ဟံသာဝတီဦးဝင်းတင်သည် မိမိကို သတင်းစာပညာ သင်ကြားပေးသော ရှေးဦးဆရာထဲတွင် တစ်ဦးအပါအဝင်။ မှတ်မှတ်ရရဆိုလျှင် ၁၉၅၈ ခု ဩဂုတ်လ ၂၆ ရက်မှာ ဆရာဦးဝင်းတင်နှင့် စဆုံသည်။ ဆုံသည့်နေရာက ၃၇ လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ စာပေဗိမာန် အဆောက်အအုံ ပထမထပ်မှာ။ ယင်းအထပ်တွင် သတင်းစာဆရာအသင်း BTS တို့ပူးပေါင်း၍ သတင်းစာအတတ်သင်ကျောင်း ဖွင့်ထားသည်။ မိမိက သတင်းစာပညာသင်ကျောင်းသား။ ဆရာက သတင်းစာပညာ သင်ပေသည့် ကထိက။ ဆရာပို့ချသည့် ဘာသာရပ်က သတင်းစာဆိုင်ရာ ပုံပြသရုပ်ဖော်ပညာ (Journalism - make up)။မြန်မာ့အလင်းသတင်းစာတိုက်သို့ အလုပ်သင်သတင်းထောက်အဖြစ် မိမိစရောက်သည်က ၂၅-၁၂-၁၉၅၇ နာတာလူးနေ့။ မြန်မာ့အလင်းက ထားပေး၍ သတင်းစာကျောင်းသို့ မိမိရောက်ရှိခြင်းပင်။ပထမဆုံးကျောင်းစဖွင့်သည့်နေ့ဖြစ်၍ သင်ကြားရေးအပိုင်း မစသေးပါ။ တပည့်တွေနှင့် သင်ကြားမည့်ကထိကတို့ အပြန်အလှန် မိတ်ဆက်စကား ပြောကြ ဆရာတပည့်တွေ မောင်မယ်သစ်လွင်ဘဝနှင့် ပျော်စရာအချိန်များပင်။ယင်းနောက် မိမိတို့ဖိတ်ကြား၍ ဆရာဦးထင်ဖတ် (မောင်ထင်)။ ဆရာအိုးဝေ ဦးညိုမြ (မောင်သုမန) နှင့် ဆရာဦးဝင်းတင် (ပေါ်သစ်) တို့ သုံးဦး မိမိတို့နှင့်ပါလာသည်။ စာပေဗိမာန်ဘေးက မေတ္တာတော်လက်ဖက်ရည်ဆိုင်မှာ တွေ့ဆုံကြသည်။ သတင်းစာပညာ သင်ကြားပေးသော ကျောင်းဆရာသုံးဦးနှင့် သတင်းစာပညာသင် တပည့် ၇ ဦးတို့ လက်ဖက်ရည်ဝိုင်းဖြင့် မျက်နှာစုံညီ တွေ့ဆုံကြခြင်းပင်။မိမိတို့ဘက်က ဦးဝင်းနိုင် (အင်းစိန်) (ယခင်ခေတ်သစ္စာအယ်ဒီတာချုပ်)၊ ဦးမောင်တင် (မဟာဝိဇ္ဇာ)၊ (တက္ကသိုလ်နှင်းဝေ) (ယခင် စစ်တွေတက္ကသိုလ် မြန်မာစာကထိက)၊ ကိုတင်မောင်အေး (ယခင် ဘွင်းဘွင်းနေ့စဉ် သတင်းထောက်ချုပ်)၊ ကိုဝင်းဌေး (ယခင် မြန်မာ့အလင်းသတင်းထောက်ချုပ်)၊ ဒေါက်တာ ဦးသိန်း (ကထိက၊ လ/ထကျန်းမာရေးမှူးကျောင်း)၊ ဒေါ်စန်းစန်း (အလုပ်သမားအရာရှိ) ၁၉၉ဝ ပြည့် ဆိပ်ကမ်းမြို့နယ် NLD အမတ်နှင့် မိမိတို့ပင်။သတင်းစာလောကတွင် ဆရာဦးဝင်းတင်ထက် ဆရာဦးထင်ဖတ်(မောင်ထင်)နှင့် ဆရာဦးညိုမြတို့က အသက်လည်း ကြီးသည်။ ဝါလည်း ကြီးသည်။ ထိုသတင်းစာဆရာကြီး ၂ ဦးသည် မြန်မာသတင်းစာလောကတွင် ကြေးမုံ ဦးဝင်းတင်၏ ဆရာများဖြစ်ကြသည်။ဆရာသုံးဦးစလုံးက တိုရှင်းလိုရင်းဖြစ်သော ထိရောက်ထက်မြက်သော၊ တစ်သက်တာ မှတ်သားဖွယ်ရာ ဩဝါဒကထာပေး၏။ ယင်းသုံးဦးထဲမှာ ဆရာဦးညိုမြ၏ အတိုဆုံး အဆိုအမိန့်က “မြန်မာသတင်းစာလောကကိုချစ်ပါ” ဟူ၍ပင်။ဆရာမောင်ထင်က ဖြစ်တတ်သောသဘာဝကို အသိနှင့်ယှဉ်ရန် သတိပေးစကား ဆိုသည်။ သတင်းစာသမားဖြစ်လာလျှင် ဘဝင်မြင့်ချင်သည်။ စင်စစ် မိမိသည် သတင်းစာဖတ်ပရိသတ်ကို သတင်းမှန်ပေးရမည့်သူသာ ဖြစ်သည်။ သတင်းမှန်ကို ငါအမြဲပေးနိုင်သူအဖြစ်သာ အထင်ကြီးပါ”တဲ့။ဆရာဦးဝင်းတင်က ဒီလိုပြောသည်။ “သတင်းစာသမားသည် အခြေခံ ရိုးသားရမည်။ ဘက်မလိုက်ရဆိုကာ အလယ်တည့်တည့်က ရပ်နေသည့် လှေနံနှစ်ဖက်နင်း အနေအထားသည် မမှန်ပါ။ သတင်းစာသမားသည် အမှန်တရားဘက်က အဖိနှိပ်ခံ ပြည်သူလူထုဘက်က ရပ်တည်ပေးရမည်” ဟု ပြတ်ပြတ်သားသား ဆိုမိန့်သည်။၁၉၅၉-၆ဝ က ကြေးမုံအပိတ်ခံထားရခိုက် ဆရာဦးညိုမြ၏ ပြည်သူ့အိုးဝေကို ဆရာဦးဝင်းတင် ကိုင်ပေး၏။ မိမိလည်း မြန်မာ့အလင်းတစ်ဖက်နှင့် ဆရာ့လက်အောက်မှာ ဆရာဦးညိုမြအတွက် ကြေးမုံဝင်းဌေးနှင့်အတူ ပြည်သူ့အိုးဝေကို ကူပေးရ၏။ယင်းကာလက ဦးဝင်းတင်သည် ကြေးမုံမှာ သတင်းအယ်ဒီတာ။ အယ်ဒီတာချုပ်က NLD ဆိပ်ကမ်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်း၏ အစ်ကိုကြီး ဦးခင်မောင်ရီ (စိန်ခင်မောင်ရီ)။ ၁၉၆၃ ခုနှစ်မှာ တော်လှန်ရေးအစိုးရက စိန်ခင်မောင်ရီကို ဖမ်းချုပ် ထိန်းသိမ်းလိုက်သည်။ ထိုအခါ ဦးဝင်းတင်က ယာယီအယ်ဒီတာချုပ်။ ယင်းမှာအချိန်ပိုင်းသဘောဖြင့် ကြေးမုံမှာ မိမိဝင်လုပ်ပေးသည်။မြန်မာ့တပ်မတော် (ရေ) က မြိတ်ကျွန်းစုရှိ ကျွန်းပေါင်း ၈ဝဝ ကျော်ကို စနစ်တကျ ထိန်းသိမ်းကွပ်ကဲဖို့ စီစဉ်သည်။ ဤသတင်းကို မိမိရေးလိုက်ရာ ကြေးမုံမှာ မျက်နှာဖုံးသတင်း ပါလာသည်။ သတင်းဆုအဖြစ် ထိုခေတ်က ရွှေငါးမူးသားနှင့် ညီမျှသော ငွေကြေးကို ဆရာက မိမိအား ချီးမြှင့်သည်။ မိသားစု ပျော်ရွှင်ကြည်နူးရသည့်ကာလပင်။ယင်းနောက် ရန်ကုန်ရှိ ဟံသာဝတီသတင်းစာတိုက်သည် မန္တလေးသို့ ပြောင်းသွားရာ ထိုမှာ ဆရာဦးဝင်းတင်သည် ဟံသာဝတီ၏ အယ်ဒီတာချုပ် ဖြစ်လာသည်။ မိမိတို့ မန္တလေးရောက်တိုင်း ဆရာသည်အလွန်ဂရုစိုက်သည်။ ရထားလက်မှတ်ကအစ စီစဉ်ပေးသည်။မိမိတို့ စားဖို့သောက်ဖို့ တည်းဖို့ခိုဖို့က ဆရာ့ ရိက္ခာ ဆရာ့ဘဏ္ဍာပင်။၈၈ အရေးအခင်းမှာ ဆရာသည် စာရေး ဆရာမောင်သော်ကနှင့်တွဲ၍ စာပေနှင့်စာနယ်ဇင်းသမဂ္ဂ တည်ထောင်သည်။ မိမိနှင့် ဆရာတွေ့တော့ သတင်းထောက်အသင်း BRA ကို ဥက္ကဠဟောင်း ဦးအောင်ညွန့် (ငှက်ကျား)နှင့်ပူးပေါင်း၍ အကောင်အထည်ဖော်နေသည်ကို အားပေးသည်။ ၁ဝ၉ ဦးတက်သော BRA ပြန်ဖွဲ့ပြီး ဥက္ကဠတာဝန် ကျွန်တော်ယူသည်ကို ဆရာကဖြစ်အောင် အကောင်အထည်ဖော်ဟု တိုက်တွန်းသည်။၈၈ ကာလအတွင်း ဆန္ဒဖော်သံနေ့စဉ် သတင်းစာကို ဆရာနှင့်ကျွန်တော်တို့ နေ့စဉ်ထွက်အောင် စာကူးစက်ဖြင့် လုပ်ခဲ့၏။ ဆန္ဒဖော်သံထုတ်ဝေသူသည် စပယ်ဦး ကိုတင်စိုး ဖြစ်၏။NLD ဖွဲ့သောအခါ ဆရာသည် တတ်သိပညာရှင်အဖွဲ့အတွက် အတွင်းရေးမှူးဖြစ်လာစဉ် ထိန်းသိမ်းခံလိုက်ရရာ ထောင်ထဲမှာ ၁၉ နှစ်ကြာသွား၏။ ၁၈-၄-၂ဝဝ၄ နေ့က သူ၏ ညီငယ်တစ်ဦးလိုဖြစ်သော စာရေးဆရာ ကဗျာဆရာမောင်စွမ်းရည်က ဆရာဦးဝင်းတင်ကို ဒီလိုဂုဏ်ပြု၏။“လူ့ငရဲမှာ၊ လူ့သရဲတွေ၊ အိုးခွဲသလို၊ လူကိုရိုက်ခွဲ၊ ဆိုဆဲထောင်းထု၊ ရက်စက်မှုတို့၊ ပြုသမျှဒဏ်၊ အံကြိတ်ခံခဲ့၊ သင့်မာန်တဲ့ တစ်ပါး၊ ကမ္ဘာကြားပြီ။” ဟူသောကဗျာပင်။လူထုကိုချစ်သော လူထုကြားက ပေါက်ဖွားလာသော လူထုအတွက် အနစ်နာခံစွန့်လွှတ်ခဲ့သော ဆရာသည် လူထုအတွက် ရုန်းကန်လှုပ်ရှားရင်းမှာပင် ၂၁-၄-၂ဝ၁၄ နေ့မှာ အသက်ဇီဝိန် ချုပ်ငြိမ်းခဲ့၏။ လူထုကိုချစ်သော လူထုကချစ်သော ပြည်သူ့သတင်းစာဆရာကြီး ဦးဝင်းတင် တကယ်တော့ မသေပါ။ လူထုကြားမှာ ရှိနေလျက်ပါ။
သတင်းစာကျောင်းက ဆရာဦးဝင်းတင်
Most Read
Most Recent
14 hours ago
14 hours ago
14 hours ago