်ဌာနက သုတေသနမှူး ခရိတ်ဆေးလ်ဗားမန်းက ပြောကြားခဲ့ပါတယ်။သတင်းဌာနတွေက အမြဲတမ်း အတည်မပြုရသေးတဲ့ အချက်အလက်တွေနဲ့ နပန်းလုံးနေတုန်းမှာ တချို့ဝက်ဘ်ဆိုက်တွေက သတင်းမှားတွေကို အမြန်ဖြန့်လိုက်ပါတယ်လို့ Lies,Damn Lies and Viral Content လို့ အမည်တပ်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။“သတင်းဝက်ဘ်ဆိုက်များစွာတို့ဟာ သူတို့ဖြန့်ဝေမယ့် အချက်အလက်တွေကို အခြေခံအရ အတည်ပြုဖို့ လုံး၀ မလုပ်ဆောင်ခြင်း ဒါမှမဟုတ် မဆိုစလောက်သာ လုပ်ဆောင်ခြင်းတွေကို တွေ့ရပါတယ်။ အဲဒီအစား သူတို့က တခြားမီဒီယာသတင်းတွေကို ချိတ်ဆက်ကိုးကားမှုအပေါ် အားပြုကြပါတယ်။ သူတို့ ကိုးကားတဲ့ မီဒီယာတွေကလည်း တခြားမီဒီယာတွေကနေ ကိုးကားထားတာ ဖြစ်နေပြန်တယ်”လို့ လေ့လာချက်မှာ ဖော်ပြထားတယ်။သတင်းမှားတွေဟာ ပိုပြီးဆွဲဆောင်မှု ရှိ၊ ပိုပြီး စိတ်ဝင်စားဖွယ်ကောင်းတတ်တာမို့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားတတ်ကြောင်း ဆေးလ်ဗားမန်းက ပြောခဲ့တယ်။ သူက“သတင်းမှားတစ်ပုဒ်ရဲ့ ဆွဲဆောင်နိုင်မှု အတိုင်းအတာဟာ ကျွန်တော့်ကို အံ့အားသင့်စေပါတယ်”လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။အခုလေ့လာချက်မှာ ဗြိတိန်မှာ အီဘိုလာရောဂါဖြစ်ပွားနေတဲ့လူနာ တွေ့ပြီဆိုတဲ့ သတင်းနဲ့ အီဘိုလာရောဂါကို ဗာဂျီးနီးယားပြည်နယ် ရစ်ချ်မွန်မှာ တွေ့ရတယ်ဆိုတဲ့ သတင်းတွေ Facebook နဲ့ Twitter မှာ ပျံ့နှံ့သွားပုံကို ဥပမာပေး ကိုးကားထားပါတယ်။အဲဒီသတင်း နှစ်ခုစလုံးက အမှန်တွေ မဟုတ်ပါဘူး။နောက် ဥပမာ တစ်ခုကတော့ “ IS တွေကို သတ်ဖြတ်သူ ရီဟားနား” လို့ အမည်ပေးထားတဲ့ ကာ့ဒ်အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းပါပဲ။ သူ့ကို ကိုဘာနီရဲ့ နတ်သမီးလို့လည်း ခေါ်ကြပါသေးတယ်။ အဲဒီအမျိုးသမီးက IS တိုက်ခိုက်ရေးသမား ၁၀၀ ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းပေါ်ထွက်လာမှုဟာ အခြေအမြစ် လုံးဝမရှိပါဘူး။ ဒါပေမဲ့ အဲဒီအမျိုးသမီးရဲ့အကြောင်းက လွန်ခဲ့တဲ့ အောက်တိုဘာတုန်းက အွန်လိုင်းမှာ သီတင်းပတ်အတန်ကြာ ပျံ့နှံ့နေခဲ့တယ်။သုတေသနပြုလုပ်သူတွေက အဲဒီသတင်းကို ခြေရာခံလိုက်ကြရာမှာ အိန္ဒိယဂျာနယ်လစ်နဲ့ တက်ကြွလှုပ်ရှားသူ ပါဝမ်ဒူရန်နီက အမျိုးသမီးရဲ့ဓာတ်ပုံကို Twitter မှာတင်ခဲ့ပြီး လူတွေကို ထပ်ဖြန့်ဖို့ တောင်းဆိုခဲ့တာပါ။ အဲဒီအမျိုးသမီးရဲ့ စွန့်စားခန်းတွေနဲ့ အဲဒီအမျိုးသမီး သေဆုံးကြောင်း သတင်းတွေကို သတင်းဌာနတွေ များစွာက ဆွဲယူသုံးကြပါတယ်။ ဒါပေမဲ့ ဒါတွေဟာ အချက်အလက်မှားတွေအပေါ်မှာ လုံးလုံးအခြေခံထားပုံ ရတယ်လို့ ဆေးလ်ဗားမန်းက အစီရင်ခံစာမှာ ပြောကြားထားတယ်။“ဆွဲဆောင်မှုရှိတဲ့ ကာ့ဒ်အမျိုးသမီးက IS တိုက်ခိုက်ရေးသမားတွေ အများကြီးကို သတ်ခဲ့တယ်ဆိုတဲ့ ရိုးရှင်းတဲ့သတင်းဟာ အလွန်ဖြစ်စေချင်တဲ့ ဆန္ဒကနေ ပေါက်ဖွားလာတဲ့ ကောလာဟလတစ်ခုပါ။ အတင်းအကျပ်လုပ်ယူထားတဲ့ ရုပ်ပုံတစ်ခုမှာ အဲဒီအချက်ကို ဖြည့်စွက်ခဲ့ပြီး လူမှုရေးကွန်ရက်တွေမှာ ဝါဒဖြန့်ဖို့အတွက် အကောင်းဆုံး ဖြစ်သွားစေပါတယ်။ အကျိုးရလဒ်ကတော့ ကျွန်တော်တို့အများစုအနေနဲ့ အဲဒီအမျိုးသမီးရဲ့ တကယ့်အဖြစ်မှန်ကို ဘယ်တော့မှ သိခွင့်မရတော့တာပါပဲ။ မီဒီယာဟာ အဲဒီအတွက် အဆင့်တစ်ဆင့်အထိ တာဝန်ရှိပါတယ်” လို့ ဆေးလ်ဗားမန်းက ဖော်ပြထားတယ်။မီဒီယာအသစ် ဒါမှမဟုတ် အပေါစားဂျာနယ်တွေက သတင်းမှားအများကြီးကို ဖြန့်ခဲ့တာဆိုရင်တောင်မှ အစဉ်လာထိန်းသိမ်းပြီး အရည်အသွေးရှိတဲ့ သတင်းဌာနတွေက လက်ပိုက်ကြည့်နေခဲ့တာမို့ ကောလာဟလတွေနဲ့ လူတွေကို ဆွဲဆောင်တာကို ခွင့်ပြုသလို ဖြစ်ခဲ့တယ်။“အချက်အလက်အမှားတွေ ပေါ်ထွက်လာပြီး ဝက်ဘ်ဆိုက်တွေက ဒါကိုယူသုံးတဲ့အခါ သတင်းဌာနတွေအနေနဲ့ ဒါကိုစောင့်ကြည့်ဖို့ အလွန်အရေးကြီးပါတယ်။ စာဖတ်သူတွေအတွက် ဒါကို အလံထောင်ပြရပါလိမ့်မယ်။ စာဖတ်သူတွေကို ကျွန်တော်တို့ သိထားတဲ့ အရာတွေနဲ့ ကျွန်တော်တို့ မသိသေးတဲ့ အရာတွေအကြောင်း ပြောရပါလိမ့်မယ်”လို့ ဆေးလ်ဗားမန်းက ဆိုပါတယ်။“ကျွန်တော်တို့ ဆိတ်ဆိတ်နေလိုက်မယ်ဆိုရင် အောင်ပွဲခံသွားမယ့်လူတွေကတော့ စိတ်ထားမကောင်းတဲ့ ဝါဒဖြန့်ချိရေးသမားတွေပါပဲ”လို့ ဆေးလ်ဗားမန်းက ပြောပါတယ်။သတင်းမှားတစ်ခုကို ဖွင့်ချလိုက်တဲ့အခါမှာတောင် သတင်းဌာန အမြောက်အမြားဟာ နောက်ဆက်တွဲ သတင်းပြန်ပြင်ဖို့ ပျက်ကွက်ခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ “အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ IS တိုက်ခိုက်ရေးသမားတွေကို ဖမ်းမိခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီး အကြီးအကျယ် ပျံ့နှံ့သွားပြီးတဲ့နောက် ၂၄ နာရီ အတွင်းမှာပဲ ငြင်းဆိုခဲ့တယ်။ ဒါပေမဲ့ အစောပိုင်းသတင်းကို ရေးခဲ့ကြတဲ့ သတင်းဌာနတွေရဲ့ ရာခိုင်နှုန်း ၂၀ လောက်ကပဲ အမှန်ကို ပြန်တင်ကြတာ တွေ့ရတယ်”လို့ အစီရင်ခံစာ က ဆိုတယ်။တွေ့ရှိချက်တွေက သိပ်ကို စိတ်ပျက်ဖို့ကောင်းတဲ့ လမ်းကြောင်းပါပဲလို့ Duke တက္ကသိုလ်က ဂျာနယ်လစ်ဇင် ပါမောက္ခ ဘီအဒါက ဆိုပါတယ်။ သူဟာ Politifact ဆိုတဲ့ အချက်အလက် စစ်ဆေးရေးဝက်ဘ်ဆိုက်ကို ၂၀၀၇ ခုနှစ်က ထူထောင်ခဲ့သူ ဖြစ်ပါတယ်။“အထူးသဖြင့်ကတော့ ဂျာနယ်လစ်တွေအနေနဲ့ သူတို့ ဖြန့်ဝေလိုက်တဲ့ အကြောင်းအရာတွေကို မှန်သလား၊ မှားသလားဆိုတာတောင် မသိတာမျိုးက သိပ်စိတ်ပျက်ဖို့ ကောင်းပါတယ်”လို့လည်း ဘီအဒါက ပြောပါတယ်။တခြားလူမှုရေး မီဒီယာတစ်ခုဖြစ်တဲ့ Twitter ဟာ အလွန်လျင်မြန်စွာ ပျံ့နှံ့တတ်တဲ့ သဘာဝရှိတာမို့ ဂျာနယ်လစ်တွေအပါအဝင် လူတော်တော်များများဟာ နှိပ်လိုက်ရင် ရောက်သွားမယ်၊ ဒါ တရားမျှတတဲ့ ကစားနည်းလို့ ခံစားနေကြတယ်။ ဒါပေမဲ့ သတင်းဌာနတွေဟာ သူတို့ဖြန့်ချိမယ့်အရာတွေကို စစ်ဆေးဖို့ အမြဲတစေ တာဝန်ရှိပါတယ်။တစ်ခါတစ်ရံမှာ အချက်အလက်အမှားတွေကို ထပ်ကာထပ်ကာ ဖော်ပြတဲ့အကြိမ်ပေါင်း များလွန်းတာမို့ လူတွေက အဲဒီအမှားတွေကို အမှန်လို့ ယုံကြည်သွားတယ်။ အဲဒီအတွက် ဥပမာတစ်ခုကတော့ အိုဘားမား ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်မှာ “သေမင်းဘုတ်အဖွဲ့”လို့ခေါ်တဲ့ အဖွဲ့တစ်ဖွဲ့ ပါဝင်တယ်၊ အဲဒီအဖွဲ့က လူတစ်ယောက်အနေနဲ့ ဆေးကုသမှုခံယူနိုင်မလားဆိုတာ ဆုံးဖြတ်တယ်ဆိုတဲ့သတင်းကို ထပ်ကာထပ်ကာ ဖော်ပြခဲ့ကြတာပါပဲ။အဲဒီသတင်းကို ဖွင့်ချဖို့ ကြိုးစားနေတဲ့ အချိန်မှာတောင်မှပဲ တစ်စုံတစ်ယောက်ဟာ အဲဒီသတင်းကို ထပ်ပြီးဖော်ပြမယ်ဆိုရင် ထပ်ပြီး လူတွေရဲ့စိတ်ထဲ စွဲသွားစေလိမ့်မယ်။ လူတွေရဲ့ စိတ်ထဲမှာ အနုတ်လက္ခဏသဘောဆောင်တဲ့ ဂယက်အနက်တွေ ထသွားလိမ့်မယ်လို့ အစီရင်ခံစာက ဆိုပါတယ်။မီဒီယာသစ်အကြောင်း အထူးပြုလေ့လာနေတဲ့ ဂျော့ဝါရှင်တန် တက္ကသိုလ်က ပါမောက္ခ နစ်ကီအာရှာက “အရင်သုတေသနအရ အချက်အလက်အမှားကို ထပ်ပြီးအသုံးပြုမယ်ဆိုရင် ပိုပြီး ယုံကြည်သွားနိုင်စေလိမ့်မယ်၊ ဒါပေမဲ့ အခု ကွဲပြားခြားနားတဲ့ အချက်ကတော့ ကောလာဟလတွေ ပျံ့နှံ့တဲ့နှုန်းက ဖော်ထုတ်ပြသနေတယ် ဆိုတာပါပဲ”လို့ ပြောခဲ့ပါတယ်။
မီဒီယာများနှင့် အုတ်အော်သောင်းတင်းဖြစ်သွားသော သတင်းမှားများ
Most Read
Most Recent
14 hours ago
14 hours ago
14 hours ago